Transparency Myanmar

transparency.myanmar@gmail.com

ရေနံချက်စက်ရုံသစ် မန္တလေးတွင် တည်ဆောက်မည်

ဖေဖော်ဝါရီ ၂၁

မန္တလေးတိုင်းဒေသကြီး မြို့သာမြို့၌ ရေနံချက်စက်ရုံအသစ် တစ်ရုံကို တည်ဆောက်ရန် စွမ်းအင်ဝန်ကြီးဌာနက ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

အဆိုပါ တည်ဆောက်မည့် ရေနံချက်စက်ရုံအသစ်သည် တစ်ရက်လျှင် စည်ပေါင်း ၅၆,၀၀၀ ချက် လုပ်သွားနိုင်မည်ဟု သိရသည်။

ယင်းစီမံကိန်း တည်ဆောက်မှုကို စတင်အကောင်အထည်ဖော်မည့်  အချိန်ကိုမသိရသေးကြောင်း၊ တည်ဆောက်မည်ဆိုပါက သုံးနှစ်မှ ငါးနှစ်ကျော်အထိ ကြာမြင့်မည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

အရှေ့အလယ်ပိုင်းဒေသမှ ရေနံအား ရခိုင်ပြည်မြဒေးကျွန်း၌ချထားပြီး ပိုက်လိုင်းဖြင့် မန္တလေးသို့ သွယ်တန်းကာ ရေနံချက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အရှေ့အလယ်ပိုင်းဒေသမှ ရေနံစိမ်းများ တရုတ်ပြည်သို့တင်ပို့ရန် ရည်ရွယ် ထားသဖြင့် အနည်းငယ်ကိုသာ မြန်မာပြည်တွင် အသုံးပြုရန် မန္တလေး၌ ချက်လုပ်မည်ဖြစ်သည်။ တရုတ်-မြန်မာ ရေနံစိမ်း ပိုက်လိုင်းမှာ ၂၀၁၃ ခုနှစ်တွင် အပြီးဆောက်လုပ်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

အဆိုပါ ရေနံချက်စက်ရုံအား တရုတ်ပြည်ဘက်မှ ၅၁ ရာခိုင်နှုန်း၊ မြန်မာပြည် ဘက်မှ ၄၉ ရာခိုင်နှုန်း အကုန်အက ခံကာ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းရှိလက်ရှိရေနံချက်စက်ရုံများမှာ တစ်ရက်လျှင် စည်ပေါင်း ၅၁,၀၀၀ ချက်လုပ်နိုင်ပြီး ယခုအသစ်တည်ဆောက်ရန် လျာထားသည့် စက်ရုံအသစ်မှာ ယင်းစက်ရုံသုံးခုပေါင်း ပမာဏထက် ပိုမိုချက်လုပ်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

--------------------------------------------------------------------------------------------------------------------------------

ရေထွက်ကုန်ပစ္စည်းများ စံချိန်စံညွှန်း သတ်မှတ်ချက်များပြည့်စုံမှသာ ပြည်ပသို့တင်ပို့ခွင့်ပြု

ဖေဖော်ဝါရီ ၂၁

မြန်မာ့ရေထွက်ပစ္စည်းများ ပြည်ပတင်ပို့ရာတွင် ဝယ်ယူသည့် နိုင်ငံများက ၎င်းတို့လက်ခံနိုင်သည့် စံချိန်စံညွှန်း သတ်မှတ်ချက်များပြည့်စုံမှသာ တင်ပို့ခွင့်ပြုလာကြောင်း သတင်းရရှိသည်။

ယခင်က အီးယူနိုင်ငံများသို့ မြန်မာ့ရေထွက်ပစ္စည်းများ တင်ပို့ရာတွင် Bilaetral Agreement  စနစ်ဖြင့် တင်ပို့နေ ခြင်းဖြစ်ကြောင်း၊ ယင်းသို့တင်ပို့နေမှုသည် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ၌ ကုန်ဆုံးခဲ့ပြီး ဆက်လက် တင်ပို့ နိုင်ရန်အတွက် အီးယူ လိုအပ်ချက်များနှင့် ညီညွတ်အောင် ဆောင်ရွက်နိုင်ရန် ရေထွက်ပစ္စည်းပြုပြင်ထုတ်လုပ်သည့် စက်ရုံများ၊ ငါးတင်ငါးချ ဆိပ်ကမ်း၊ ငါးဖမ်းသင်္ဘောတို့အား အီးယူ၏စစ်ဆေးမှုခံခဲ့ပြီး တင်ပို့ခွင့်ရရှိခဲ့ပြီး ဖြစ် ကြောင်းသိရသည်။

ဗီယက်နမ်နိုင်ငံကလည်း မြန်မာနိုင်ငံမှတင်ပို့သည့် ကဏန်းပျော့နှင့် ငါးခွေးလျှာ အသားလွှာတင်ပို့သည့် စက်ရုံ များကို အရည်အသွေး စံချိန်စံညွှန်းများနှင့် ပတ်သက်၍ သတ်မှတ်တောင်းဆိုမှုများရှိလာသဖြင့် အဆိုပါ ကုန်ပစ္စည်းများ တင်ပို့သည့် စက်ရုံ၊ကုမ္ပဏီများမှလည်း ဗီယက်နမ်အသိအမှတ်ပြုဖြစ်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံမှ ငါးပေါင်းမှုန့်တင်ပို့ပါက ၎င်းတို့ အသိအမှတ်ပြုစက်ရုံများမှသာ တင်ပို့နိုင်ကြောင်း ၂၀၁၁ ခုနှစ်အတွင်း အကြောင်းကြားလာသဖြင့် ယခုအခါ မြန်မာနိုင်ငံမှ ငါးပေါင်းမှုန့် ထုတ်လုပ် သည့် ရေထွက်ပစ္စည်းစက်ရုံများမှာ တရုတ်အသိအမှတ်ပြုရေး ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

ရေထွက်ပစ္စည်းများထုတ်လုပ်ရာတွင် အရည်အသွေးကောင်းမွန်ရန်၊ ဘေးအန္တရာယ် ကင်းရှင်းသည့် ထုတ်ကုန်ဖြစ်ရန် လိုအပ်ကြောင်း၊ ထိုသို့ နိုင်ငံတကာအဆင့်မီ အရည်အသွေးမြင့် ထုတ်ကုန်များ ထုတ်လုပ်တင်ပို့ ခြင်းဖြင့် တင်ပို့သူ များအနေဖြင့်လည်း အကျိုးအမြတ်ပိုမိုရရှိနိုင်ကြောင်း သိရသည်။ 

 

-----------------------------------------------------------------------------------------------------------------------------------

မြန်မာအပါအဝင် အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မည်

ဖေဖော်ဝါရီ ၂၁

မြန်မာနိုင်ငံသည် ၂၀၁၀ ရွေးကောက်ပွဲအပြီး၌ ပြောင်းလဲလာသော နိုင်ငံရေးစနစ်သစ်၊ စီးပွားရေးစနစ်သစ်များနှင့်အတူ မဝေးတော့သည့်ကာလတွင် စီးပွားရေးအလားအလာကောင်းများ ရှိနေပြီဖြစ်သည့်အတွက် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရှိ စီးပွားရေးလုပ်ငန်းရှင်များက မြန်မာနိုင်ငံနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် အထူးစိတ်ဝင်စား လျက်ရှိကြသည်။

တရုတ်နိုင်ငံသည် ဂျပန်နိုင်ငံကိုဖြတ်ကျော်ကာ ဒုတိယကမ္ဘာ့ စီးပွားရေးအင်အားကြီးနိုင်ငံအဖြစ် ရပ်တည်လျက်ရှိရာ ယခု ဆက်လက်ရပ်တည်နိုင်ရန် မြန်မာအပါအဝင် အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်သွားခြင်း ဖြစ်ကြောင်းသိရသည်။

တရုတ်နိုင်ငံသည် ယခုအချိန်၌ ကမ္ဘာ့ဒုတိယအကြီးဆုံးနိုင်ငံအဖြစ်ရပ်တည်နေခဲ့ကြောင်း၊ ဆက်လက် ရပ်တည်နိုင်ရန်အတွက် ကြိုးစားရဦးမှာဖြစ်ကြောင်း၊ တရုတ်အစိုးရသည် မြန်မာအပါအဝင် အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုပမာဏ မြှင့်တင်သွားမည်ဖြစ်ကြောင်း တရုတ်အစိုးရ အဖွဲ့ဝင်များထဲမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ သည်။

အာဆီယံနိုင်ငံသည် တရုတ်နိုင်ငံ၏ တတိယအင်အားအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်သည်။ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများကြား ကုန်သွယ်မှု ပမာဏသည် ၂၀၁၁ ခုနှစ် ဇန်နဝါရီလ တစ်လထဲ၌ပင် ဒေါ်လာ ၂၈ ဒသမ ၉ ဘီလီယံ သို့ ရောက်ရှိခဲ့ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၃၄ ရာခိုင်နှုန်းမြင့်တတ်လာကြောင်း သိရသည်။


--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment