Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၀.၁၁.၂၀၁၁

ဆောင်းပါးကဏ္ဍ

  1. ဒီမိုကရေစီ တကယ်အလုပ်ဖြစ်ဖို့လိုတယ်

************************************************************************************

ဆောင်းပါးကဏ္ဍ

ဒီမိုကရေစီ တကယ်အလုပ်ဖြစ်ဖို့လိုတယ်

ဒီမိုကရေစီဆိုသည်မှာ မတည့်အတူနေဆိုသည့် နိုင်ငံရေးသဘောတရား တစ်ရပ်ဖြစ်သည်။ အယူအဆနှင့် အကျိုးစီးပွားများမည်မျှပင် ကွဲလွဲ နေပါစေ စွန့်စားမှုများသည့် လမ်းကြောင်းပေါ်သို့ မရောက်သွားအောင် ဂုဏ်သိက္ခာရှိရှိ ဖြေရှင်းရသည့် လုပ်ငန်းစဉ်မျိုးဖြစ်ပါသည်။ အားနည်းချက်ဟူ၍ မူဝါဒရေးရာ ကိစ္စရပ်များတွင် အသံဗလံများဆူညံ၍ မည့်သို့ ဆုံးဖြတ်ချက်ချရမည်မသိဘဲ အချိန်ကြန့်ကြာနေမှုသာ  ဖြစ်သည်။ ဒီမိုကရေစီ တကယ် အလုပ်ဖြစ်၊ မဖြစ်သိလိုလျှင် ဒီမိုကရက်တစ် အင်စတီကျူးရှင်းဖြစ်သော လွှတ်တော်နိုင်ငံရေးနှင့် လွှတ်တော်ပြင်ပနိုင်ငံရေးတို့၏ နိုင်ငံရေးဖြစ်စဉ်များကို သုံးသပ်ကြည့်လျှင် သိနိုင်ပါသည်။

လွှတ်တော်နိုင်ငံရေးမှာ ဒီမိုကရေစီ၏ ပင်မ ရေစီးကြောင်းနိုင်ငံရေး (mainstream politic) ဖြစ်ပြီး အာဏာနိုင်ငံရေးဟူ၍ သဘောပေါက် နားလည်ထားကြသည်။ လွှတ်တော်ပြင်ပနိုင်ငံရေးမှာ နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးနယ်ပယ်များတွင် အစိုးရအပေါ် တစ်စုံတစ်ရာ သြဇာ လွှမ်းမိုးနိုင်အောင် (တနည်း လွှတ်တော်နိုင်ငံရေး) နိုင်ငံသားစိတ်ဓာတ်ဖြင့် တာဝန်ယူဆောင်ရွက်သည့် အမျိုးသားနိုင်ငံရေး ဖြစ်သည်။ ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ ဒီမိုကရေစီဖြစ်စဉ်များကို အထက်ပါ ပေတံဖြင့် တိုင်းတာကြည့်ပါက အားရစရာ ကောင်းလောက်အောင် ဖြစ်ထွန်းမှု မရှိသည်ကို တွေ့ရသည်။ သို့သော် ဖွံ့ဖြိုးပြီး နိုင်ငံများတွင်တော့ လွှတ်တော်နိုင်ငံရေးနှင့် လွှတ်တော်ပြင်နိုင်ငံရေးဖြစ်စဉ်များမှာ ရင်သက်ရှုမောဖွယ် ကောင်းလောက်အောင် လည်ပတ် လှုပ်ရှားနေနိုင်လေသည်။ သို့နှင့် ဒီမိုကရေစီဆိုသည်မှာ ဖွံ့ဖြိုးပြီးနိုင်ငံများတွင်သာ လက်တွေ့အလုပ်ဖြစ်သည့် ဇိမ်ခံပစ္စည်း တစ်ခုလေလော ဟူ၍ ပင်ဖြစ်ပါသည်။

ဤသို့ဖြင့် နိုင်ငံများ ဒီမိုကရေစီကျင့်သုံးမှုကို (တနည်း ဖြတ်သန်းမှု) စနစ်တကျလေ့လာသော ဒီမိုကရက်တိုက်ဇေးရှင်း ဟူသော သဘော တရားကို အထူးအလေးပေးဖော်ပြလာကြသည်။ ယင်းချဉ်းကပ်မှုဖြင့် ဒီမိုကရေစီ အဓိပ္ပယ်ဖွင့်ပါက  အထက်ပါမေးခဲ့သည့် မေးခွန်းအတိုင်း ချမ်းသာသည့် နိုင်ငံများတွင်သာ ဖြစ်ပေါ်သည့် ဇိမ်ခံပစ္စည်းမဟုတ်၊ မတည့်အတူနေဆိုသည့် သဘောတရား နက်နက်နဲနဲ သဘောပေါက်နားလည်ကာ ယင်းအတိုင်း လက်တွေ့ကျင်သုံး နိုင်သည့် အထိ စိတ်ရှည်ရှည် ဇွဲသန်သန်နှင့်ဖြတ်သန်းရမည့် ဖြစ်စဉ်တစ်ခုသာဖြစ်ပါသည်။

သို့သော် ဒီမိုကရေစီကို အမည်ခံ အဖြစ်လုပ်ခြင်းမျိုးမဟုတ်ဘဲ တကယ်အလုပ် ဖြစ်အောင်ဆိုလျှင် လွှတ်တော် နိုင်ငံရေးတွင် ပါဝင်နေသော ကိုယ်စားလှယ်များမှာ နိုင်ငံ၏ အရေးကို အစစ်အမှန် အကျိုးဆောင်လိုသည့် နိုင်ငံရေးအကျိုး ဆောင်များဖြစ်ဖို့လိုပါသည်။ အာဏာနိုင်ငံရေးမှာ နိုင်ငံ တည်ဆောက်ရေး ရှုထောင့်ခြင်း မတူညီသည့် အတိုက်အခံအသွင် ဆောင်နေသည့် နိုင်ငံရေးအင်အားစုများ အချင်းချင်း စိန်ခေါ်မှုများ၊ ထိုးနှက်ချက်များ၊ နိုင်ငံရေး ကစားကွက်များ ရှိနေမှာ ဖြစ်သည့်တိုင် နိုင်ငံ့အရေးဟူသော ဘုံတူညီချက်တော့ ရှိရပါလိမ့်မည်။ ယင်းကဲ့သို့ စိတ်အခံရှိမှာသာလျှင် နိုင်ငံ အတွက် အကျိုးကျေးဇူးရှိမှာဖြစ်သလို နိုင်ငံရေးလောကတွင်လည်း ရေရှည်ရှင်သန်နိုင်မည်ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ လွှတ်တော် အသစ်တွင် သင်္ဃန်းကျွန်း လွှတ်တော်အမတ် ဦးသိန်းညွှန်း၏ တင်သွင်းသည့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံသူများအား လွှတ်ပေးရေးနှင့် ပတ်သက်သည့် အဆိုကို တုံ့ပြန်သည့် လွှတ်တော်တွင်း နိုင်ငံရေး ကစားကွက်များ၊ ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်လုပ်ပိုင်ခွင့်နှင့် ပတ်သက်၍ ဆွေးနွေးငြင်းခုံမှုများကို ကြည့်ခြင်းအားဖြင့် ဒီမိုကရေစီ တကယ် အလုပ် ဖြစ်သည့် အရိပ်အရောင်များ သန်းနေပြီဟူ၍ပင် ကောက်ချက် ချ၍ ရနိုင်ပါသည်။

လွှတ်တော်ပြင်ပ နိုင်ငံရေးကဏ္ဍမှာလည်း ဒီမိုကရေစီ အလုပ်ဖြစ်ရေးအပေါ် များစွာအကျိုးသက်ရောက်မှု ရှိပါသည်။ အာဏာနိုင်ငံရေး မဟုတ်သည့် အမျိုးသားနိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူ (stakeholders) များမှာ ပြည်သူ လူထုတရပ်လုံးပင်ဖြစ်သည်။ နိုင်ငံအတွင်း အကြောင်း အမျိုးမျိုးကြောင့် အားနည်းနေရသည့် လူမှုအရင်းအနှီးကို ပြည်သူများက ဝိုင်းဝန်တည်ဆောက်ကြဖို့ဖြစ်သည်။ အမျိုးသားနိုင်ငံရေးမှာ စီးပွားရေးနယ် ပယ်၊ သဘာဝပတ်ဝန်းကျင်နယ်ပယ်၊ မီဒီယာနယ်ပယ်နှင့် လူမှုရေးနယ်ပယ်တို့တွင် အသင်းအဖွဲ့အသွင်ဖြင့် မိမိတို့၏ သက်ဆိုင်ရာ အကျိုးစီးပွားအတွက် လူမှု လှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်သည့် ဖြစ်စဉ်ဖြစ်သည်။ တရားဥပဒေစိုးမိုးကို ရည်သန်၍ ရှေ့နေများစုပေါင်း၍ လှုပ်ရှားသည့်ဖြစ်စဉ်မျိုး၊ အားနည်း လာပြီဖြစ်သည့် မြတ်ဆရာပူဇော်ပွဲကျင်းပမှုကို ကျောင်းသားဟောင်းများမှ မိမိတို့၏ ကျောင်းမှာလည်း နှစ်စဉ်ပြုလုပ်၍ အခြားသူများပါ ပါဝင်လာအောင် လှုံ့ဆော်ခြင်းမျိုး အစရှိသည်တို့ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် တလောက ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည့် မြစ်ဆုံစီမံကိန်းမှာ အရပ်ဘက်လူ့အဖွဲ့အစည်းများ၏ သြဇာသက်ရောက်မှုနှင့် တည်ဆဲအစိုးရ၏ ဒီမိုကရက်တစ် တာဝန်ခံမှုကို အထင်သားတွေ့မြင်ခဲ့ရလေသည်။ မြစ်ဆုံအရေးကို အထူးအလေးထား သည့် သဘာဝ ပတ်ဝန်းကျင်အုပ်စုများနှင့် မီဒီယာတို့၏ အလေးထား ထောက်ပြချက်များ၊ မူဝါဒချမှတ်သူများ၏ လေးနက်သည့် ဆင်ခြင် ဆုံးဖြတ်ချက် များသည် အမျိုးသားနိုင်ငံရေး၏ သွင်ပြင်လက္ခဏာများပင် ဖြစ်သည်ဟု ကောက်ချက်ချ၍ ရနိုင်ပါသည်။

နိဂုံးချုပ်အားဖြင့်ဆိုရလျှင်မူ ဒီမိုကရေစီမှာ ဖွံ့ဖြိုးပြီးနိုင်ငံများတွင်သာ အလုပ်ဖြစ်သည့် ဇိမ်ခံပစ္စည်းတစ်ခုတော့ မဟုတ်ပါ။ သို့သော် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုနှင့် ဒီမိုကရေစီ ကူးပြောင်းရေးဖြစ်စဉ်မှာ တစ်စုံတစ်ရာ ဆက်စပ်မှုရှိပါသည်။ ထိုအတွက်ကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကို နိုင်ငံရေးအင်းအားစုအားလုံး၏ ဘုံအကျိုးစီးပွားအဖြစ် ရှုမြင်လာကြပြီလည်း ဖြစ်သည်။ သမ္မတ ဦးသိန်းစိန်အနေဖြင့်လည်း နေပြည်တော်တွင် ကျင်းပ ပြုလုပ်သည့် စီးပွားရေးဖိုရမ်တွင် အစိုးရတစ်ရပ်၏ ပျက်ကွက်မှုများ(Government failure) ဟူသော စကားလုံးကို လေးလေးနက်နက် သုံးစွဲသွား ကြောင်း တွေ့ရသည်။ ထိုအတွက်ကြောင့် သမ္မတဦးသိန်းစိန်ကဲ့သို့ အာဏာရခေါင်းဆောင်ကောင်းလည်းရှိ၊ ဒေါ်အောင်ဆန်း စုကြည်ကဲ့သို့ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ပြည်သူများ၏ လေးစားကြည်ညိုခြင်းခံရသည့် အမျိုးသားခေါင်းဆောင်လည်း ရှိသည့် ယခုလိုအခါသမယတွင် လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ နိုင်ငံရေးအင်အားစုများမှာ နိုင်ငံတည်ဆောက်ရေးတွင် လက်တွဲညီညီဖြင့် ကြိုးပမ်းရင်း မြန်မာနိုင်ငံတွင်လည်း ဒီမိုကရေစီ တကယ် အလုပ်ဖြစ်ကြောင်း ကမ္ဘာသိအောင်ပြဖို့ အချိန်တန်ပြီဖြစ်ပါကြောင်း………………။

 **************************************************************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment