Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁၀.၁၁.၂၀၁၁

ဘာသာပြန်သတင်းများ (အပိုင်း - ၁)

  1. တရုတ်ဝါးဖမ်းသင်္ဘော ကို ဂျပန်တို့ ပြန်လွှတ်ပေး

(BBC News မှ Nov 2011 ရက်စွဲပါ "Japan releases Chinese fishing boat" သတင်းကို ဘာသာပြန်ဆိုသည်။)

  1. နောက်ဆုံးတွင် အမေရိကန်က မြန်မာနိုင်ငံကို ဖွင့်ပေးနေပြီ
    (USA Today မှ Lewis M.Simons ရေးသားသော "Finally, U.S has opening in Burma" ကို သာသာပြန်ပါသည်။)

***************************************************************************************

တရုတ်ဝါးဖမ်းသင်္ဘော ကို ဂျပန်တို့ ပြန်လွှတ်ပေး

(BBC News မှ Nov 2011 ရက်စွဲပါ "Japan releases Chinese fishing boat" သတင်းကို ဘာသာပြန်ဆိုသည်။)

ဂျပန်ရေပိုင်နက်အတွင်း ဝင်ရောက်လာမှုကြောင့် တရုတ်ငါးဖမ်းသင်္ဘောတစ်စင်းကို ဖမ်းဆီးပြီး ၃ရက်အကြာတွင် ဂျပန်နိုင်ငံက ပြန်လွှတ် ပေးလိုက်ပြီ ဖြစ်သည်။

ယခုကိစ္စအပေါ် တိုကျို၏ ကိုင်တွယ်ပုံကို ဘီဂျင်းက လက်သင့်ခံခဲ့ပြီး ဖြစ်ရိုးဖြစ်စဉ် ကိစ္စသာ ဖြစ်သည်ဟု မှတ်ချက်ပေးခဲ့သည်။ မနှစ်က အလားတူ ဖမ်းဆီးမှုတွင်မူ နှစ်နိုင်ငံအကြား သံတမန်ရေး ကြီးကြီးမားမား ထိပ်တိုက်ရင်ဆိုင် အငြင်းပွားခဲ့ကြဖူးသည်။

ယခုကိစ္စတွင်မူ ယန်းငွေ ၃ သိန်း (ဒေါ်လာ 3850) ဒဏ်ငွေဆောင်ပြီးနောက် ရေယာဉ်နှင့် ရေယာဉ်အဖွဲ့သားအားလုံးကို ဂျပန်ရေပြင်မှ ပြန်လည်ထွက်ခွာခွင့် ပေးလိုက်ပြီ ဖြစ်သည်။

အထက်ပါ တရုတ်ငါးဖမ်း သင်္ဘောသည် ဂျပန် နာဂါဆာကီကမ်းလွန်ရေပြင် ဂိုတိုကျွန်းစု အနီးတွင် နိုဝင်ဘာ ၆ ရက်က ဖမ်းဆီးခံရခြင်း ဖြစ်သည်။ ဂျပန်အာဏာပိုင်များ၏ အဆိုအရ ယင်းငါးဖမ်းသင်္ဘောကို တရုတ်-ဂျပန် နှစ်ဘာသာလုံးဖြင့် သတိပေးခဲ့ကြောင်းနှင့် တိုက်မိသွားပြီးမှ  ဖမ်းဆီး ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယခင် ငါးဖမ်းသင်္ဘော ပြဿနာများနှင့် မတူသည့်အချက်မှာ နှစ်နိုင်ငံစလုံးက နိုင်ငံရေးအရ ထိပ်တိုက် မတွေ့အောင် ရှောင်ရှားခဲ့ကြခြင်းပင် ဖြစ်သည်။

အဆိုပါ ဂိုတိုကျွန်းစုအနီးတစ်ဝိုက် ရေပြင်သည် အငြင်းပွားမှု မရှိသော ဂျပန်ပိုင်နက် ဖြစ်သည်။

*************************************************************************************

နောက်ဆုံးတွင် အမေရိကန်က မြန်မာနိုင်ငံကို ဖွင့်ပေးနေပြီ

(USA Today မှ Lewis M.Simons ရေးသားသော "Finally, U.S has opening in Burma" ကို သာသာပြန်ပါသည်)

(Lewis M.Simons သည် ပူလစ်ဇာဆု ရသူဖြစ်ပြီး ဗီယက်နမ်စစ်ပွဲတွင် အရှေ့တောင်အာရှ မှ နေ၍ သတင်းပို့မှုကို စတင်လုပ်ကိုင်ခဲ့သူ ဖြစ်ပါသည်)

ကျွန်ုပ် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်လည်ပတ်စဉ်က ရန်ကုန်ရှိ အရှေ့အလယ်ပိုင်း သံတမန်တစ်ဦးက မြန်မာနိုင်ငံမှ ယူနီဖောင်းဝတ် စစ်ဗိုလ်မှူးကြီး စိုက်ပျိုးရေးဝန်ကြီးနှင့် စကားပြောခဲ့ခြင်းအား ပြန်ပြောပြပါသည်။ ဝန်ကြီးက "ခင်ဗျားတို့ တိုင်းပြည်မှာ ပန်းသီးနဲ့ လိမ္မော်သီး နှစ်မျိုးလုံးသီးတဲ့အပင် ရှိပါသလား" ဟု မေးခဲ့သည်ဟု ဆိုပါသည်။ အဆိုပါ သံတမန်သည် ရှုတ်ထွေးသွားပြီး မရှိပါဟု ဖြေခဲ့ပါသည်။ "မြန်မာ့ နည်း မြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ် (တိုင်းပြည်၏ ဝေဝါးဝါးအတွေးအခေါ်) အောက်မှာ ကျွန်တော်တို့ ဒီမှာ အဲဒီ့အပင်မျိုး မကြာခင်ရတော့မှာပါ" ဟု ဝန်ကြီးက ယုံကြည်မှုအပြည့်ဖြင့် ပြောခဲ့သည်ဟု ဆိုပါသည်။

သံအမတ်ကြီး အဖို့မှာကား ပန်းသီးနှင့်လိမ္မော်သီး ခွဲခြားမသိသော စစ်သားစိုက်ပျိုးရေးဝန်ကြီး၊ အခြေခံ စီးပွားရေးများ မသင်ခဲ့ရသော စစ်သား ဘဏ္ဍာရေးဝန်ကြီးများဖြင့် လူမှန်နေရာမှန် မဟုတ်သော တိုင်းပြည်၏ ဝမ်းနည်းစရာကောင်းသော အဖြစ်များထဲမှတစ်ခုကို ကြုံတွေ့ခဲ့ရခြင်း ဖြစ်ပါသည်။

အဆိုပါ အဖြစ်အပျက်မှာ စစ်တပ်က အာဏာသိမ်းအပြီး ခုနှစ်နှစ်အကြာ 1969 ခုနှစ်က ဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။ ယခု စစ်အာဏာသိမ်းပြီး ရာစုနှစ်တဝက် ကြာပြီးခဲ့သော် မြန်မာနိုင်ငံတွင် အဆိုပါ ထူးဆန်းသော အသီးသီးသော အပင်ကို မဖန်တီးနိုင်ခဲ့ရုံမျှမက၊ တိုင်းပြည်၏ သန်း ၅၀ သော လူထု၏ အခြေခံအကျဆုံး လိုအပ်ချက်များကိုပင် ဖြည့်ဆီးမပေးနိုင်ခဲ့ပေ။ မြန်မာနိုင်ငံ၏ စစ်ခေါင်းဆောင်များသည် Myanmar ဟု အမည်ပြောင်းခဲ့ပြီး၊ သဘာဝက ချမ်းသာသော နိုင်ငံကို ကမ္ဘာပေါ်တွင် အဆင်းရဲဆုံး၊ သွေးထွက်သံယို အများဆုံး၊ ပြဿနာများနှင့် ဒုက္ခဖြစ်နေသော အဖိနှိပ်ဆုံး၊ ထူးဆန်း သော တိုင်းပြည်တစ်ခုအဖြစ် ပုံဖော်ခဲ့ပါသည်။

ဖွံဖြိုးတိုးတက်မှုအတွက် ကတိများ

သို့သော် လွန်ခဲ့သည့်လအနည်းငယ်အတွင်း အပယ်ခံ နိုင်ငံဖြစ်နေဆဲ အရှေ့တောင်အာရှနိုင်ငံတွင် အားတက်ဖွယ် လက္ခဏာများ ထွက်ပေါ် လာပါသည်။ ၎င်း၏ သမ္မတသစ်ဖြစ်သော ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်သည် အင်အားအပြည့်ပါသော အဖွင့်မိန့်ခွန်း ပြောခဲ့ပြီး၊ ဆင်းရဲမွဲတေမှုနှင့် အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ရန် ကတိပေးခဲ့ပါသည်။ အကန့်သတ်ခံနေရသော မြန်မာ့နိုင်ငံရေး အတိုက်အခံနှင့် ပြန်လည်ပေါင်းစည်းရေးနှင့် အစွန်အဖျားတွင် ဖြစ်နေသော လက်နက်ကိုင် ပဋိပက္ခများ ရပ်ဆိုင်းရေးအတွက်လည်း ၎င်းက ကတိပြုခဲ့ပါသည်။

ထိုအရာများကို အကောင်အထည်ဖော်ရန် ခက်ခဲလှပါသည်။ အဆုံးတွင် လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ ဦးသိန်းစိန်သည် ၎င်း၏ ရှေ့မှသူများကဲ့သို့ပင် နေပြည်တော်၏ တံတိုင်းများနောက်သို့ အပြေးပြန်ဝင်သွားနိုင်ပါသည်။

အမှန်တကယ်ပင် ယခင် မြန်မာနိုင်ငံ၏ ခေါင်းဆောင်များသည် ကတိများကို ပေးခဲ့ပြီး ဘယ်သောအခါမျှ ကတိကို ထိန်းသိမ်းရန် မရည်ရွယ် ခဲ့ပေ။ မြန်မာနိုင်ငံတွင်လည်း အခြားတိုင်းပြည်များကဲ့သို့ပင် မိမိ၏ အာဏာစွန့်သွားရန် လိုလားသော အာဏာရှင်စာရင်းမှာ အမှန်ပင် နည်းပါးလှပါသည်။ "ကျားကိုစီးမိသူမှာ ကျားပေါ်မှ ဆင်းရမှာ ကြောက်သည်" ဆိုသော တရုတ်စကားပုံ ရှိပါသည်။

သို့သော် ယခုတစ်ကြိမ်တွင် မူလလက္ခဏာများက အသွားထက်မည့်သဘော ရှိပါသည်။ အထင်ရှားဆုံး လုပ်ရပ်တစ်ခုမှာ ဦးသိန်းစိန်သည် မြန်မာနိုင်ငံအပေါ် ထိပ်မှနေ၍ အကာအကွယ်ပေးနေသူ တရုတ်ကို ခပ်နာနာလေး နှက်လိုက်သည့် ကိစ္စဖြစ်ပြီး အမေရိကန်ကလည်း စိတ်ဝင်စားလျက် ရှိသည်။ ပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားသူများနှင့် ဒေသခံ တိုင်းရင်းသားများ၏ ဆန္ဒပြုမှုကို တုန့်ပြန်သောအားဖြင့် ဦးသိန်းစိန်သည် ဧရာဝတီမြစ်ပေါ်တွင် တည်ဆောက်မည့် တရုတ်၏ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ရပ်ဆိုင်းခဲ့ပါသည်။ Beijing သည် ဦးသိန်းစိန်၏ လုပ်ဆောင်မှုအပေါ် တုန်လှုပ် သွားခဲ့ပါသည်။ တရုတ်သည် မြန်မာနိုင်ငံအပေါ်တွင်ရော အခြားအရှေ့တောင်အာရှ အစိုးရများအပေါ်တွင်ပါ သြဇာလွှမ်းမိုးနိုင်ရန် တင်းတင်းကြပ်ကြပ် လုပ်ဆောင်လျက်ရှိပါသည်။

အသစ်ဖွဲ့စည်းခဲ့သော လူ့အခွင့်ရေးကော်မရှင်ကလည်း သမ္မတထံသို့ စာတစ်စောင် ရေးသားခဲ့ပါသည်။ တိုင်းပြည်၏ ပြည်သူအပေါ် တည်ငြိမ်မှုနှင့် အေးချမ်းမှုအား ခြိမ်းခြောက်ခြင်းမရှိမည့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများအား လွတ်ပေးရန် သမ္မတအား တောင်းဆိုခဲ့ပါ သည်။ အဆိုပါ စာအား အစိုးရထိန်းချုပ်ထားသော သတင်းမီဒီယာများတွင် ဖော်ပြခွင့် ပြုခဲ့ပါသည်။

လွန်ခဲ့သော ရက်သတ္တပတ်များက နိုင်ငံရေးအကျဉ်းသား (2000) ကျော် ရှိသည့်အနက် (200) ကျော် လွှတ်ပေးခဲ့ပါသည်။ နောက်ထပ် လွှတ်ပေးရန်လည်း ကတိများပေးခဲ့ပါသည်။ အမှန်တကယ်ပင် အကျဉ်းသားလွှတ်ပေးခဲ့မှုမှာ အနောက်နိုင်ငံ၏ အရေးယူမှုများ ဖြေလျော့ရန် ရည်ရွယ် ခြင်းထက် မပိုပေ။ သို့သော် မြန်မာနိုင်ငံထဲမှ ထင်ရှားသောသူ အချို့က ခိုင်မာသော စတင်မှုတစ်ခုအဖြစ် ယုံကြည်ကြပါသည်။

မြန်မာနိုင်ငံအပေါ် ဆယ်စုနှစ်များစွာ စီးပွားရေးနှင့် နိုင်ငံရေးအရ အရေးယူမှုများ ချမှတ်ထားပြီး၊ ခါးသီးသော ဆက်ဆံရေးများ ရှိခဲ့သော အမေရိကန်ပြည်ထောင်စုသည် ယခု တိုးတတ်မှုအသစ်များအပေါ် အပေါင်းလက္ခဏာဆောင်သော တုန့်ပြန်မှုများ ပြုလုပ်ရန် ပြင်ဆင်ထားသည်ဟု ညွန်းဆိုထားပါသည်။ Obama အစိုးရသည် မြန်မာနိုင်ငံခြားရေးဝန်ကြီးအား ဝါရှင်တန်တွင် အချိန်အတန်ကြာအတွင်း ပထမဦးဆုံးအကြိမ် တွေ့ဆုံခဲ့ပါ သည်။ ယခုအခါ စီစဉ်ထားသော ပြောင်းလဲမှုများ အထင်အရှားတွေ့နိုင်ပြီဟု လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell က အသေအချာ ဆိုပါ သည်။ သို့သော် အကျယ်ချဲ့ပြောကြားခြင်း မရှိပေ။

နိုင်ငံတကာနှင့် ပတ်သတ်၍ ပြောင်းလဲမှုမှာ ဦးသိန်းစိန်သည် ပြီးခဲ့သည့်လက အိမ်နီးချင်း အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့ပါသည်။ အိန္ဒိယသည် ကမ္ဘာပေါ်တွင် နာမည်ကျော် ဒီမိုကရေစီနိုင်ငံဖြစ်ပြီး၊ တရုတ်နှင့် ပြိုင်ဘက်ဖြစ်ပါသည်။ မြစ်ဆုံတည်ဆောက်ရေးကို ရပ်တန့်ပြီးနောက် လမ်းဆုံလမ်းခွ ရောက်နေသော မြန်မာနိုင်ငံသည် ယခုခရီးစဉ်မှာ တရုတ်အပေါ် လုံးလုံးလျားလျားမှီခိုမှုကို လျော့ချပြီး၊ နိုင်ငံခြားဆက်ဆံရေး တိုးချဲ့ရန် လုပ်ဆောင် နေသည်ဆိုသော လက္ခဏာကို ပြသပါသည်။

ပြည်တွင်း လုပ်ဆောင်မှုများအနေဖြင့် မြန်မာနိုင်ငံတွင် အဆင်းရဲတကာ့ အဆင်းရဲဆုံးများဖြစ်သော အငြိမ်းစား လစာငွေများကို 1000% ခန့် တိုးပေးခဲ့ပါသည်။ ယခင်က လက်မခံခဲ့သော ပုဂ္ဂလိက ကဏ္ဍမှ အကြံဉာဏ်များကို ဖိတ်ခေါ် ခဲ့ပြီး၊ အခွန်ငွေများ လျော့ပေးခြင်း၊  ကုန်သွယ်ရေးနှင့် ပတ်သက်သော လက်ဝါးကြီးအုပ်ထားမှုများ ဖယ်ရှားပေးခြင်း၊ သမဂ္ဂများ ခွင့်ပြုခြင်း၊ အသေးစားငွေကြေး ထောက်ပံ့မှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မူဝါဒများ ပြန်လည်သုံးသပ်ခြင်း၊ ဘဏ် စည်းမျဉ်းများနှင့် နိုင်ငံခြားငွေ လဲလှယ်နှုန်းများကို ပြင်ဆင်ခြင်းများ ရှိခဲ့ပါသည်။

အတိုက်အခံအတွက် လမ်းဖွင့်ပေးခြင်း

နှစ်ပေါင်းများစွာ ခံစားကြရသော မြန်မာလူမျိုးများ၏ အမှန်တကယ် စိတ်ဝင်စားမှုကို ဆွဲဆောင်သောအရာမှာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခဲ့ခြင်း ဖြစ်ပါသည်။ သူမသည် လွန်ခဲသော ၂၁ နှစ် အတွင်း ၁၅ နှစ်ခန့် ထိန်းသိမ်းခံခဲ့ရပါသည်။

ယခုအခါ ဒေါ်အောင်ဆန်းစုကြည်၏ အမည်နှင့်ဓာတ်ပုံကို စာမျက်နှာရှေ့ဆုံးတွင် နေစဉ်တွေ့နေရပြီး၊ ပြည်သူတို့၏ လုပ်ဆောင်မှုများတွင် ဦးဆောင်နေပါသည်။ ယခင်က စဉ်းစား၍ပင် မဖြစ်နိုင်သော သူမနှင့် ဦးသိန်းစိန်တို့၏ တစ်နာရီကြာ ပုဂ္ဂလိက တွေ့ဆုံမှုပင်ဖြစ်ခဲ့ပါသည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်က သမ္မတသည် လေးနက်သော ပြုပြင်ပြောင်းလဲမှုကို လုပ်ဆောင်မည်ဟု ယုံကြည်ကြောင်း ပြောခဲ့ပါသည်။

အိုဘားမားအစိုးရသည် သူမ၏ အကောင်းမြင်မှုအပေါ် လေးစားစွာ မှတ်သားလုပ်ဆောင်မည်ဖြစ်ပြီး၊ ဆန့်ကျင် ပြောနေသူများကို လစ်လျူရှု ရမည် ဖြစ်ပါသည်။ အမေရိကန်ပြည်ထောင်စု ပြောင်းလဲမှုများကို ကြိုဆိုသင့်ပြီး၊ အလွန်လိုအပ်နေသော နည်းပညာကူညီမှုများပေးရန် ကမ်းလှမ်းပြီး ရှေ့ဆက်လုပ်ဆောင်သင့်လှပါသည်။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် မြန်မာအာဏာပိုင်များ ယခုထက်ပိုလုပ်ရန် အားပေးသလိုဖြစ်မည်ဖြစ်ပြီး၊ အာရှတွင် အမေရိကန်၏ နေရာလည်း ပိုမိုခိုင်မာလာမည် မုချဖြစ်ပါသည်။

ပို၍ အရေးကြီးသော ကိစ္စမှာ မြန်မာပြည်သူများသည် တစ်ခုခုတော့ ထိုက်တန်နေပြီဖြစ်ပါသည်။  

***************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment