Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၁၁.၁၁.၂၀၁၁

ပြည်တွင်းသတင်းများ

  1. ရေမရသဖြင့် ရေမီတာဆောင်နိုင်မည်မဟုတ်ကြောင်း သင်္ဃန်းကျွန်းပြည်သူများ ပြောကြား
  2. မောင်စူးစမ်းနှင့် ကျော်ဝင်း စာမူများ ပြည်သူ့ခေတ်တွင် မဖော်ပြရန် မူချမှတ်
  3. ကထိန်အလှူခံ မြို့နယ် ထောက်ခံချက်လို

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ဒေါ်အောင်ဆန်းစုကြည်ရွေးကောက်ပွဲဝင်ခြင်းထက် လွှတ်တော်ပြင်ပနိုင်ငံရေးလုပ်ခြင်းက ပိုသင့်လျော်ကြောင်း နိုင်ငံရေးသမား အချို့ သုံးသပ်
  2. မန္တလေး၌ တရားစီရင်ရေး ခြစားမှုကင်းစေရန် ဆောင်ရွက်မည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

***************************************************************************************

ပြည်တွင်းသတင်းများ

ရေမရသဖြင့် ရေမီတာဆောင်နိုင်မည်မဟုတ်ကြောင်း သင်္ဃန်းကျွန်းပြည်သူများ ပြောကြား

ငမိုးရိပ်ဆည်မှ ရေပေးဝေနေသည့် သင်္ဃန်းကျွန်းမြို့နယ်သည် သောက်သုံးရေလုံလောက်အောင် မရရှိသဖြင့် ရေမီတာကြေးကို ပေးဆောင်မည် မဟုတ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ်နေ ပြည်သူများက ပြောကြားသည်။

"ပြည်သူ့အသံကို လွှတ်တော်က နားမထောင်ဘူး။ အဲဒီတော့ ရတဲ့နည်းနဲ့ လုပ်ရမှာပဲ။" ဟု သင်္ဃန်းကျွန်းနယ်ခံတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး၏ ပထမအကြိမ် ဒုတိယပုံမှန်အစည်းဝေးတွင် သောက်သုံးရေ လုံလုံလောက်လောက် ရရှိရေးအတွက် သင်္ဃန်းကျွန်း မြို့နယ် တိုင်းဒေသကြီးအမတ် ဦးကျော်၏ အဆိုတင်သွင်းမှုသည် မဲအပြတ်အသတ်ရှုံးနိမ့်ပြီး လွှတ်တော်မှတ်တမ်းအဖြစ်သာ အသိအမှတ် ပြုခဲ့ကြကြောင်း သိရသည်။

လွှတ်တော်တွင် စည်ပင်သာယာ၏ အသုံးစရိတ်ကိန်းဂဏန်းများကိုဖော်ပြပြီး ခုခံကာကွယ်ဆွေးနွေး သွားကြကြောင်း၊ ယင်းအဆိုကို မလိုအပ်သည့် အဆိုဟု မပြောရုံတမယ် ဆွေးနွေးသွားခဲ့ကြောင်း အထက်ပါအမတ် ဦးကျော်က ပြောကြားသည်။

သင်္ကန်းကျွန်းမြို့နယ်တွင် သောက်သုံးရေ အလုံအလောက်မရရှိသည့် ပြဿနာသည် ၂နှစ်နီးပါးခန့် ကြာမြင့်နေပြီ ဖြစ်ပြီး ယင်းမြို့နယ်၏ ၇၅ ရာခိုင်နှုန်းမှာ သောက်သုံးရေပြဿနာများ ခံစားနေရကြောင်း ဦးကျော်က ပြောကြားသည်။

“အတတ်နိုင်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမှာပါ။” ဟု သင်္ဃန်းကျွန်းမြို့နယ် စည်ပင်သာယာရေးမှ တာဝန်ခံတစ်ဦးက ပြောကြားသည်။

ယင်းပြဿနာကို လွှတ်တော်၌တင်ပြပြီးနောက် တိုင်းအဆင့်၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်အထိ သင်္ဃန်းကျွန်းမြို့နယ်တွင် လာရောက် ကွင်းဆင်းလေ့လာသွားကြောင်း ယင်းဒေသခံတချို့က ပြောဆိုသည်။

အထက်ပါအဆိုကို ဦးကျော်က လွှတ်တော်ထဲတွင် ပြန်လည်တင်သွင်းသွားမည် ဖြစ်သော်လည်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အမတ် များတွင် ပြည်ခိုင်ဖြိုးရေးအမတ် အယောက် ၉၀ကျော်ကို ပြည်ခိုင်ဖြိုးပါတီ(ရန်ကုန်) တာဝန်ခံ ဦးအောင်သိန်းလင်းက ထိန်ချုပ်ထားသည့်အတွက် မဲခွဲဆုံးဖြတ်ရာတွင် အခက်အခဲရှိနိုင်ကြောင်း ဦးကျော်က ဆက်လက်ပြောကြားခဲ့သည်။

 Peace Press

------------------------------------------------------------------------------------------------------------------------

မောင်စူးစမ်းနှင့် ကျော်ဝင်း စာမူများ ပြည်သူ့ခေတ်တွင် မဖော်ပြရန် မူချမှတ်

ရန်ကုန်အခြေစိုက် နိင်ငံရေးအသားပေး သတင်းဂျာနယ် တစ်စောင်ဖြစ်သည့် ပြည်သူ့ခေတ် သတင်းဂျာနယ်တွင် ၀ါရင့်သတင်းစာဆရာကြီး မောင်စူးစမ်းနှင့် အမျိုးသားစာပေဆုရ ဆရာကျော်ဝင်းတို့၏ ဆောင်းပါးများနှင့် အတွေးအမြင်များကို ဖော်ပြခြင်းမပြုရန် မူချထားကြောင်း ပြည်သူ့ခေတ် ဂျာနယ်နှင့် နီးစပ်သူ အယ်ဒီတာတစ်ဦးအဆိုအရသိရှိရသည်။

၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်ကပင် ရွေးကောက်ပွဲလမ်းကြောင်းကို မြန်မာ့နိုင်ငံရေးအလှည့်အပြောင်း၊ မြန်မာနိုင်ငံရေး အကျပ်အတည်း ထွက်ပေါက်အဖြစ် ထောက်ခံရေးသားခဲ့သဖြင့် ဆရာမောင်စူးစမ်းနှင့် ဆရာကျော်ဝင်းတို့ကို လက်ဝဲစာပေအသိုင်းအ၀ိုင်းက တူးတူးခါးခါး ဖယ်ကျဉ် ထားခဲ့ကြောင်း ပြည်သူ့ခေတ်ကလည်း ဆရာနှစ်ယောက်၏ စာမူများကို ဖော်ပြခြင်းမပြုရန် သဘောထားချမှတ်ထားကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။

မြန်မာစာနယ်ဇင်း အသိုင်းအ၀ိုင်းတွင် ဖဆပလ ခေတ်ကတည်းက ဂိုဏ်းဂဏစွဲဖြင့် စာပေအုပ်စုလေးများ ရှိခဲ့ကြောင်း ဆရာဒဂုန်တာရာ၏ နာမည်ကို ပုံနှိပ်ဖော်ပြမည်စိုးသဖြင့် ခဲစာလုံးရှိ နာမည်ကို ဓါးဖြင့်ကော်ထုတ်သည့် ဖြစ်စဉ် မြန်မာစာပေလောကတွင် ဖြစ်ပွားခဲ့ဖူးကြောင်း ဂိုဏ်းဂဏ ပဋိပက္ခများအကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

ကွန်မြူနစ်ဝါ၏ လမ်းပြရှေ့ဆောင် တစ်ဦးဖြစ်သူ မော်စီတုန်းကမူ ပန်းပေါင်းတစ်ရာပွင့်နိုင်ကြပါစေ ပညာရှိတိုင်း ငြင်းခုန်နိုင်ကြပါစေ ဆိုပြီး လွတ်လပ်စွာ သဘောကွဲလွဲခွင့်ပြုထားသည်။

ဆရာကျော်ဝင်း၏ ဆောင်းပါးများကို ကြိုက်သည့် ဆောင်းပါးများ ရှိသလို မကြိုက်သည့် ဆောင်းပါးများလည်း ရှိကြောင်း မည်သို့ပင်ဖြစ်စေ မျိုးဆက်သစ်လူငယ်များ လေ့လာရေးကို ဘောင်ခတ်ကန့်သတ်ခြင်း မပြူသင့်သလို လူကြီးများ၏ ဂိုဏ်းဂဏအစွဲများ၊ အာဃာတများ၊ အမုန်းတရားများကို မျိုးဆက်သစ်လူငယ်များကို လက်ဆင့်ကမ်းအမွေ ပေးဝေခြင်း မပြူသင့်ကြောင်း အသက်၂၅နှစ်အရွယ် လူငယ်အယ်ဒီတာတစ်ဦးက မှတ်ချက်ပြု ပြောဆိုသည်။

လက်ရှိ မြန်မာ့ဒီမိုကရေစီရေး လုပ်ရှားမှုသည် ငါနှင့်မတူ င့ါရန်သူဆိုသည့် သဘောမျိုးနှင့် ရန်ငါစည်း လိုက်ပိုင်းခြားနေလို့ မရကြောင်း စစ်အစိုးရနှင့်ပင် တွေ့ဆုံဆွေးနွေးရေး အမျိုးသားပြန်လည်သင့်မြတ်ရေး နိုင်ငံရေးလုပ်ငန်းစဉ် ရှိသူများအနေဖြင့် လွတ်လပ်စွာ သဘောကွဲလွဲခွင့်ကို လက်တွေ့ကျင့်သုံးသင့်ကြောင်း ပမညတ တိုင်းရင်းသား အမတ်ဟောင်းတစ်ဦးက သုံးသပ်ပြောကြားသည်။

“အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုတာကို အစိုးရနဲ့ NLD သင့်မြတ်ရေးလောက် မြင်လို့မရဘူး တမျိုးသားလုံးပြန်လည်သင့်မြတ်ရေးပဲ ရန်သူ ပျောက်နေတာမျိုး ရန်မီးလိုက်ပွားနေတာမျိုး မဖြစ်သင့်ဘူး” ဟု ၎င်းကဆိုသည်။

မိဖြူ

-----------------------------------------------------------------------------------------------------------------------------------

ကထိန်အလှူခံ မြို့နယ် ထောက်ခံချက်လို

မြန်မာရိုးရာ ကထိန် အလှူခံများကို မြို့နယ်ကျော်၍ အလှူခံခြင်း ခွင့်မပြုသကဲ့သို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ထောက်ခံချက်ယူပြီးမှ မြို့နယ်တွင်း အလှူခံခွင့်ရှိကြောင်း လှိုင်မြို့နယ်မှ အနှေးယာဉ်လုပ်သားတစ်ဦးက ပြောကြားသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ဆိုက်ကားဂိတ်မှူး တာဝန်ခံမှုဖြင့် မည်သည့်ရပ်ကွက်များကို အလှူခံထွက်မည့်အကြောင်း အသိပေး ထောက်ခံချက် မရကြောင်း ထောက်ခံချက်အတွက် ငွေကြေးပေးရခြင်းတော့ မရှိသော်လည်း စိတ်အနှောက်အယှက်ဖြစ်ရကြောင်း ၎င်းက ပြောကြားသည်။

“၂၀၀၇ တုန်းကလည်း မေတ္တာပို့ ဖွင့်တာ ရယက လာပိတ်ခိုင်းတယ် အစိုးရရဲ့ အမိန့်တော့ မဖြစ်နိင်ဘူး အောက်က အူကြောင်ကြားလုပ်တာပဲ ဖြစ်မယ်”ဟု ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်တွင် မြန်မာစာ နောက်ဆုံးနှစ်တက်နေသူ အနှေးယာဉ်လုပ်သားတစ်ဦးက ဆိုသည်။

အနှေးယာဉ်လုပ်သားအများစုသည့် ပင်ပန်းဆင်းရဲပြီး ပညာကောင်းစွာ မသင်ကြရသဖြင့် အသောက်အစား၊ လောင်းကစားနှင့် လောဘ၊ ဒေါသ တခြားလူထက် ပိုများကြောင်း ကထိန်ခင်းလျှင် အပယ်တံခါးပိတ်သည်ဟု ဆရာတော်များ ပြောကြားသဖြင့် ကထိန်ကို မိမိတို့ချွေးနဲ့ရင်းကာ ပင်ပင်ပန်းပန်း အလှူခံထွက်ပြီး ဘုန်းကြီးကျောင်းများကို တစ်ဂိတ်နှင့် တစ်ဂိတ်အပြိုင်အဆိုင် လှူဒါန်းနိုင်အောင် အရုပ်များ၊ ကျွဲအကများနှင့် မရှက်မကြောက် အလှူခံပြီး ထွက်ကြကြောင်း အသက် ၅၉နှစ်အရွယ် ဆိုက်ကား အုံနာတစ်ဦးက ဆိုသည်။