Transparency Myanmar

transparency.myanmar@gmail.com

ပြည်ထောင်စု ဒုတိယ၀န်ကြီးများနေရာအတွက် ဒီမိုကရေစီအင်အားစုများမှ နှစ်နေရာရရှိနိုင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှသာ ကြီးစိုးထားသော ပြည်ထောင်စု အစိုးရဝန်ကြီးအဖွဲ့တွင် ဒုတိယဝန်ကြီးများအဖြစ် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ(NDF)နှင့် ရခိုင်အမျိုးသားတိုးတက်ရေးပါတီ (RNDP)မှ အနည်းဆုံး နှစ်နေရာရရှိမည်ဖြစ်ကြောင်း နေပြည်တော်မှလာသောသတင်းများနှင့် လွှတ်တော် အမတ် များ အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

သတင်းဆန်းစစ်သူတစ်ဦးက "ဒေါက်တာ မြတ်ဥာဏစိုးက လွှတ်တော်ထဲမှာ တော်တော်လေး ထက်ထက်မြက်မြက် လုပ်ကိုင်ထားတာ ရှိပါတယ်။ ဒေါက်တာအေးမောင်ဆိုလဲ ဒုတိယသမ္မတလောင်းအဖြစ် တညီတညွတ်တည်း တင်ခဲ့ကြတာ။ ဘယ်သူပဲဖြစ်ဖြစ်ပါ ခုလိုမျိုးလေး ပါဝင်ခွင့်ရမယ်ဆိုတော့ အနည်းနဲ့အများတော့ အပြောင်းအလဲလေး ဖြစ်သွား တာပေါ့ " ဟုဆိုသည်။

ယခုအချိန်ထိ ပြည်ထောင်စုလွှတ်တော်အမတ်နေရာ ၃၀ကျော် လစ်လပ်သွားသည့်အတွက် ယင်းနေရာများအတွက် ကြားဖြတ်ရွေးကောက်ပွဲကို မကြာမီ(မတ်လပထမပါတ်ခန့်အတွင်း) ကျင်းပဖွယ်ရှိကြောင်း၊ ပြည်ထောင်စု လွှတ်တော်အမတ်များ အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။

ပြည်ထောင်စုဝန်ကြီးအဖွဲ့တွင် ဝန်ကြီးဌာန ၃၄ခုအတွက် ရွေးချယ်ခြင်းခံရသူ ၀န်ကြီး ၃၀မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တပ်မတော်သားများသာ ဖြစ်ကြသည်။ အလားတူ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များတွင်လည်း ဝန်ကြီးချုပ်များမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှသာ ဖြစ်ကြသည်။

The CJs News

-----------------------------------------------------------------------------------------------------------------------------------

ရှမ်းပြည်နယ် အင်းလေးဒေသမှ ပြည်သူများအတွက် ဝန်ကြီး ဦးဝင်းမြင့်မှ ကတိစကားပြောကြား


          ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်မြတ်(ခ)စဝ်အောင်မြတ်က ဝန်ကြီးအမည်စာရင်းကိုတင်သွင်း၍ အင်းလေးဒေသဝန်ကြီးအဖြစ် အင်းအမျိုးသားပါတီဥက္ကဋ္ဌ ဦးဝင်းမြင့်အား တာဝန်ပေးအပ်ခဲ့သည်။ ဝန်ကြီးဦးဝင်းမြင့်သည် ရှမ်းပြည်နယ်အတွင်းရှိ အင်းသူအင်းသားများဖွံ့ဖြိုးတိုးတတ်ရေးအတွက် အစွမ်းကုန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကတိပေးပြောကြားခဲ့သည်။

            အင်းလေးဒေသဝန်ကြီးဦးဝင်းမြင့်သည် မိမိအနေနှင့် ဝန်ကြီးအဖြစ်တာဝန်ပေးအပ်ခြင်းမခံရမီကတည်းက အင်းလေးဒေသဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်သွားရန် ရည်ရွယ်ချက်ရှိကြောင်း၊ ပါတီ၏အဓိက လုပ်ငန်းစဉ်များထဲတွင်လည်း အင်းလေးဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ ပါဝင်ကြောင်း၊ မိမိတို့သည်လည်း ပြည်သူမှ ရွေးချယ် ထားသော အဖွဲ့အစည်းဖြစ်သည့်အတွက် ပြည်သူ့မျက်နှာ တစ်ခုတည်းကိုသာကြည့်၍ ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

            အင်းလေးဒေသသည် မြန်မာနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်နိုင်သည့် အရပ်ဒေသတစ်ခုဖြစ်သော်လည်း နွေရာသီ၌ ရေများခန်းခြောက်လာသည့် ကိစ္စရပ်နှင့်ပတ်သတ်၍ ဆက်လက်လုပ်ဆောင်သွားမည့်အပိုင်းကို မေးမြန်းရာတွင်လည်း အင်းလေးကန်သည် နွေရာသီတွင် ရေများခန်းခြောက်ရခြင်းမှာ ရေအဝင် နည်းခြင်းကြောင့် ဖြစ်ကြောင်း၊ ထို့ကြောင့်၎င်းကိစ္စအတွက် ရေဝေရေလဲ ရှိသည့်ဒေသများတွင် သစ်ပင်များစိုက်သွား၍ အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အင်းသူအင်းသားများမှာလည်း အင်းလေးကန် ရေရရှိရေး လုပ်ဆောင်သွားမည့်ကိစ္စရပ်များအပေါ် အထူးစိတ်ဝင်စားမှု ရှိကြောင်း၊ မိမိအနေနှင့် ဆက်လက် လုပ်ဆောင်သွားရမည့် ကိစ္စရပ်များကို သက်ဆိုင်ရာ လူကြီးများနှင့် ညှိနှိုင်း၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းပြောခဲ့သည်။

            အင်းလေးဒေသအတွင်းတွင် အဓိက လုပ်ဆောင်ရန် ကျန်နေသေးသည့် ပြသနာမှာ အင်းလေးဒေသအတွင်း လျှပ်စစ်မီးရရှိရေးပင်ဖြစ်သည်။ အင်းလေးဒေသတွင် လျှပ်စစ်မီး မရရှိသည့်အတွက် သစ်တော ပြုန်းတီးမှုများအဆမတန် မြင့်တတ်လျက်ရှိကြောင်း သိရသည်။

       အင်းလေးဝန်ကြီး ဦးဝင်းမြင့်က အခွန်အတုတ်ကိစ္စနှင့်ပတ်သတ်၍ ပြောကြားရာ၌ နိုင်ငံတော်အား ပေးဆောင်ရမည့် အခွန်များတွင် ပြည်သူများအတွက် အခက်အခဲဖြစ်စေနိုင်သော အခွန်အတုတ်များ ပါလာပါက ပြင်ဆင်မည်ဖြစ်ကြောင်း၊ လက်ရှိစီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေး စနစ်ဖြစ်သည့်အတွက် စီးပွားရေး လုပ်ငန်း များနှင့် သုံးသပ်၍ ပြင်ဆင်သွားမည်ဖြစ်ကြောင်း၊ မိမိအနေနှင့် အင်းသူအင်းသားများ၏ အကျိုးကို အစွမ်းကုန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အကယ်၍ မလုပ်ပေးနိုင်ပါက ဝန်ကြီးအဖြစ်မှ ချက်ချင်း နှုတ်ထွက်ပေးမည်ဖြစ်ကြောင်း ဝန်ကြီး ဦးဝင်းမြင့်မှ ကတိပေးပြောကြားခဲ့သည်။


--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment