Transparency Myanmar

transparency.myanmar@gmail.com

နိုင်ငံပိုင်အဆောက်အအုံးများ လေလံတင်ရောင်းချမှုနောက်ဆက်တွဲ

ဘုန်းထက်ဝင်း

ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံးအဖြစ် ဖွင့်လှစ်ခဲ့ပြီး ယခုမြန်မာတိုင်းဂျာနယ်တိုက်ရုံး ဖွင့်လှစ်လုပ်ကိုင်နေသော  ကျောက်တံတားမြို့နယ် ဗိုလ်အောင်ကျော်လမ်းရှိ သုံးထပ်အဆောက်အအုံ အပါအဝင်နိုင်ငံပိုင်အဆောက်အအုံ ၈၀ ကျော်ကို  အစိုးရမှ ဖေဖော်ဝါရီ ၁၃ ၌ နိုင်ငံတော်ပိုင် အဆောက်အအုံများ ရောင်းချရေးကော်မတီမှ မြေနှင့် အဆောက်အုံ ၈၆ခု၊ တိုက်ခန်း ၄၅ ခန်း၊ မြေကွက် ၂၆ ကွက် စုစုပေါင်း ၁၅၇ခု ရောင်းချခဲ့သည်။ ယခုလ အတွင်းဆိုလျှင် လေလံဖြင့်ရောင်းချရန် ကြေညာလိုက်သည့် မြေကွက်၊ အဆောက်အအုံနှင့် တိုက်ခန်းပေါင်း ၂၆၈ ခုပါဝင်သည်။ လူအများ စိတ်ဝင်စားသည့် ဗဟန်းတက္ကသိုလ်ရိပ်သာနှင့် မြို့လယ်မြေကွက် တိုက်ခန်းများ စီးပွားရေးပြုလုပ်နိုင်သည့် စက်ရုံများပါဝင်သည်။ အဆိုပါ အဆောက်အအုံများကို ပုဂ္ဂလိကပိုင်ပြုလုပ်ရန် လေလံခေါ်ခြင်း ဖြစ်သည်။ "လွယ်လွယ်ပြောရရင် ဒီအချိန်မှာ လေလံမရှိခဲ့လျှင် လုပ်ငန်းရင်းနှီးတဲ့သူတွေက ပုဂ္ဂလိက အိမ်၊ ခြံ၊ မြေ ဈေးကွက်ထဲ ဝင်လာမှာပဲ။ အခုလို လေလံပေါ်လာတော့ ဈေးကွက်ဝေစု ခွဲပေးရတယ်။ အခုလေလံက တစ်ချို့သာမန်ဆိုဝယ်ချင်ရင်တောင် ဝယ်လို့မရတဲ့နေရာတွေလည်း ပါတယ်။ ငွေတက်နိုင်တဲ့အလွှာတွေဝယ်နိုင်တဲ့ အနေအထားလည်းပါတယ်။ နောက်လေလံက ပုဂ္ဂလိက အိမ်၊ ခြံ၊ မြေ ဈေးကွက် ထက်သက်သာမယ်လို့ မျှော်လင့်လို့ ဒီအချိန်မှာ ပုဂ္ဂ လိက အိမ်၊ ခြံ၊ မြေဈေးကွက် ရင်းနှီးချင်ရင်တောင် ဆိုင်းငံ့ထားမယ့် အနေအထားမျိုးပါ" မဏ္ဍိုင်အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ ဦးသန်းဦးကဆိုသည်။ သို့သော် လေလံက အခြား ပုဂ္ဂလိက အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းဖြစ်သည့် အိမ်၊ ခြံ၊ မြေအဌားလုပ်ငန်းများ တန်ဖိုးနည်းတိုက်ခန်းအရောင်း အဝယ်လုပ်ငန်းနှင့် လေလံမတတ်နိုင်သည့်သူများ တတ်နိုင်သည့် အိမ်၊ ခြံ၊ မြေကွက် အရောင်းအဝယ်လုပ်ငန်းများကို မထိ ခိုက်နိုင်ကြောင်း ၎င်းကဆိုသည်။

          လေလံကြောင့် ပုဂ္ဂလိက အိမ်၊ ခြံ၊ မြေဈေးကွက်အပေါ်ရိုက်ခတ်မှုရှိနိုင်၊ မရှိနိုင်ကို အခြား အိမ်၊ ခြံ၊ မြေအကျိုး ဆောင်လုပ်ငန်းဖြစ်သည့် Unityမှ ဦးဇော်ဇော်ကလည်း "အမှန်က  ဒီလိုနှစ်ကူးနောက် ပိုင်းဆို အိမ်၊ ခြံ၊ မြေဈေးကွက် သိပ်မသွက်ဘူး။ ဒါပေမယ့် အခုလေလံရှိနေပေမယ့်လည်း ဈေးကွက်က ပုံမှန်ဖြစ်နေတယ်။ လေလံက နေရာကောင်းတွေပါပေမယ့် မြေနေရာကျယ်တော့ ပေါက်ဈေးနဲ့တွက်ရင် သိန်းသောင်းချီမယ်ဆိုတော့ တချို့မတက်နိုင်ကြဘူး။ နောက်အရင် ဥပမာတွေအရ လေလံက အပြင်ဈေးနဲ့လည်း သိပ်မကွာဘူးဆိုတော့ ပုဂ္ဂလိက အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာ သိန်းသုံးထောင် လေးထောင် တွေအရောင်းအဝယ်ဖြစ်နေတယ်"ဟုဆိုသည်။

          သို့သော် စီးပွားရေးရင်းနှီးမြုပ်နှံသူမှုကဏ္ဍတွင် လယ်ယာစက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းတို့၌ အချိုးအစားမျှတစွာ စီးဝင်ရမည်ဖြစ်သော်လည်း၊ အိမ်၊ ခြံ၊ မြေကဏ္ဍတွင်သာ စုပြုံတိုးဝင်နေကြသည်။ နိုင်ငံတကာတွင် ပြည်သူများ၏ ဝင်ငွေအဆင့်အတန်းမြင့်မှသာ အိမ်၊ ခြံ၊ မြေဈေးနှုန်းများ မြင့်တက်သော်လည်း၊ မြန်မာနိုင်ငံတွင် ပြည်သူများ ဝင်ငွေထူးထူးခြား ခြား တိုးတက်ခြင်းမရှိဘဲ  အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ မြင့်တက်နေခြင်းမှာ အခြားရင်းနှီးမြုပ်နှံမှုများကို မလုပ်ကိုင်ဘဲ အိမ်၊ ခြံ၊ မြေလုပ်ငန်းအတွင်းသို့ စုပြုံတိုးဝင်နေခြင်းကြောင့်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာနေဇင်လတ်က ဆိုသည်။ အခြားစီးပွားရေးအခွင့်အလမ်းများ ပိုမိုပေါ်ပေါက်လာပါက အိမ်၊ ခြံ၊ မြေဈေးကွက်ကို ထိခိုက်နိုင်ဖွယ်ရှိကြောင်းလည်း သိရသည်။ " Export,Import တွေကို အခွန်လျှော့ပေးလိုက်တာနဲ့ ကျွန်တော်တို့နိုင်ငံအပေါ်မှာ ပိတ်ပင်ထားတဲ့ Sanction တွေ ပယ်ဖျက်သွားတဲ့အခြေအနေတွေဖြစ်ခဲ့ရင် အိမ်၊ ခြံ၊ မြေဈေးကွက်ကို ထိခိုက်လာနိုင်တယ်" ဟု ၎င်းကဆိုသည်။ ၁၉၉၇ခုနှစ်တွင်လည်း အိမ်ခြံမြေဈေးကွက် ကျဆင်းခဲ့ဖူးကြောင်း သိရသည်။ ယင်းကဲ့သို့ ကျဆင်းရခြင်းမှာ အတုအယောင် ဝယ်လိုအား အလွန်များခဲ့ခြင်းနှင့် အာရှစီးပွားရေး ကျဆင်းခဲ့ခြင်းတို့ကြောင့် ဖြစ်ကြောင်းသိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment