Transparency Myanmar

transparency.myanmar@gmail.com

(18 Feb 2011 ရက်စွဲပါ DAWN.COM မှ Shada Islam ရေးသားသော EU's Myanmar Dilemma ကို ဘာသာ ပြန်ဆိုသည်။)

ဥရောပ သမဂ္ဂ အစိုးရများသည် အာဖရိက မြောက်ပိုင်းနှင့် အရှေ့ အလယ်ပိုင်းမှ လူငယ် တော်လှန်ရေးကို ခက်ခဲစွာ ကိုင်တွယ်ရန် ကြိုးစား နေချိန်တွင် မြန်မာ နိုင်ငံကို မူဝါဒအသစ်၊ မွမ်းမံ၍ ချမှတ်နိုင်ရန် ကြိုးစားလျှက် ရှိနေသည်။

          အီးယူနိုင်ငံ (၂၇) နိုင်ငံသည် ကာလ ကြာရှည်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုများကို ပြန်လည် သုံးသပ်ရန် စီစဉ်ပြီး ခက်ခဲသော စကား အခြေအတင် ပြောဆိုမှုများ လုပ်ခဲ့ ရပြီး ဧပြီလ (၃၀) ရက်တွင် အဖြေတစ်ခု ထွက်ရန် သတ်မှတ်ထားသည်။

          ဆွေးနွေးမှုများမှာ ခက်ခဲပြီး၊ စိတ်ပါလက်ပါ ဆွေးနွေးမှုများ ရှိခဲ့ပြီး ယခုအခါ ပိုမို ရှုပ်ထွေးလာသည်။ ပြီးခဲ့သည့် နိုဝင်ဘာလက အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးခဲ့ခြင်း၊ ရွေးကောက်ပွဲ လုပ်ပြီး ဦးသိန်းစိန် ခေါင်းဆောင်သော အရပ်သား အစိုးရသစ် ဖွဲ့စည်း လာခဲ့ချိန်တွင် မူဝါဒ တစ်ခုခု အဖြေထွက်ရန် အလျင်အမြန် လိုအပ်လာသည်။

          ဝေဖန် သုံးသပ်သူများက ရွေးကောက်ပွဲများသည် မသမာမှုများ ရှိပြီး၊ စစ်တပ်ကလည်း အာဏာ ချုပ်ကိုင်မှု ပပျောက်သွားခြင်း မရှိကြောင်း ပြောဆိုခဲ့သည်။ ပို၍ လက်တွေ့ကျသော ချဉ်းကပ်မှု အတွက် ဖိအား ပေးနေကြ သူများကမူ မည်သို့ပင် ဆိုစေ မြန်မာနိုင်ငံတွင် အခြေအနေများ ပြောင်းလဲခဲ့ပြီ ဖြစ်ကြောင်း၊ တရုတ် နှင့် အိန္ဒိယတို့ သြဇာ လွှမ်းမိုးမှုကလည်း ကြီးထွားလာကြောင်း၊ သို့ဖြစ်၍ အနောက်နိုင်ငံက မူဝါဒ ကို ပြန်လည် သုံးသပ်ရန် တောင်းဆိုလာကြသည်။ ထိုအချက်ကပင် ဥရောပ၏ ပြုပြင် ပြောင်းလဲလွယ်သော အပြုအမူကို မြင်သာသော လက္ခဏာ ဖြစ်ပြီး၊ အရေးယူမှု အချို့ကိုပင် ဖြေလျော့ပေးနိုင်ဖွယ် ဖြစ်သည်။

          အကယ်၍ ဒေါ်အောင်ဆန်းစုကြည်သာ ရှင်းရှင်း လင်းလင်း ပြတ်သားသော ရပ်တည်မှု ရှိမည် ဆိုပါက အီးယူ အနေဖြင့် ဆုံးဖြတ်ချက် ချမှတ်ရာတွင် ပို၍ လွယ်ကူမည် ဖြစ်သည်။ သို့သော် သူမသည် အဓိပ္ပါယ် ကောက်ရခက်သော အချက်ပြမှုများ ရှိခဲ့သည်။ သူမက အချို့ သတင်းထောက်များအား Sanction များကို ဆက်လက် ထားရှိရန် လိုကြောင်း ပြောခဲ့သော်လည်း တစ်ဖက်က နိုင်ငံခြား အစိုးရများကို သူမ၏ နိုင်ငံတွင် နည်းပညာ နှင့် အခြေခံ အဆောက်အဦးများ၌ ရင်းနှီး မြှုပ်နှံရန် တောင်းဆိုမှုများ ရှိခဲ့ ပြန်သည်။

          ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော NLD သည် မကြာသေးမီက ဒီမိုကရေစီ နှင့် လူ့အခွင့် အရေးကို အားပေးနိုင်ရန် Sanction များကို အကောင်းဆုံး မည်သို့ ပြုပြင် နိုင်ရေးအတွက် ဆွေးနွေးရန် အမေရိကန်၊ အီးယူ၊ သြစတြေးလျ နှင့် ကနေဒါတို့ကို တောင်းဆိုခဲ့သည်။

          NLD ၏ ကြေညာာချက်တွင်မူ ၎င်းတို့တောင်းဆိုမှုအတွက် အကြောင်းပြချက် မပေးခဲ့ပေ။ အချို့ တိုင်းရင်းသား ပါတီများ၊ အခြား အတိုက်အခံ ပါတီများက Sanction များသည် သာမန် ပြည်သူများကို ထိခိုက်သည့် အတွက် စီးပွားရေး Sanction များကို ရုတ်သိမ်းပေးရန် လူသိရှင်ကြား တောင်းဆိုခဲ့သည်။ ဥရောပရှိ သြဇာရှိသော မြန်မာနိုင်ငံနှင့် ပတ်သတ်သော အဖွဲ့တစ်ခုကမူ Sanction များ ရုတ်သိမ်းရေးကို ခိုင်ခိုင်မာမာ ဆန့်ကျင်နေဆဲ ဖြစ်သည်။

          European Burma Network က မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး အခြေအနေများကို တိုးတက်မှု မရှိခြင်း၊ စစ်မှန်သော ဒီမိုကရေစီအတွက် တိုးတတ်မှုများ မရှိခြင်းအတွက် စိုးရိမ် ပူပန်မှုများကို ပြောကြားခဲ့သည်။ အစိုးရသစ်က NLD ခေါင်းဆောင်များအား သတိပေးရာတွင် တိုင်းပြည်ရှိ နိုင်ငံရေး အရ အမှန်တရားများကို အသိအမှတ် မပြုပါက ကြေကွဲဖွယ် ဇာတ်သိမ်း ရမည်ပာု ဆိုလိုသည်။

          အရှေ့တောင် အာရှ နိုင်ငံများအသင်း အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ ကလည်း ဝါရှင်တန်နှင့် ဘရပ်ဆဲ တို့အား မြန်မာနိုင်ငံတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စေရန် Sanction များ ရုတ်သိမ်းပေးရန် တောင်းဆိုခဲ့သည်။ "သို့သော် ပိတ်ဆို့မှုများ ရုတ်သိမ်းရေးနှင့် ပြန်လည် ပေါင်းစည်းရေးမှာ အတူ တွဲ၍ ရှိသင့်သည် ဆိုသည်ကို သတိရ နေသင့်သည်" ပာု အာဆီယံ ကြေညာချက်တွင် ဖော်ပြထားသည်။

          အီးယူ အဖွဲ့ဝင် နိုင်ငံများကလည်း သဘောထား ကွဲပြားနေပြီး ဆုံးဖြတ်ချက် မချနိုင် ဖြစ်နေသည်။ နိုင်ငံခြားရေးနှင့် လုံခြုံရေး မူဝါဒဆိုင်ရာ အီးယူ၏ အဆင့်မြင့် ကိုယ်စားလှယ် Catherina Ashton က ပြောကြားရာတွင် သူမအနေဖြင့် ပါလီမန် အသစ်နှင့် အစိုးရသည် ပြည်သူများအပေါ် မည်မျှ အကျိုးရှိသည် ဆိုသည်နှင့် လူ့အခွင့်အရေး အပေါ် အစိုးရ၏ ရပ်တည်ချက်များကို အနီးကပ် စောင့်ကြည့်သွားမည်ပာု ဆိုခဲ့သည်။ ဗြိတိန်ကမူ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားမှု ကြောင့်ချည်း မပာုတ်ပဲ Sanction များကို ထောက်ခံနေဆဲ ဖြစ်သည်။

          သို့သော် မကြာသေးမီက ဝီကီလိခ် ဝက်ဆိုဒ် တွင် အမေရိကန် သံတမန် ကေဘယ် မှ ပေါက်ကြားမှုများကို ဖော်ထုတ်ရာ၌ အီးယူက မြန်မာနိုင်ငံနှင့် ပြန်လည် ဆက်ဆံရေး အတွက် အီတလီ၊ စပိန် နှင့် ဂျာမနီ တို့က ကြိုးစားလျှက် ရှိသည်ပာု ဆိုသည်။အီးယူ Sanction များကို ၁၉၉၆ ခုနှစ်က စတင်ခဲ့ပြီး လက်နက် ရောင်းဝယ်မှု ပိတ်ပင်ခြင်း၊ ပြည်တွင်း ဖိနှိပ်မှုတွင် အသုံးပြုသည့် ကိရိယာများ၊ ပိတ်ပင်ခြင်း၊ ပစ်မှတ်ထားသည့် ငွေကြေး အရေးယူမှုများ ချမှတ်ခြင်း၊ စစ်အစိုးရ ခေါင်းဆောင်များနှင့် မိသားစုဝင်များ ဥရောပတွင် ခရီး သွားလာခွင့် ပိတ်ပင်ခြင်း များ ပါဝင်သည်။

          အီးယူသည် မြန်မာနိုင်ငံတွင် အတင်းအဓမ္မ လုပ်အားပေး စေခိုင်းမှုများ ရှိခြင်းကြောင့် မြန်မာ ပို့ကုန်များ အပေါ် generalised system of preserence (GSP) စနစ်ကို ဖျက်သိမ်းခဲ့သည်။ ဝေဖန် သုံးသပ်သူများက ပြောကြားရာတွင် အတင်းအဓမ္မ လုပ်အားပေး စေခိုင်းမှု အဖြစ်အပျက်များမှာ အတည်ပြု နိုင်ကြောင်း၊ စစ်တပ် အတွင်းမှာသာ ဖြစ်ပွားကြောင်း ပြောကြားခဲ့သည်။

          GSP ရုတ်သိမ်းမှုကြောင့် အထည် အလိပ်များနှင့် ငါးလုပ်ငန်း ထုတ်ကုန်များ တင်ပို့ရာတွင် ထိခိုက်မှုများ ရှိသည်ပာု ဆိုရပါမည်။ ထို့အပြင် သစ်၊ သတ္တု နှင့် တန်ဖိုးကြီး ရတနာများ ပို့ကုန် သွင်းကုန် ပြုလုပ်ခြင်းကို တားမြစ်ထားပြီး၊ အစိုးရပိုင် သို့မပာုတ် အစိုးရ နှင့် ပတ်သက်သော ကုမ္ပဏီများ ရင်းနှီး မြှုပ်နှံမှု ကိုလည်း ပိတ်ပင်ထားသည်။

          အီးယူသည် Sanction များ၏ ထိရောက်မှုများ အတွက် ပြည်တွင်း အကဲဖြတ်ခြင်းများ ပြုလုပ်ခဲ့ သော်လည်း လူသိရှင်ကြား ထုတ်ပြန်ခဲ့ခြင်း မရှိပေ။ အနောက်နိုင်ငံ စီးပွားရေး ပိတ်ဆို့မှုများ၏ သက်ရောက်မှုများသည် နိုင်ငံရေးတွင်ရော ပြည်သူများ အပေါ်တွင်ရော ဆိုးရွားသော သက်ရောက်မှုများ ရှိသည်ပာု အီးယူမှာ အပြောခံခဲ့ရသည်။ Sanction များကို ဆက်လက် ရှိနေ စေခြင်းဖြင့် မြန်မာ့ စီးပွားရေး နာလံထူမှုတွင် အကန့် အသတ်များ ရှိစေပြီး လျှို့ဝှက်သော အစိုးရကို ပိုမို အထီးကျန် စေမည် ဖြစ်သည်ပာု စိုးရိမ်မှုများ ရှိလာသည်။

          အမှန်တကယ်ပင် အီးယူက Sanction များကြောင့် ဘာမျှ လုပ်၍ ကိုင်၍ မရ ဖြစ်နေချိန်တွင် တရုတ်၊ အိန္ဒိယ နှင့် အခြား အရှေ့တောင် အာရှ နိုင်ငံများတွင် မြန်မာ နိုင်ငံတွင် စီးပွားရေးအရ နယ်ချဲ့ နိုင်ခဲ့သည်။ ၎င်းတို့သည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် နိုင်ငံရေး အခြေအနေများကို လစ်လျူရှု၍ မြန်မာနိုင်ငံ၏ များပြားလှသော သဘာဝ သယံဇာတများတွင် ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ခဲ့ကြသည်။

          The Financial Times က မကြာသေးမီက သတင်း ရေးသားခဲ့ရာ၌ တရုတ်သည် ဒေါ်လာ (၉) ဘီလီယံတန် ရေအား လျှပ်စစ်စက်ရုံ တည်ဆောက်လျှက် ရှိပြီး၊ တရုတ် တောင်ပိုင်း ကူမင်းမှ အန်ဒမန် ပင်လယ်အထိ ရေနံပိုက်လိုင်း တည်ဆောက်လျှက် ရှိသည်ပာု ဖော်ပြထားသည်။ ထိုင်း ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခု ဖြစ်သော Italthai သည် ဒေါ်လာ (13.5) ဘီလီယံ တန်ဘိုးရှိ မြန်မာနိုင်ငံ တောင်ပိုင်း ထားဝယ်တွင် ဆိပ်ကမ်း၊ စက်မှုဇုန် နှင့် ထိုင်း သို့ ဆက်သွယ်သော ရထားလမ်း ပါဝင်သော စီမံကိန်းကို လက်မှတ် ရေးထိုးနိုင်ခဲ့သည်။

          အီးယူ အစိုးရများ အနေဖြင့် မူဝါဒကို ပြန်လည် သုံးသပ်ရန် ပြင်ဆင်နေရာ ပို၍ ပာန်ချက် ညီသော မူဝါဒ မည်သို့အကောင်းဆုံး အကောင်အထည် ဖော်နိုင်မည် ဆိုသည်ကို စဉ်းစားလိမ့်မည် ဖြစ်သည်။ သို့ဆိုလိုက်ခြင်းကြောင့် သြဇာ လွှမ်းမိုးနိုင်စွမ်း ရှိသည့် ဒေါ်အောင်ဆန်းစုကြည်အား ဖိနှိပ်မှု၏ သားကောင်အဖြစ် ဆက်လက် ထောက်ခံကြရမည် ဖြစ်သော်လည်း၊ Sanction များနှင့် ပတ်သတ်၍ သူမ၏ အမြင်များကို ချွင်းချက်မရှိ နောက်မှ လိုက်ရမည် ဆိုသည်ကိုမူ သတိထား၍ စဉ်းစား ကြရမည် ဖြစ်သည်။ တိုင်းသူ ပြည်သူများ အပေါ် အကောင်းဆုံး ပေးနိုင်မည့် ကိစ္စရပ်များနှင့် ပိုမို ကျယ်ပြန့်သည့် ပထဝီ နိုင်ငံရေး နှင့် ဆိုင်သောလုပ်ဆောင် ဖွယ်ရာများကို ပိုမို နက်ရှိုင်းစွာ ခွဲခြမ်း စိတ်ဖြာ ကြည့်ရမည် ဖြစ်သည်။ ထိုသို့ ပြုလုပ်ရန် ခက်ခဲကောင်း ခက်ခဲမည် ဖြစ်သော်လည်း၊ ယခု စတင် ဆွေးနွေးရန် အချိန် ကျပြီ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment