Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၁.၁၁.၂၀၁၁

ဆောင်းပါးကဏ္ဍ

  1. အမွေ

************************************************************************************

ဆောင်းပါးကဏ္ဍ

အမွေ

z-ဖေဝင်း

(နိုဝင်ဘာ ၁၅ ထုတ် News Watch Weekly အတွဲ (၇) အမှတ် (၂၀) မှ ထုတ်ယူဖော်ပြသည်။)

လွန်ခဲ့သော လေးနှစ်လောက်က ဖြစမည်ထင်ပါသည်။ အတွေးအမြင် မဂ္ဂဇင်းတွင် အငြိမ်းစားသံအမတ်ကြီး ဦးသက်ထွန်း၏ မျိုးဆက်များ အကြောင်း ရေးသားသောဆောင်းပါးတစ်စောင် ဖတ်မိပါသည်။ ထိုဆောင်းပါးကို ယခုတိုင် အမှတ်ရနေသည်။ ဦးသက်ထွန်းဆောင်းပါးတွင် ၁၈၇၅ ခုနှစ် ဖွား သခင်ကိုယ်တော်မှိုင်းနှင့် လယ်တီပဏ္ဍိတ ဦးမောင်ကြီးတို့ ခေတ်မှသည် နောက်ပိုင်း ၁၀ နှစ်၊ အနှစ် ၂၀ ကြားမျိုးဆက်များ အကြောင်းနှင့် အထင်ကရ ပုဂ္ဂိုလ်များကို အကြမ်းဖျင်း တို့ထိသွားခြင်းဖြစ်သည်။

၁၉၁၀ ပြည့်နှစ်နှင့် ၂၀ ကြားမျိုးဆက်များတွင် ဗိုလ်ချုပ်အောင်ဆန်း၊ သိန်းဖေမြင်၊ ညိုမြ စသူတို့အပါအဝင် မြန်မာ့နိုင်ငံရေးတွင် ထင်ရှားခဲ့သော ပုဂ္ဂိုလ်အများအပြားပါဝင်သည်။ ထို့နောက် ဒုတိယကမ္ဘာစစ် မတိုင်မီမျိုးဆက်၊ စစ်အပြီး မျိုးဆက်များ စသည်တို့တွင် ထင်ရှားထူးချွန်သူ အနည်းငယ်စီ ရွေးချယ်ဖော်ပြသွားမည်။ ၎င်းဆောင်းပါး၏ တစ်နေရာတွင်မူ ၁၉၇၀ ပြည့်နှစ် မျိုးဆက်များအကြောင်းရေးထားရာတွင် ဤမျိုးဆက်သည် ကံအဆိုးဆုံး ဖြစ်သည်ဟု ရေးထားသည်။ ကျွန်တော်တို့၏ရင်ကို ဒုတ်ဒုတ်ထိလာရောက်ထိမှန်သော စကားပင်ဖြစ်သေည်။ ထိုကြောင့်ပင် ဤဆောင်းပါးကို အမှတ်ရမိနေခြင်း ဖြစ်သည်။

ထို ၇၀ စုအလွန် ကာလများသည် ပြင်းထန်သောကာလများ ဖြစ်သည်။ ဆိုရှယ်လစ်လမ်းစဉ် အရှိန်ရလာလေ တိုင်းပြည်တွင် ဘက်ပေါင်းစုံ ကျဆင်းမှုများ ဖြစ်လာနေချိန်ဖြစ်သည်။ ထိုစဉ်ကတက္ကသိုလ်များ၏ လှုပ်ရှားမှုများသည် ခေတ်တစ်ခေတ် ဖြစ်ခဲ့သည်။ သူငယ်ချင်းတချို့ အဝေးသို့ လွင့်စင်သွားကြသည်။ တချို့အနီးလေးတင်ရှိနေသည်။ သို့သော် တွေ့လို့မရကြ။ စသော……စသော အခြေအနေအမျိုးမျိုး ဖြတ်သန်းခဲ့ကြရသည်။ တချို့ Brain drain တွင် စီးမျော သွားကြသည်။ အတန်းဖော်အတော်များများ ထန်းစေ့မုတ်လောက် နိုင်ငံလေးတွင် ရောက်သွားကြသည်။ ယခု ပြန်လာကြသည်။ Brain တော့မဟုတ်။ အသက်ကြီးသွားလို့၊ ကြံဖတ်ဖြစ်သွားလို့သာ ဖြစ်သည်။

မျိုးဆက်များအကြောင်းကို တွေးကြည့်မိသည်။ ဘကြီးမှိုင်းတို့ခေတ်မှသည် လွတ်လပ်ရေးရသည်အထိ ကာလမျိုးဆက်များ၏ အဓိက ရည်မှန်းချက်ပန်းတိုင်မှာ လွတ်လပ်ရေးပင် ဖြစ်သည်။ ဗမာပြည်ကိုနယ်ချဲ့လက်အောက်မှ လွတ်မြောက်လာရေးသည်သာ အဓိကဖြစ်သည်။ အမျိုးသားရေး စိတ်ဓာတ်သည်သာ အဓိကဖြစ်သည်။ ထိုရည်မှန်းချက် ပြီး မြောက် အောင်မြင်ခဲ့ပါည်။ ထိုခေတ်ကလူမျိုးဆက်များ တာဝန်ကျေခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။ လွတ်လပ်ရေး နှင့်အတူ Professional နိုင်ငံရေးသမားအများအပြား မွေးထုတ်ပေးနိုင်ခဲ့ သည်။ ယခု ၇၀ မျိုးဆက်များကိုအလယ်မှ ထားလျှင် ရှေ့မှာစီနီယာများ ဖြစ်ကြသော ၆၀ခုနှစ်နှင့် ၅၀ ခုမျိုးဆက်များ ရှိနေသည်။ နောက်တွင်လည်း ၈၀ စုနှောင်းပိုင်းနှင့် ၂၀၀၀ ပြည့်နောက်ပိုင်း မျိုးဆက်များ ရှိနေပေသည်။ သူ့ခေတ်သူ့အခါနှင့် ကမ္ဘာကို လွှမ်းမိုးနေတတ်သော အိုင်ဒီယာကြီးများနှင့် အဖြစ်အပျက်ကြီးများကမျိုးဆက် အသီးသီးကို  လည်း လွှမ်းမိုးတတ်ကြသည်မှာ ဓမ္မတာပင်ဖြစ်သည်။ ထိုတိမ်းညွှတ်မှုများအတိုင်း လက်ဝဲဘက်သို့ ရောက်သူများရှိသလို လက်ယာဘက်သို့ ရောက် သွားသူများလည်း ရှိသည်။ တိုင်းရင်သားအုပ်စုများသို့ ရောက်သွားသူများလည်း ရှိသည်။ သို့သော် ဤနေရာတွင် အဓိက တင်ပြလိုသည်မှာ မျိုးဆက် အသီးသီး၏ ရည်မှန်းချက်များနှင့် လက်ဆင့်ကမ်းပေးခဲ့သော အမွေများကိစ္စကို ဝိုင်းဝန်းစဉ်းစားကြစေလိုခြင်း ဖြစ်သည်။

အမေရိကန်လို နိုင်ငံမျိုး၊ တရုတ်ပြည်လို နိုင်ငံမျိုး၏ အနီးခေတ်သမိုင်းကြောင်းများမှာ အတော်ရှင်းသည်။ ဥပမာ အမေရိကန်တွင်ဆိုလျှင် ဖွဲ့စည်းပုံဥပဒေ ရေးဆွဲပြဋ္ဌာန်းပြီးနောက် ၁၈၆၀ ပြည့်လောက်တွင် ပြည်တွင်းစစ်တစ်ကြိမ် ဖြစ်သည်။ နောက်ပိုင်း နိုင်ငံသားအခွင့်အရေး လှုပ်ရှားမှုများ ရှိသည်။ ၁၉၃၀ တွင် စီးပွားရေးကပ်ဘေးကြီး ဖြစ်သည်။ ဤသည်တို့မှာ ကြီးမားသော အဖြစ်အပျက်ကြီးများ ဖြစ်သည်။ အဖြစ်အပျက်တစ်ခုမှ နိဂုံးချုပ်များ၊ သင်ခန်းစာများနှင့် သီအိုရီများ ထွက်လာသည်။ ထိုသီအိုရီများသည် အများအားဖြင့် သမ္မတအသီးသီး၏ မိန့်ခွန်းများ၊ လုပ်ဆောင်များတွင် လက်ဆင့်ကမ်း ဖော်ပြခြင်းဖြစ်သည်။ နောင်မျိုးဆက်များအတွက် သမိုင်းအမွေများလက်ဆင့်ကမ်းခဲ့ကြသည်။

တရုတ်ပြည် သမိုင်းကို ကြည့်လျှင် လွတ်မြောက်ပြီးကာလမှစ၍ နောက်ပိုင်းတွင် အမှားကြီးနှစ်ခုရှိခဲ့ သည်။ ၁၉၅၈ ခုနှစ်မှ ၆၂ ခုနှစ်အထိ ကြာခဲ့ သော ‘မဟာခုန်ပျံကျော်လွှားရေးကာလ’ နှင့် ၁၉၆၄ မှ ၇၄ လောက် အထိ ကြာခဲ့သော မဟာယဉ်ကျေးမှု တော်လှန်ရေးကာလကြီး နှစ်ခုဖြစ်သည်။ တရုတ်တို့ မှားပြီဆိုလျှင် ကြောက်စရာကောင်လောက်အောင် မှားပါသည်။ မဟာခုန်ပျံကျော်လွှားရေးကာလတွင် လူပေါင်းသန်း ၅၀ ခန့် သေဆုံးခဲ့၍ ၁၀ နှစ်တာ ကြာရှည်သော ယဉ်ကျေးမှုတော်လှန်ရေးကာလအတွင်း သန်းဆယ်နှင့်ချီသော လူများသေဆုံးခဲ့ပြီး စီးပွားရေးအားလုံးပျက်စီးခဲ့သည်။ သို့သော် တိန့်ရှောင်ဖိန် တက်လာပြီး ၁၉၇၈ နောက်ပိုင်းတွင် ပြုပြင်ပြောင်းလဲရေးများ လုပ်ခဲ့ရာ အဆိုးသံသရာ ပြန်ကျော့လာခြင်း မရှိတော့။ အကောင်းဘက် သို့သာ ဦးတည်သွားခဲ့သည်။ ၁၉၈၀ နောက်ပိုင်းမျိုးဆက်နှစ်ဆက်မျှ သမ္မတသုံးဆက်မျှ ကောင်းမွေများကိုသာ ပေးခဲ့သည်။ ယခု ၁၉၁၂ ခုနှစ်တွင် နောက်သမ္မတတစ်ယောက်သို့ အေးချမ်းစွာ လက်ဆင့်ကမ်းသွားရေး စီစဉ်ပြီး ဖြစ်နေသည်။

ထိုသို့ ရှင်းရှင်းလင်းလင်းပေါ်ပေါ်ထင်င် လုပ်ဆောင်နိုင်မှုမျိုး ကျွန်တော်တို့တွင် မရှိပါချေ။ သို့သော် စီနီယာ မျိုးဆက်များ၏ စိတ်ဓာတ်ကိုမူ အလို အလျောက် နားလည်နေကြသည်ဟု ထင်ပါသည်။ လွတ်လပ်ရေးရပြီးချိန်မှစ၍ ယခုချိန်ထိ အဓိကလမ်းကြောင်းကြီးမှာ လွတ်လပ်မှု၊ တရား မျှတမှုနှင့် ဒီမိုကရေစီရှိမှု လမ်းကြောင်းပင် ဖြစ်သည်။ ယခုစီနီယာ မျိုးဆက်များ၏ တာဝန်များပါ အားလုံး နောက်မျိုးဆက်နှစ်ခုပေါ်သို့ ပုံကျလျက် ရှိနေသည်။ ၎င်းမျိုးဆက်များသည်လည်း အရေးတော်ပုံစိတ်ဓာတ်အဆင့်မှ Professional နိုင်ငံရေးသမားအဆင့်သို့ တက်လှမ်းနိုင်ကြပြီဟု ယူဆ ရပါသည်။

လက်ရှိ အင်စတီကျူးရှင် အပြောင်းအလဲများ ရှိနေသည်။ ထိုအခြေအနေများမှတစ်ဆင့် စစ်မှန်သော အပြောင်းအလဲများ ဖြစ်လာအောင်၊ သမ္မတကြီး၏ မိန့်ခွန်းပါ စကားအရဆိုလျှင် ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာရသော အခြေအနေမျိုးသို့ ရောက်ရှိလာအောင် သေနင်္ဂဗျူဟာ၊ နည်းပရိယာယ်များ မည်သို့ဖော်ဆောင် ကြရမည်ကို နိုင်ငံရေးသမားပီသစွာ စဉ်းစားကြဖို့ လိုပါသည်။ ယခုအမေရိကန်တွင် ကြုံတွေ့နေရသော စီးပွားရေးအကျပ်အတည်းနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံရေးလောကတွင် အပျော်တမ်းနိုင်ငံရေးသမားများ ပေါများနေမှုကြောင့် ဖြစ်ရသည်ဟူသော သုံးသပ် ရေးသားချက်များကို တွေ့ရသည်။ ကျွန်တော်တို့ နိုင်ငံတွင် နိုင်ငံရေးသမားစစ်စစ်များရှိခဲ့ဖူးပါသည်။ အကြောင်းကြောင်း ကြောင့်ပင် ဒူပေနာပေ ခံသော နိုင်ငံရေးသမားများ ထွက်ပေလာရမည် ဖြစ်ပေသည်။ စီနီယာမျိုးဆက်များ၏ မျှော်မှန်းချက်များ ပြီးမြောက်အောင်မြင်ရန် ကိစ္စမှာ ထိုမျိုးဆက်များ၏ ပခုံးပေါ်သို့ ကျရောက်လျက်ရှိနေပေပြီ။

*************************************************************************************** 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment