Transparency Myanmar

transparency.myanmar@gmail.com

ရန်ကုန် ဘားကမ့် ၂၀၁၁ ပထမနေ့ အောင်မြင်စွာဖွင့်လှစ်ခဲ့

ဖေဖော်ဝါရီ ၁၉

ရန်ကုန်ဘားကမ့် ၂၀၁၁ အမည်ဖြင့် နှစ်ရက်ကြာကျင်းပသည့် နည်းပညာဆိုင်ရာဖလှယ်ပွဲကြီးကို လှိုင်မြို့နယ်ရှိ မြန်မာအင်ဖိုတက်ခ်ျတွင် ကျင်းပခဲ့ရာ ပထမဦးဆုံးနေ့ဖွင့်ပွဲနေ့တွင်ပင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားအဖြစ် ပွဲစီစဉ်သူများဖြစ်သည့် မစ္စတာမက်ခ်ဝိန်းနှင့် ဒေါ်ထိုက်တို့မှ ရန်ကုန်ဘားကမ့်၂၀၁၁ ကျင်းပရသည့်ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်များအသင်း ဥက္ကဋ္ဌ ဦးရဲရင့်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။

ပြပွဲတွင် အကြောင်းအရာတစ်ခုကို လေးဆယ့်ငါးမိနစ်စီဖြင့် ခေါင်းစဉ်ပေါင်း ၄၀ကျော်ကို နေရာ ၈ နေရာခွဲ၍ ကျင်းပခဲ့သည်ဟုသိရသည်။

ရန်ကုန် ဘားကမ့် ၂၀၁၁ သို့ တက်ရောက်လိုသူများကို အင်တာနက်မှ တဆင့်မှတ်ပုံတင်ခြင်းကို ပွဲမတိုင်မီ ရက် အနည်းငယ်ကပင် ဆောင်ရွက်ပေးခဲ့ပြီး အင်တာနက်မှမှတ်ပုံတင်သူ ၂၆၀၀ဦး ရှိခဲ့ကာ သတ်မှတ်ရက်ပြည့်သွားသဖြင့် မှတ်ပုံမတင်လိုက်ရသူ အများအပြားလည်း ရှိခဲ့သည်ဟုသိရသည်။

ထို့ပြင် အဆိုပါ အင်တာနက်မှ မှတ်ပုံတင်သူ ၂၆၀၀ဦးအနက်မှ ဖြတ်ပိုင်းယူလာနိုင်သူ ၁၅၃၂ဦးကို ရန်ကုန် ဘားကမ့်၂၀၁၁ အမှတ်တံဆိပ်ပါ တီရှပ်နှင့် လက်ဆောင်များဝေငှခဲ့ပြီး ပွဲကျင်းပသည့်နေ့မှ လူကိုယ်တိုင်စာရင်းပေးသူ ၁၁၀၅ ဦးကိုလည်း တီရှပ်မဟုတ်သည့် အခြားလက်ဆောင်များ ဝေငှပေးခဲ့သည်ဟုသိရသည်။

တက်ရောက်လာသူများထဲတွင် အင်တာနက်မှရော၊ လူကိုယ်တိုင်ပါ မှတ်ပုံတင်ခြင်းမပြုဘဲ တက်ရောက်သည့် လူဦးရေမှာ ၅၀၀ခန့်ရှိသဖြင့် စုစုပေါင်း လူဦးရေသုံးထောင်ကျော်တက်ရောက်ခဲ့သည်ဟု ဆိုနိုင်ကြောင်း အဆိုပါပွဲသို့ တက်ရောက်ခဲ့သူတစ်ဦးကပြောကြားသည်။ စတင်ဖွင့်ပွဲနေ့တွင်ပင် ထိုမျှအထိစိတ်ဝင်စားမှုရှိကြသဖြင့် အောင်မြင်စွာ ကျင်းပနိုင်သည့်ပွဲဖြစ်ပြီး ဒုတိယနေ့တွင် ပိုမိုစည်ကားဖွယ်ရှိသည်ဟု အဆိုပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

ယခုအကြိမ်သည် ရန်ကုန်ဘားကမ့်အနေဖြင့် ဒုတိယအကြိမ်ကျင်းပခြင်းဖြစ်ကာ ပြီးခဲ့သည့် တစ်ပတ်အတွင်းကပင် မန္တလေးဘားကမ့်၂၀၁၁ကို မန္တလေးမြို့ဘူတာကြီးအနီးရှိ ပုပ္ပါးဟိုတယ်တွင် စည်ကားစွာကျင်းပခဲ့ပြီး ထိုပွဲများအတွက် တစ်လခန့်ကြိုတင်ပြီး ပြည်တွင်းနာမည်ကြီးဂျာနယ်များနှင့် Myanmar ING အပါအဝင် ပြည်တွင်း ဝဘ်ဆိုဒ်များတွင် အဆက်မပြတ် ကြော်ငြာထားခဲ့သည်ဟုလည်း သိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment