ဓမ္မာရုံနေရာတောင်းရာမှ ပြည်ခိုင်ဖြိုးနှင့်ရပ်ကွက်တင်းမာမှုဖြစ်ပွား
ရန်ကုန်၊ ဖော်ဖော်ဝါရီ ၂၀။
ဗဟန်းမြို့နယ် ဦးချစ်မောင်မှတ်တိုင်အနီးရှိ နှစ်ကျိတ်ရှစ်ဆူဓမ္မာရုံကြီး၏ ဒုတိယထပ်ကို ပြည်ခိုင်ဖြိုးပါတီ၏ ဗုဒ္ဓဘာသာအသင်းဖွင့်လှစ်ရန် နေရာတောင်းရာမှ ဓမ္မရုံဂေါပကအဖွဲ့နှင့်သာမက ရပ်ကွက်နေ ပြည်သူလူထုနှင့်ပါ တင်းမာမှု ယနေ့ နေ့လည်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်ပွားပုံမှာ ပြည်ခိုင်ဖြိုးပါတီမှ ထူထောင်ထားရှိသော ဗုဒ္ဓဘာသာအသင်းအတွက် ရုံးခန်းထားရှိရန် နှစ်ကျိတ်ရှစ်ဆူဓမ္မာရုံ၏ ဒုတိယထပ်ကိုပေးရန် ပြည်ခိုင်ဖြိုးပါတီမှသူများ ရောက်ရှိလာကြကြောင်း၊ အစပထမတွင် ဓမ္မာရုံဂေါပက လူကြီးများက ယာယီအနေဖြင့်ဖွင့်ခွင့်ပေးနိုင်ကြောင်း ဖယ်ရှားပေးမည့်အချိန်ကို စာချုပ်စာတမ်းဖြင့် ကတိပြုထားစေလို ကြောင်း ပြန်လည်ပြောကြားခဲ့သော်လည်း ပြည်ခိုင်ဖြိုးပါတီမှ စစ်ထွက်အရာရှိတစ်ဦးက " ကျွန်တော်တို့စစ်တပ်ဆိုတာ ရှေ့သို့ပဲ ရှိတယ်၊ နောက်မဆုတ်ဘူး" ဟု ရိုင်းပြစွာပြန်လည်ပြောဆိုခဲ့သဖြင့် ဓမ္မာရုံတွင် အစည်းဝေးတက်ရန် ရောက်နေသော ဆွမ်းလောင်းအသင်းရှိ လူငယ်များက မခံချင်စိတ်ဖြင့် ပြန်လည် ဝင်ရောက်ပြောဆိုရာမှ ခွန်းကြီးခွန်းငယ် စကားများခဲ့ကြကြောင်း သိရသည်။
ထို့နောက် အပြန်အလှန်စကားများကြရင်းမှ ရပ်ကွက်နေလူထုပါ ပါဝင်လာကြပြီး လမ်းပြည့်လျှံလာသည်အထိ ကျယ်ပြန့်လာခဲ့ပြီးမှ စစ်တပ်ကအရာရှိက "ကျွန်တော်စကားမှားသွားပါတယ်'' တောင်းပန်ကာ ပြန်လည်ထွက်ခွာ သွားကြသည်ဟု သိရသည်။
နှစ်ကျိတ်ရှစ်ဆူဓမ္မာရုံကြီးသည် အရပ်သူအရပ်သားများ၏ကောင်းမှုဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ကာ သက်တမ်း အတော်ကြာမြင့်ပြီဟု သိရသည်။
--------------------------------------------------------------------------------------------------------------------------------
ဒေါ်လာဈေး အတတ်အကျ ဈေးနှုန်းတည်ငြိမ်မှုမရှိသေး
ရန်ကုန်၊ ဖော်ဖော်ဝါရီ ၂၀။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၌ ပြောင်းလဲလာသည့် နိုင်ငံရေး အခင်းအကျင်းသစ်များနှင့်အတူ နိုင်ငံခြား ငွေကြေးများလည်း တည်ငြိမ်မှုမရှိပဲ ပြောင်းလဲနေသဖြင့် စီးပွားရေးလုပ်ငန်းရှင် အများစုမှာ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် ခက်ခဲလျှက်ရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်များမှ ပြောဆိုလျက်ရှိကြသည်။
ဒေါ်လာဈေးမှာ ငြိမ်သက်မှုမရှိပဲ အတတ်အကျ မြန်ဆန်လျှက်ရှိနေသေးကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ အနေ နှင့်လည်း လုပ်ငန်းများကို လုပ်ကိုင်ရန်မှာ နိုင်ငံခြားငွေ အတတ်အကျကို စောင့်ကြည့်ခန့်မှန်းနေရကြောင်း နိုင်ငံခြားသို့ Export- Inport လုပ်ကိုင်လျက်ရှိသော လုပ်ငန်းရှင်တစ်ဦးမှ ပြောကြားခဲ့သည်။
နိုင်ငံခြားငွေဈေးကွက်မှာ ဇန်နဝါရီလ၌ ကျဆင်းသွားခဲ့ကြောင်း၊ နိုင်ငံရေးပြောင်းလဲမှုများနှင့်အတူ ယခုလမှ စတင်၍ နိုင်ငံခြားငွေ အတတ်အကျပေါ်မူတည်ကာ စီးပွားရေးလုပ်ငန်းများပြန်လည်လုပ်ကိုင်နေရကြောင်း၊ နောက်ဆုံး ဒေါ်လာ ဈေးကွက်မှာ ကျပ် ၁၀၀၀ ထိ တက်ရိပ်ပြသွားကြောင်း၊ ထို့ကြောင့် နိုင်ငံခြားငွေ ဒေါ်လာကိုကိုင်၍ ဈေးကစားနေရကြောင်း နိုင်ငံခြားငွေဖြင့် အလုပ်လုပ်ကိုင်လျှက်ရှိသည့် ပြည်တွင်းကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ယခင်လ ၌ ဒေါ်လာဈေးကွက်မှာ ဝယ်လိုအားနှင့် ရောင်းလိုအား မမျှသည့်အတွက် ပြန်လည်ကျဆင်းသွားခဲ့ကြောင်း၊ ယခုမြင့်တတ်လာသော ကာလအတွင်း ဒေါ်လာဈေး တစ်ကျပ်လျှင် ၉၃၀ ဝန်းကျင်ခန့်ပေါက်ခဲ့ကြောင်း၊ ဖေဖော် ဝါရီလ ၁၇ ရက်နေ့တွင်မူ ဒေါ်လာဈေးမှာ ၉၀၀ ကျပ်သာရှိတော့ကြောင်း နိုင်ငံခြားငွေ အရောင်းအဝယ်ပြုလုပ်လျှက်ရှိသော ပုဂ္ဂိုလ်များထံမှ သိရှိရသည်။
နိုင်ငံတွင်း၌ ဒေါ်လာဈေးမငြိမ်သက်မှုများ ဖြစ်ပေါ်နေသော်လည်း ဘုရင့်နောင်ပွဲရုံရှိ စားသောက်ကုန်အချို့မှာ တက်ရိပ်သာပြနေခြင်းကြောင်း၊ ဘုရင့်နောင်ပွဲရုံ၌ အခြေခံစားသောက်ကုန်လုပ်ငန်းလုပ်ကိုင်နေသူ လုပ်ငန်းရှင်များထံမှ သိရသည်။
ဖေဖော်ဝါရီလ (၁၇) ရက်နေ့၌ ဒေါ်လာဈေးမှာ တစ်ကျပ်လျှင် ဝယ်ဈေး ၉၀၀ ကျပ်ဖြစ်ပြီး၊ ရောင်းဈေးမှာ ၉၀၁-၂ ကျပ်ဝန်းကျင်၊ FEC ဈေးနှုန်းမှာ တစ်ကျပ်လျှင် ဝယ်ဈေး ၈၉၀၊ ရောင်းဈေး ၈၉၅ ကျပ်ဖြစ်နေကြောင်း ဝါရင့်နိုင်ငံခြားငွေ ရောင်းဝယ်ရေးလုပ်ကိုင်နေသူများထံမှ သိရှိရသည်။
--------------------------------------------------------------------------------------------------------------------------------
ကျိုက္ကဆံလမ်းမကြီးအား ဆက်လက်ခင်းကျင်းမှုမရှိသောကြောင့် သွားလာမှုအခက်ကြုံနေ
ရန်ကုန်၊ ဖော်ဖော်ဝါရီ ၁၉။
ရန်ကုန်မြို့တော်၏ အစည်ကားဆုံးလမ်းမကြီးများတွင် တစ်ခုအပါအဝင်ဖြစ်သော ကျိက္ကဆံလမ်းမကြီး၏ တာမွေ-ကျောက်မြောင်းလမ်းပိုင်းအား တစ်ပိုင်းတစ်စသာ ကွန်ကရစ်ခင်းကျင်းထားမှုကြောင့် သွားလာမှုများ အခက်အခဲ ကြုံတွေ့နေရကြောင်း ယာဉ်မောင်းအချို့နှင့် ခရီးသွားများထံမှ စုံစမ်းသိရှိရသည်။
ယင်းလမ်းပိုင်းတွင် ဆေးလိပ်၊ ကွမ်းယာဆိုင် ဖွင့်လှစ်ထားသူတစ်ဦးက " ဒီလမ်းက မြို့ထဲကလာတဲ့ ယာဉ်ကြောကိုပဲ တစ်ခြမ်းခင်းရသေးတာ။ ခင်းထားတဲ့အပေါ်လည်း တက်မောင်းလို့မရတော့ လမ်းဟောင်းတစ်ခြမ်းကပဲ ကားတွေလုယက်ပြီး မောင်းနေရတယ်။ ပြီးတော့ ညနေဘက်ဆိုရင်လဲ မြောက်ဒဂုံတို့ ဘာတို့သွားတဲ့ ဗိုက်ပူ(ချက်ပလက်)တို့၊ ဘီအမ်တို့က ဒီလမ်းပိုင်းမှာပဲ ဂငယ်ကွေ့ပြီး ပြန်ထွက်ကြတယ်။ ဆိုတော့ တခါတခါပိတ်နေရင် အကြာကြီးပဲ။"ဟု ပြောကြားသည်။
ယင်းလမ်းပိုင်းတွင် တာမွေဈေးနှင့် ကျောက်မြောင်းဈေးနှစ်ခု တည်ရှိခြင်း၊ မြောက်ဒဂုံ၊တောင်ဒဂုံ၊ သာကေတ၊ တောင်ဥက္ကလာ စသည့် မြို့နယ်များမှ မြို့တွင်းသို့သွားရာတွင် အချက်အချာကျသည့် လမ်းဆုံဖြစ်ခြင်း၊ လူနေထူထပ်ခြင်းတို့ကြောင့် မကြာခဏ ယာဉ်မတော်တဆမှုများ ဖြစ်ပွားလေ့ရှိကြောင်း၊ ယခုကဲ့သို့ လမ်းကြော ကျဉ်းနေမှုကြောင့် မတော်တဆမှုများ တိုးမြင့်လာဖွယ်ရှိကြောင်း ယင်းအနီးတွင် နေထိုင်သူများနှင့် ခရီးသည်များက ပြောကြားသည်။
ယင်းလမ်းပိုင်းကို ရွေးကောက်ပွဲအလွန် ဇန်န၀ါရီလ ဒုတိယအပတ်ကစတင်၍ တစ်ရက်လျှင် ဓါတ်တိုင်တစ်တိုင်နှုန်းဖြင့် ခင်းကျင်းခဲ့ရာ ကျောက်မြောင်းဈေးမှ တာမွေဗလီထိပ်မှတ်တိုင်အထိ တစ်ခြမ်းခင်းကျင်းပြီးသွားပြီဖြစ်ကြောင်း၊ ယင်းသို့ လမ်းများခင်းကျင်းမှုမှာ ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်း(လွှတ်တော်အမတ်)၏ ရွေးကောက်ပွဲအကြိုနှင့် ရွေးကောက်ပွဲအပြီး ၄င်းနေရာကောင်းရရှိရေး လှုပ်ရှားမှုများဖြစ်သည်ဟု ဝေဖန်သူများကဆိုကြောင်း၊ ယခုအခါ အစိုးရသစ်အတွက် နေရာခွဲဝေမှုတွင် ဦးအောင်သိန်းလင်းမပါဝင်ခြင်း၊ ထိန်းသိမ်းခံရသည်ဟု အချို့သတင်းများက ဆိုခြင်းများကြောင့် လမ်းဆက်လက်ခင်းကျင်းမှုကိစ္စမှာ မရေရာတော့ကြောင်း ယင်းရပ်ကွက်အာဏာပိုင်အချို့နှင့် သတင်းဆန်းစစ် သူအချို့ထံမှ စုံစမ်းသိရှိရသည်။
The CJs News
--Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.