Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၀.၁၁.၂၀၁၁

ဘာသာပြန်သတင်းများ (အပိုင်း - ၂)

  1. ဘာလီကျွန်းတွင် ထိပ်သီးညီလာခံအတွက် အာရှခေါင်းဆောင်များနှင့်အတူ အမေရိကန်၊ တရုတ်၊ ရုရှား ခေါင်းဆောင်များ စုဝေးကြမည်

(VOA News မှ 9 Nov 2011 ရက်စွဲပါ US, China , Russia to goin Asian Leaders for summit in bali သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

  1. တရုတ်ရင်ခွင်မှ မြန်မာပြည် ရုန်းထွက်လာပြီလော

(NBC သတင်းဌာန ဘေဂျင်းဗျူရို အကြီးအကဲ Eric Baculinao ရေးသားသည့် Is Burma breaking out of China's embrace? ကို ဆီလျော်အောင်ဘာသာပြန်ဆိုသည်)

***************************************************************************************

ဘာလီကျွန်းတွင် ထိပ်သီးညီလာခံအတွက် အာရှခေါင်းဆောင်များနှင့်အတူ အမေရိကန်၊ တရုတ်၊ ရုရှား ခေါင်းဆောင်များ စုဝေးကြမည်

(VOA News မှ 9 Nov 2011 ရက်စွဲပါ US, China , Russia to goin Asian Leaders for summit in bali သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

လာမည့်သီတင်းပတ်(နိုဝင်ဘာ ၁၄ - ၁၉)တွင် ၁၈ နိုင်ငံမှခေါင်းဆောင်များသည် ၆ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးညီလာခံ တက်ရောက်ရန်အတွက် အင်ဒိုနီးရှားနိုင်ငံဘာလီကျွန်းပေါ်တွင် စုဝေးကြတော့မည် ဖြစ်သည်။

ဒေသတွင်း စီးပွားရေးနှင့် လုံခြုံရေးဆွေးနွေးပွဲဖိုရမ်သည် ယခုနှစ်ပိုင်းများအတွင်း အရေးပါမှု မှန်မှန်တိုးတက်လာခဲ့ပြီး ယခုနှစ်တွင် အမေရိကန် ပြည်ထောင်စု၊ ရုရှားနှင့် တရုတ်နိုင်ငံတို့မှ ခေါင်းဆောင်များ ပထမဆုံးအကြိမ် ပါဝင်လာမည် ဖြစ်သည်။

အိမ်ရှင်နိုင်ငံဖြစ်သော အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားကလည်း ၎င်း၏ ယေဘုယျဆန္ဒတူညီမှု တည်ဆောက်ခြင်း လုပ်ငန်းမှတစ်ဆင့် ညီလာခံ၏ ဂုဏ်သတင်းကို မြှင့်တင်လျက်ရှိသည်။

ဘုရားကျောင်းပဋိပက္ခကြားဝင်ပြန်ဖြေခြင်း

ဖေဖေါ်ဝါရီလအတွင်းက သမိုင်းဝင်ဟိန္ဒူ-ခမာ ဘုရားကျောင်းအနီးတစ်ဝိုက် နယ်စပ်အငြင်းပွားမှုကြောင့် ထိုင်းနှင့် ကမ္ဘောဒီယားအကြား တိုက်ပွဲများ ဖြစ်ပွားရာတွင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးမာတီနာတာလီဂါဝါက အာဆီယံဥက္ကဋ္ဌကဏ္ဍမှနေ၍ ဖြန်ဖြေပေးခဲ့သည်။

အဆိုပါနှစ်နိုင်ငံအကြား လွန်းပြန်ကူးသန်းညှိနှိုင်းပေးနေသော လပိုင်းများအတွင်း နာတာလီဂါဝါက အာဆီယံအဖွဲ့၏ ယေဘူယျသဘောထား တည်ဆောက်ခြင်းနည်းလမ်းကို ကာကွယ်ပြောဆိုခဲ့သော်လည်း နိုင်ငံရေးစီးပွားရေး ဒဏ်ခတ်မှုဖြင့် ခြိမ်းခြောက်၍မရခြင်းက မိမိ၏လုပ်ငန်းကို ပိုမိုခံစား စေကြောင်း ဝန်ခံပြောကြားခဲ့သည်။

ဒစ်ပလိုမေစီ(Diplomacy)နဲ့ ဖိအားပေးလို့ရတယ်ဆိုပေမယ့် Sanctions တွေနဲ့လည်း တွန်းအားပေးဖို့ လိုပါတယ်။ ကျွန်တော်တို့မြင်ကြရမှာပါ။ အခုဒိုင်လူကြီးက အပြင်ထွက်ပေးနေရပါတယ်။ ကျွန်တော့်ဘက်ကိုလည်း နည်းနည်းလောက် ပြန်စဉ်းစားပြီး ကျွန်တော်တို့အာဆီယံရဲ့ နေရာဘယ်မှာ လဲလို့ သုံးသပ်ကြပါဦးဟု နာတာလီဂါဝါက ပြောဆိုခဲ့သည်။

အငြင်းပွား ၂ နိုင်ငံအကြားအပတ်အခေတ်ရပ်စဲရေးသဘောတူညီချက် ရရှိအောင် နာတာလီဂါဝါ ဆောင်ရွက်နိုင်ခဲ့သော်လည်း အငြင်းပွား ဇုံအတွင်း အင်ဒိုးနီးရှား ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်များ စခန်းချရန် တောင်းဆိုသည့် အစီအစဉ်ကိုမူ လက်တွေ့အကောင်အထည် ဖော်နိုင်ခဲ့ခြင်း မရှိပါ။

ယခုအခါ ကမ္ဘာ့လူဦးရေထက်ဝက်ခန့်နှင့် မြန်ဆန်စွာကြီးထွားနေသော စီးပွားရေးနိုင်ငံများစွာ ပါဝင်သောဒေသအတွက် အရေးပါမှု ပိုလာသော အရှေ့အာရှ ထိပ်သီးညီလာခံနှင့် အာဆီယံဖိုရပ်ကို အဆိုပါ ဒစ်ပလိုမေစီကပင် ပြုလုပ်ခဲ့ပြီ ဖြစ်သည်။

အာရှပစ္စဖိတ်ဒေသသည် လာမည့်ဆယ်စုနှစ်များအတွင်း အမေရိကန် အကျိုးစီးပွားများအတွက် အလားအလာနှင့် အရေးပါမှု အရှိဆုံး ဒေသတစ်ခု ဖြစ်သည်ဟု အမေရိကန်တာဝန်ရှိသူများက အမြဲတစေ ပြောဆိုခဲ့ကြသည်။

တောင်တရုတ်ပင်လယ်ဒစ်ပလိုမေစီ

ဇူလိုင်လက နောက်ဆုံးကျင်းပခဲ့သော အာဆီယံဒေသတွင်း လုံခြုံရေးဆိုင်ရာ ထိပ်သီးညီလာခံတွင် နာတာလီဂါဝါက ရေနံကြွယ်ဝသော တောင်တရုတ်ပင်လယ်ပြင် ပြဿနာဖြေရှင်းရန် တရုတ်နှင့် အာဆီယံနိုင်ငံ များအကြား သဘောတူညီမှုရရှိခြင်းကို ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

သို့သော် အဆိုပါ သဘောတူညီချက်သည် “သဘောတူညီမှု ရရှိနိုင်မည့် လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရန် ၂ ဖက်စလုံးကို တောင်းဆိုထား ခြင်းမျှသာဖြစ်သည်။

ထို့အပြင် ညီလာခံ အဝန်းအဝိုင်းတွင် တောင်နှင့်မြောက်ကိုရီးယားတို့မှ တာဝန်ရှိသူများအလွတ် သဘောတွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး ပြုံးယမ်း၏ နျူကလီးယားအစီအစဉ်နှင့်ဆိုင်သော ၆ နိုင်ငံဆွေးနွေးပွဲပြန်လည် စတင်ရန် မျှော်လင့်ချက်ကို အစပျိုးပေးလျက်ရှိသည်။

အင်ဒိုနီးရှားဒုတိယသမ္မတ၏ နိုင်ငံရေးလက်ထောက်တစ်ဦးဖြစ်သူ ဒီဝီဖော်ကျူနာအန်နဝါက “အာဆီယံ ထိပ်သီးညီလာခံများသည် မြေစမ်း ခရမ်းပျိုး သဘောတူညီချက်အဆင့်မျှသာ ထုတ်လုပ်ပေးနိုင်သေးသော်လည်း ဒေသတွင်းငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုကို ထိမ်းသိမ်းရာတွင် အရေးကြီးသော ကဏ္ဍမှ ပါဝင်နေသည်ဟု ပြောကြားသည်။

“အလွန်ဆုံး လုပ်နိုင်တာကတော့ တင်းမာမှုကို ဖြန့်ထုတ်နိုင်အောင် ကြိုးစားတာပါ။ ဒါဆိုရင် ဆိုင်ရာနိုင်ငံတွေအကြား ဆက်နွယ် ပတ်သက်မှုတွေ ရှိလာအောင် ဖန်တီးနိုင်မယ့် လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ဖို့ မျှော်လင့်နိုင် ပြီပေါ့။ ဒီလိုဆိုရင် ပြိုင်ဖက်ရန်သူတွေလို ဆက်ဆံ နေတာထက် အကျိုးတူ ပူးပေါင်းဆောင်ရွက်တဲ့ နည်းလမ်းကို တွေ့လာကြမှာပါ”ဟု အန်နဝါက ပြောကြားသည်။

မြန်မာနိုင်ငံကိစ္စ

၂၀၁၄ တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူရန် မြန်မာတို့ကြိုးပမ်းနေသော ကိစ္စသည်လည်း အရှေ့အာရှ ထိပ်သီးညီလာခံ အစီအစဉ်တွင် ပါဝင်လာဖွယ်ရှိသည်။

မနှစ်က ရွေးကောက်ပွဲများအပြီး ဒီမိုကရေစီလုပ်ငန်းစဉ်ကိုဆက်၍ အကောင်အထည်ဖော်လာခြင်း၊ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို လွှတ်ပေးခြင်း၊ နိုင်ငံရေးအကျဉ်းသားအချို့ကို လွှတ်ပေးခြင်းတို့အတွက် ဆုလာဒ်အဖြစ် ခြွင်းချက်သတ်မှတ်ထောက်ခံမည်ဟု အာဆီယံက ထုတ်ဖော်ပြောကြားထားသည်။

လူ့အခွင့်အရေးအုပ်စု အချို့ကမူ “အာဆီယံသည် အဖွဲ့၏ ကိုယ်ပိုင်ဟန် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး စည်းကမ်းများကို မြန်မာနိုင်ငံ လေးစားလိုက်နာလာအောင် ခပ်မာမာဆက်ဆံ၍ ဖိအားပေးသင့်ကြောင်း” တိုက်တွန်း ပြောဆိုလျက်ရှိသည်။

အန်နုဝါ က ဆက်လက်၍ “အာဆီယံသည် ၂၀၀၅ တွင် ဒီမိုကရေစီ နှင့် ဥပဒေ စိုးမိုးရေး စည်းမျဉ်းများကို စတင်ချမှတ်မည့် ဒေသတွင် ပေါင်းစည်းမှု အဖွဲ့ကြီး ဖြစ်လာအောင် ဦးတည်နေခြင်းကြောင့် ယခုအချိန်တွင် မြန်မာနိုင်ငံ၏ ကြိုးပမ်းမှုကို ထောက်ခံခြင်းသည် အာဆီယံအဖွဲ့၏ ဂုဏ်သိက္ခာအတွက် အန္တာရာယ်ကြီးသည်” ဟု သုံးသပ်ပြော ကြား သည်။

“တကယ်လို့ အရေးပါတဲ့ ပြုပြင်ပြောင်းလဲမှုတွေ မလုပ်ဘူးဆိုရင်၊ ဒါမှမဟုတ် ပြုပြင်ပြောင်းလဲမှုတွေ နောက်ပြန် ဆုတ်သွားမယ်ဆိုရင်တော့ အာဆီယံအသိုင်းအဝိုင်း ပေါင်းစည်းမှု မတိုင်မှီ တစ်နှစ်အလို ၂၀၁၄ မှာ အာဆီယံကို မြန်မာဦးဆောင်တဲ့ကိစ္စဟာ အာဆီယံကို လူထုဆက်ဆံရေး ကဏ္ဍမှာ ဂုတ်သိက္ခာညစ်နွမ်းကျဆင်းမှု ကပ်ဘေးသင့်အောင် ဆိုးကျိုးပေးမယ့် အလားအလာများနေပါတယ်” ဟု အန်နုဝါက ဆိုပါသည်။

သို့သော်လည်း ဒေသတွင်း စီးပွားရေး ကြီးထွားနေသည့် ယခုကဲ့သို့ကာလမျိုးတွင် အာဆီယံပုံစံ၊ အာဆီယံ ဟန်ပန်ဖြင့် နှစ်ဦးနှစ်ဖက် အကျိုး စီးပွားများကို အာရုံစိုက်ခြင်း၊ အားပေးတိုက်တွန်းခြင်း၊ ယေဘူယျတူညီမှုကို အချိန်ယူ တည်ဆောက်ခြင်းတို့သည် ဒေသ၏ ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုကို သေချာစေမည့် အထိရောက်ဆုံးနည်းလမ်းဖြစ်သည်ဟု သူမက မှတ်ချက်ပေးပြောဆိုသွားသည်။

*************************************************************************************

တရုတ်ရင်ခွင်မှ မြန်မာပြည် ရုန်းထွက်လာပြီလော

(NBC သတင်းဌာန ဘေဂျင်းဗျူရို အကြီးအကဲ Eric Baculinao ရေးသားသည့် Is Burma breaking out of China's embrace? ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

မြန်မာအစိုးရသည် ယခုအခါ နှစ်ကာလအတော်ကြာ နိုင်ငံရေးနှင့် စီးပွားရေးအရ အကူအညီ အထောက်အပံ့ ပေးခဲ့သော ဘေဂျင်းအစိုးရနှင့် ရင်းနှီးကျွမ်းဝင်မှုများကို လူသိရှင်ကြားလျှော့ချလာပြီး ဧရာမအိမ်နီးချင်း တရုတ်ပြည်အပေါ် မှီခိုရမှုမှ ရုန်းထွက်ရန် စတင်ကြိုးပမ်းနေပြီဖြစ်သည်။

ပထမဦးဆုံးသော လုပ်ရပ်မှာ တရုတ်ကျောထောက်နောက်ခံ ဒေါ်လာ ၃ ဒဿမ ၆ ဘီလီယံတန် မြစ်ဆုံ ရေအား လျှပ်စစ်စီမံကိန်း တည်ဆောက်မှု ရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်ခြင်းပင်ဖြစ်သည်။ ယင်းရေလှောင်တမံကြီးသည် စင်ကာပူနိုင်ငံ တစ်နိုင်ငံစာလောက်ကို ရေလွှမ်းမိုး သွားအောင် လုပ်ဆောင်နိုင်သည့် အနေအထားတွင် ရှိသည်။

ယင်းစီမံကိန်းကြီးရပ်ဆိုင်းမည်ဟူသော သမ္မတဦးသိန်းစိန်၏ ဆုံးဖြတ်ချက်သည် မြန်မာပြည်တွင်းမှ အတိုက်အခံ အင်အားစုများ၏ မကျေနပ်ချက်များ ပြေလျော့စေရန် ဦးတည်ပုံရသော်လည်း တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို တိုက်ရိုက်ထိခိုက်သွားစေပါသည်။ ယမန်နှစ်က ကျင်းပခဲ့သော အငြင်းပွားစရာ ဒီမိုကရေစီရွေးကောက်ပွဲနောက်ပိုင်းကာလ ဘေဂျင်းအစိုးရနှင့် မဟာဗျူဟာမိတ်ဘက် ဖွဲ့ရန် အကောင်အထည် ဖော်ပြီးနောက် မကြာမီ ဦးသိန်းစိန်က ယင်းသို့ ဆုံးဖြတ်လိုက်ခြင်းလည်း ဖြစ်သည်။

မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ မြန်မာအစိုးရ၏ ဆုံးဖြတ်ချက်ကို အမေရိကန်ပြည်ထောင်စု ဆီနိတ်တာ ဂျွန်မက်ကိန်းက "ရဲဝံ့ပြတ်သားပြီး တာဝန်ယူမှုရှိသော" လုပ်ရပ်တစ်ခုအဖြစ် သတ်မှတ်ဖော်ပြပြီး ချီးမွမ်းပြောဆိုချိန်တွင် ယင်းစီမံ ကိန်းကို တာဝန်ယူ အကောင်အထည်ဖော်နေသည့် တရုတ် China Power Investment Corporation(CPIC) အကြီး အကဲ Lu Qizhou က မြန်မာအစိုးရ၏ ဆုံးဖြတ်ချက်ကြောင့် များစွာ အံ့သြတကြီး ဖြစ်မိသည် ဟု ပြောဆိုသည်။

ထို့ပြင် Lu Qizhou က ဧရာမ ရေအားလျှပ်စစ်စီမံကိန်းကြီးတွင် ပမာဏများပြားလှသော ငွေကြေးများ ရင်းနှီးမြှုပ်ခဲ့ပြီး ဖြစ်သည့်အတွက်ကြောင့် ဥပဒေရေးရာလုပ်ဆောင်ချက်များဖြေရှင်းကောင်းဖြေရှင်းမည်ဟူသော သဘောမျိုးကို

အရိပ်အမြွက်ပေးပြောဆိုခဲ့သည်။ ဤအတောအတွင်းမှာပင် ဘေဂျင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူက တရုတ်လုပ်ငန်းကြီးများ၏ အကျိုးစီးပွားနှင့် တရားဝင်ရပိုင်ခွင့်များအတွက် အကာအကွယ်ပေးမှု လိုအပ်ကြောင်း တိုက်တွန်းပြောဆိုသည်။

ထို့နောက် သမ္မတ ဦးသိန်းစိန်က နောက်ထပ် အံ့အားသင့်စရာ လုပ်ဆောင်ချက်တစ်ရပ်ကို လုပ်ပြလိုက်ပြန်သည်။ ယင်းမှာ အကျဉ်းသား ၆၀၀၀ ကျော်ခန့်ကို နိုင်ငံတည်ဆောက်ရေးတွင်ပူးပေါင်းပါဝင်နိုင်ရန်အလို့ငှာ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ခြင်းပင်ဖြစ်သည်။ သို့သော် လွတ်ငြိမ်း ချမ်းသာခွင့် ရသူများထဲတွင် နိုင်ငံရေးအကျဉ်းသား အနည်းငယ်မျှသာ ပါဝင် သည်။ မြန်မာ့အရေး လေ့လာဆန်းစစ်သူတစ်ဦးကမူ ဦးသိန်းစိန်လက်ထက် ထွက်ပေါ်လာသော ဖြစ်ရပ်များကို "မြန်မာ့နွေဦး တော်လှန်ရေး" (The Burma Spring) ဟု ကင်ပွန်းတပ်ပေးလိုက်သည်။

ယခုလို တစ်မူထူးခြားစွာ လွတ်လပ်မှုရှိနေသော ရပ်တည်ချက်များ ဖြစ်ပေါ်လာရခြင်းအတွက် အကြောင်းအရင်း မှာ ရှင်းရှင်းလင်းလင်းမရှိပေ။ အကြောင်းမှာ မြန်မာအစိုးရသည် ကမ္ဘာပေါ်တွင် ဖိနှိပ်မှုအများဆုံးနှင့် အထီးကျန်အဖြစ်ဆုံး အစိုးရများစာရင်း၌ ထိပ်ဆုံးက ဦးဆောင်နေခဲ့ သောကြောင့်ပင် ဖြစ်သည်။ သို့သော် လစ်ဗျားအာဏာရှင်ဟောင်း ဗိုလ်မှူးကြီးကဒါဖီ ဆိုးဆိုးရွားရွားအခြေအနေဖြင့် သေဆုံးခဲ့ရမှုသည် မြန်မာစစ်အစိုးရ အပါအဝင် တစ်ကမ္ဘာလုံးမှ အာဏာရှင်များ ထိတ်လန့်အောင် သတိပေးလိုက်သည့် ပုံပြင်တစ်ခုသဖွယ်ဖြစ်စေခဲ့သည်မှာ အသေအချာပင်ဖြစ်၏။

အံ့သြစရာ တကယ်ကောင်းသလား

မြန်မာအစိုးရ၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းတွင် ပါဝင်ပတ်သက်သူများက အံ့အားသင့်၊ အမျက်ထွက် ကြသော်လည်း မြန်မာ့အရေးကို အစဉ်တစိုက် မျက်ခြည်မပြတ် စောင့်ကြည့်လေ့လာနေသူ တရုတ်ပညာရှင်တစ်ဦးက ၎င်းအနေဖြင့်များစွာ အံ့အား မသင့်မိကြောင်း ပြောကြားသည်။ မြစ်ဆုံစီမံကိန်းပြီးဆုံးပါက လျှပ်စစ်စွမ်းအင် အကျိုးအမြတ်များစွာ ရရှိနိုင်မည်ဖြစ်သည့် ယူနန်ပြည်နယ်အခြေစိုက် Think Tank တစ်ခုတွင် တာဝန်ထမ်းဆောင် လျက်ရှိသော အဆိုပါပညာရှင်က NBC သတင်းဌာနသို့ ပြောကြားရာတွင် သံတမန်ရေးရာ ပြဿနာ များကြောင့် ၎င်း၏ နာမည်မဖော်ပြရန်ပြောဆိုထားသည်။

"ဒီရေအားလျှပ်စစ်စီမံကိန်းကြီးက အချိန်ကာလအတော်များများအတွင်း ဖိအားပေးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ NGO အဖွဲ့တွေဘက်က အတိုက်အခံလုပ်တာတွေနဲ့ရင်ဆိုင်ခဲ့ရသလို မနှစ်ကဆိုရင် ဗုံးခွဲတိုက်ခိုက်ဖို့ ပစ်မှတ်ထားခံရတဲ့အထိ ဖြစ်ခဲ့တာပါ။ အဲဒီတော့ မြန်မာအစိုးရရဲ့ ဆုံးဖြတ်ချက်က အလွန်အမင်းအံ့အားသင့်စရာ ကောင်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး" ဟု ၎င်းကဆိုသည်။ မြန်မာအစိုးရကယခုလို ဆုံးဖြတ် လိုက်ခြင်းသည် ပြည်တွင်းနှင့် ပြည်ပ၌ ၎င်း၏ ဂုဏ်သိက္ခာ ကောင်းမွန်စေလို၍ဖြစ်သလို အမေရိကန်ပြည်ထောင်စု၏ ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းရေးနှင့် ၂၀၁၄ အာဆီယံ၊ အလှည့်ကျဥက္ကဋ္ဌရာထူး ရရှိနိုင်ရေးတို့အတွက်လည်းရည်ရွယ်သည်ဟု ၎င်းကမှတ်ချက် ပေးပြောဆိုသည်။

တရုတ်-မြန်မာနှစ်နိုင်ငံအကြားဆက်သွယ်ဖောက်လုပ်လျက်ရှိသော ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းအား နောက်ထပ်ပစ်မှတ်တစ်ခုအဖြစ် သတ်မှတ်လာနိုင်ခြင်း ရှိ၊ မရှိဟူသော ကိစ္စမှာလည်း ထုတ်ဖော်ပြောဆိုရန် စောလွန်းသေးသည်။ "မြန်မာနိုင်ငံဟာ အခုအထိ အပြောင်းအလဲတွေ ဆက်တိုက်ဖြစ်နေပြီး အသားကျတဲ့အခြေအနေကို မရောက်သေး ပါဘူး" ဟု အဆိုပါ မြန်မာ့အရေးကျွမ်းကျင်သူကပြောဆိုသည်။

တရုတ်အတွက် ပြဿနာ မဟုတ်လော

"ဘယ်လိုပဲဖြစ်ဖြစ် မြန်မာအစိုးရဆုံးဖြတ်ချက်ဟာ တရုတ်-မြန်မာဆက်ဆံရေးအတွက် အနှောက်အယှက် ဖြစ်မှု တစ်ခု ဒါမှမဟုတ် ခေတ်နောက်ပြန်ဆွဲတဲ့ လုပ်ရပ်တစ်ခုလို့ ပြောလို့မရပါဘူး။ ဒါနဲ့ပတ်သက်ပြီး အလွန်အမင်း အကဲဆတ်နေဖို့ အကြောင်းလည်းမရှိပါဘူး" ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

နိုင်ငံတကာ အကျပ်အတည်းများလေ့လာနေသည့် အုပ်စုတစ်ခုဖြစ်သော ICG မှ အရှေ့တောင်အာရှဒေသဆိုင်ရာ ဒါရိုက်တာ Jim Della Giacoma ကလည်း အဆိုပါ တရုတ်ပညာရှင်၏ သုံးသပ်ချက်ကို သဘောတူသည်။Jim Della Gia coma သည် မြန်မာနိုင်ငံတွင်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာသော ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ပြီးခဲ့သည့် စက်တင်ဘာအတွင်းထုတ်ပြန်သော အစီရင်ခံစာအတွက် အကူအညီပေးရေးသားခဲ့သူလည်း ဖြစ်သည်။

မြစ်ဆုံစီမံကိန်းဆုံးဖြတ်ချက်သည် ထူးခြားလွန်းသောအပြုအမူတစ်ရပ်ဖြစ်ပြီး တရုတ်နိုင်ငံအတွက် သတိပေးချက် တစ်ရပ်ဟု ရှုမြင်သင့်သည့် တိုင် တရုတ်မူဝါဒ အားနည်ချက်တစ်ရပ်ဟု ပြောရလောက်သည့်အဆင့်သို့မရောက်သေးကြောင်း မစ္စတာ Jim Della က NBC သတင်းဌာနသို့ ပြောသည်။

"မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေဟာ ယနေ့အချိန်ထိ သိသိသာသာပင် ကြီးမားနေဆဲ ဖြစ်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း အဲဒီလိုကြီးမားနေဦးမယ်လို့ ကျွန်တော်တို့မျှော်လင့်တယ်" ဟု ၎င်းက ဆိုသည်။ "နိုင်ငံရေးမူဝါဒအပြောင်းအလဲအတွက် သိသာ ထင်ရှားတဲ့ အချက်ပြမှုကတော့ အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာ အကြားအပြန်အလှန်ဆက်ဆံရေး ဒါမှမဟုတ် မြန်မာနဲ့ အီးယူအကြား ဆက်ဆံရေးပဲ ဖြစ်ပါလိမ့်မယ်" ဟု ၎င်းကဆိုသည်။

ပြုပြင်ပြောင်းလဲရေးအတွက် အနောက်ထောက်ပံ့မှုလော

မြန်မာအစိုးရခေါင်းဆောင်များ၏ လတ်တလော လုပ်ကိုင်ဆောင်ရွက်မှုများသည် ပို၍ကြီးမားသော ပွင့်လင်းမှုနှင့် တရုတ်ပြည် လောင်းရိပ် အောက်မှ လွတ်ကင်းမှုရှိရာသို့ ဦးတည်နေသည်ဟူသော အရိပ်လက္ခဏာမျိုး ဖြစ်ကြောင်း Jim Della Giacoma ကပြောကြားသည်။

"အခု မြန်မာနိုင်ငံရဲ့လတ်တလော ပြုပြင်ပြောင်းလဲမှုတွေဟာ စနစ်တကျအစီအစဉ် ရေးဆွဲပြီး လုပ်ထားတာပါ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရေးဆွဲတယ်၊ ရွေးကောက်ပွဲကျင်းပပြီး လွှတ်တော်နဲ့ အစိုးရဖွဲ့ထားတာဆိုတော့ နောက်ကြောင်းပြန်လှည့်ဖို့ဆိုတာ ပိုပြီးခဲယဉ်းသွားပါပြီ။ သူတို့က တိုင်းပြည်ကို စနစ်တကျအုပ်ချုပ်လို့ရမယ့် လမ်းစဉ်ကို ပြောင်းလဲကျင့်သုံးထားတာ။ နောက်ပြီးတော့ ခံနိုင်ရည်မရှိတာတို့၊ မြှောက်ပင့်ပြောတာနဲ့ ဘဝင် မြင့်တတ်တာတို့ နည်းပါးပြီး အရည်အချင်း ပြည့်ဝ၊ စနစ်ကျတဲ့ ခေါင်းဆောင်တွေမွေးထုတ်ထားတာ" ။

အနောက်အင်အားကြီးနိုင်ငံများအနေဖြင့် မြန်မာအစိုးရအပေါ် ကန့်သတ်ချက်နှင့် ခြွင်းချက်သစ်များ ထပ်မံပြဋ္ဌာန်းပြီး ပန်းတိုင်နှင့် ဦးတည် ချက်များ ထပ်မံပြောင်းလဲမှုများ မပြုလုပ်ရန် အရေးကြီးကြောင်း ၎င်းကထောက်ပြ ပြောဆိုပြီး" ဖြောင့်ဖြောင့်တန်းတန်းသွားနိုင်တဲ့ နိုင်ငံရေး ပြောင်းလဲမှု ဆိုတာ မရှိပါဘူး" ဟု မှတ်ချက်ပေးသည်။

တစ်နည်းဆိုပါက မြန်မာနိုင်ငံတွင်း ပို၍ ထိရောက်သော ပြုပြင်ပြောင်းလဲမှုများ ထွက်ပေါ်လာရေးအတွက် အနောက်နိုင်ငံများ သတ်မှတ် ပြဋ္ဌာန်း ထားသော ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားပေးရန်လည်း လိုအပ်သည်ဟူသည့် သဘောမျိုး ဖြစ်သည်။

***************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment