Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၁၀.၁၁.၂၀၁၁

ပြည်တွင်းသတင်းများ

  1. ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရခွင့်ပြုချက်ဖြင့် ဆန်တင်ပို့ခွင့်ရမည်
  2. နိုင်ငံတကာ ပေါက်ဈေးဖြင့်သာ ဓာတ်ဆီရောင်းချမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. နိုဝင်ဘာလအတွင်း ဥရောပသမဂ္ဂဝန်ကြီးတစ်ဦး မြန်မာသို့ လာရောက်မည်
  2. ၂၀၁၃ ခုနှစ်၌ ပြည်တွင်းဉာဏပစ္စည်း ဥပဒေ ပြဋ္ဌာန်းမည်
  3. လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးဆိုင်ရာ စစ်တမ်း ထုတ်ပြန်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

***************************************************************************************

ပြည်တွင်းသတင်းများ

ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရခွင့်ပြုချက်ဖြင့် ဆန်တင်ပို့ခွင့်ရမည်

သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ အစိုးရများ၏ ခွင့်ပြုချက်ရရှိပါက မြန်မာနိုင်ငံ၏ အဓိက ထုတ်ကုန်ဖြစ်သည့် ဆန်စပါးအား နယ်စပ်မှတဆင့် ပြည်ပသို့ တင်ပို့ရောင်းချခြင်းများကို ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၌ ပြောကြားသွားခဲ့သည်။

ယခုကဲ့သို့ နယ်စပ်မှတစ်ဆင့် ပြည်ပသို့ ဆန်တင်ပို့ရန် ခွင့်ပြုရခြင်းမှာ ကမ္ဘာ့ဆန်ဈေး ကျဆင်းနေသည့်အပေါ် မူတည်၍ ပြည်တွင်းဆန်ဈေးပါ ကျဆင်းသွားမည်ကို စိုးရိမ်သည့်အတွက် ဆန်တင်ပို့ရန် ခွင့်ပြုခြင်းပာု ပြည်တွင်းဆန် လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိ ကမ္ဘာ့ဆန်ဈေးကွက်တွင် မြန်မာ့ဆန်မှာ ၂၅ မှတ်တန် တစ်တန်လျှင် ကန်ဒေါ်လာ ၃၆၀ ဝန်းကျင်ခန့် ရှိနေသည့်အတွက် ယခင် ဆန်ဈေးနှုန်းနှင့် နှိုင်းယှဉ်လိုက်ပါက ဆန်တစ်တန်လျှင် ဒေါ်လာ ၃၀ ဝန်းကျင်ခန့် ဆန်ဈေး ကျဆင်းလျက်ရှိကြောင်း သိရသည်။

ယခုကဲ့သို့ မြန်မာ့ဆန်ဈေး ကျဆင်းရခြင်းမှာ အိန္ဒိယနိုင်ငံမှ အရန်ဆန်နှစ်သန်းအား ဈေးကွက်ထဲသို့ ဖြန့်ခဲ့ခြင်းကြောင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ကမ္ဘာ့ပေါ်ရှိ ဆန်ထွက်ရှိသည့် နိုင်ငံအသီးသီး၌ ရာသီဥတု ဖောက်ပြန်မှုများ၊ ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ဆန်စပါး အများအပြား ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဆန်စပါးအသီးသီး ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့်အတွက် ဆန်ကုန်သည်များမှာ မြန်မာနိုင်ငံမှ ဆန် ဝယ်ယူရရှိရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

                        YC

-----------------------------------------------------------------------------------------------------------------------------------

နိုင်ငံတကာ ပေါက်ဈေးဖြင့်သာ ဓာတ်ဆီရောင်းချမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိကစက်သုံး ဆီဆိုင်များတွင် ဓာတ်ဆီဝယ်ယူရန် ယာဉ်များတန်းစီစောင့်ဆိုင်းရမှု လျော့နည်းလာနိုင်စေရန် နိုင်ငံတော်မှ အရှုံးမခံဘဲ နိုင်ငံတကာ ဈေးကွက်ပေါက်ဈေးအတိုင်းသာ ပြောင်းလဲရောင်းချ သွားတော့မည်ဖြစ်ကြောင်း ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးတွင် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိကစက်သုံးဆီဆိုင်များတွင် ပြန်လည်ရောင်းချရန် ယခင်နိုင်ငံတော်မှ အရှုံးခံ၍ ရောင်းချပေးနေသော စက်သုံးဆီ ဈေးနှုန်းများမှာ တစ်ဂါလန် ကျပ် ၂၅၀၀ နှုန်းဖြင့် ရောင်းချပေးခဲ့သော်လည်း ယခုအခါ နိုင်ငံတကာ ဈေးကွက်ပေါက်ဈေးဖြင့်သာ ပြောင်းလဲ ရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အစိုးရသစ်လက်ထက်မှ စတင်၍ ပုဂ္ဂလိက စက်သုံးဆီဆိုင်များအား စက်သုံးဆီရောင်းချခွင့်ပြုရာတွင် ဒီဇယ်ဆီအား ပြည်ပမှ လွတ်လပ်စွာ တင်သွင်းခွင့်ပြုထားသော်လည်း ဓာတ်ဆီကိုမူ ပြည်တွင်း၌ပင် ချက်လုပ်ကာ တစ်ဂါလန် လျှင် ကျပ် ၂၅၀၀ နှုန်းဖြင့် ပုဂ္ဂလိက စက်သုံးဆီဆိုင်များအား ရောင်းချခွင့် ပြုထားခဲ့ကြောင်း သိရသည်။

ထိုသို့ နိုင်ငံတော်မှ ပုဂ္ဂလိကစက်သုံးဆီဆိုင်များတွင် ပြည်တွင်းထုတ်ဓာတ်ဆီ တစ်ဂါလန်လျှင် ကျပ် ၂၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချနေသည့် အတွက် နိုင်ငံတော်မှ ၂၆ ဘီလျံကျော် ရှုံးခဲ့ရကြောင်း သိရသည်။

ယခုအခါ ရန်ကုန်တိုင်းဒေသကြီး၌ ဓာတ်ဆီဈေးနှုန်းများမှာ ပြင်ပပေါက်ဈေးနှင့် ဆီဆိုင်ပေါက်ဈေးမှာ တူညီမှုမရှိဘဲ ကွာပာလျက်ရှိပြီး ဓာတ်ဆီ မှောင်ခိုဈေးကွက်မှာလည်း ယခင်အတိုင်းပင် ပြန်လည်ပေါများလာကြောင်း မော်တော်ယာဉ် ပိုင်ရှင်တစ်ဦးက ပြောကြားခဲ့သည်။

                                                                                              Ref:Weekly Eleven

***************************************************************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

နိုဝင်ဘာလအတွင်း ဥရောပသမဂ္ဂဝန်ကြီးတစ်ဦး မြန်မာသို့ လာရောက်မည်

၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံအား စီးပွားရေးပိတ်ဆို့ အရေးယူမှုပြုခဲ့သည့် ဥရောပသမဂ္ဂ (အီးယူ) အဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်ဝန်ကြီးတစ်ဦး မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ လာရောက်မည့် ဥရောပသမဂ္ဂအဆင့်မြင့် ဝန်ကြီးမှာ ဗြိတိန်နိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ဌာန(DFID) မှ အတွင်းဝန် အယ်(န်)ခြူးမစ်ချယ်(လ်) ဆိုသူဖြစ်ပြီး ၎င်း၏မြန်မာနိုင်ငံခရီးစဉ်သည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း မြန်မာနိုင်ငံအခြေစိုက် ဗြိတိသျှသံရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂအဆင့်မြင့်ဝန်ကြီးဖြစ်သူ အယ်(န်)ဒြူးမစ်ချယ်(လ်)၏ မြန်မာနိုင်ငံခရီးစဉ်သည် နိုဝင်ဘာလ ၁၅ ရက်နေ့မျ ၁၇ ရက်နေ့ထိတိုင် သုံးရက်ကြာမြင့်မည်ဖြစ်ပြီး မြန်မာနိုင်ငံသားများအတွက် ဗြိတိန်နိုင်ငံ၏ ထောက်ပံ့မှု အစီအစဉ်ကို လေ့လာသုံးသပ်ရန် အဓိက ရည်ရွယ်၍ လာရောက် ခြင်းဖြစ်ကြောင်း သိရသည်။

 ၎င်း ခရီးစဉ်အတွင်း မြန်မာနိုင်ငံရှိ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်ရှိ အစိုးရအဖွဲ့ဝင် အဆင့်မြင့် မြန်မာဝန်ကြီးများ အပြင် အခြားတာဝန်ရှိသူများနှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လက်ရှိ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် မန္တလေးနှင့် မန္တလေးအနီးတစ်ဝိုက်ရှိ စီမံကိန်းများကို မြန်မာနိုင်ငံသို့ လာရောက် သည့် အယ်(န်)ဒြူးမစ်ချယ်(လ်)မှ သွားရောက်လေ့လာမည်ဖြစ်ပြီး ၎င်းနှင့်အတူ ပြင်ပမီဒီယာများ ဖြစ်သည့် ဒေးလီးတယ်ရီဂရပ် သတင်းစာနှင့် ဘီဘီစီတို့မှ သတင်းထောက် တစ်ဦးစီ လိုက်ပါလာမည်ဖြစ်ကြောင်း သိရသည်။

ဗြိတိန်နိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဌာန(DFID) သည် ကမ္ဘာ့ဆင်းရဲနွမ်းပါးမှုအား ဆန့်ကျင်တိုက်ဖျက်ရာတွင် ဦးဆောင်ပါဝင်ခဲ့ပြီး မြန်မာနိုင်ငံအား လာမည့် လေးနှစ်တာကာလအတွင်း အမေရိကန် ဒေါ်လာသန်းသုံးရာခန့် ကူညီထောက်ပံ့ငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

                                                                                                                            Ref:7Day News

-----------------------------------------------------------------------------------------------------------------------------------

၂၀၁၃ ခုနှစ်၌ ပြည်တွင်းဉာဏပစ္စည်း ဥပဒေ ပြဋ္ဌာန်းမည်

မြန်မာနိုင်ငံ၏ ပြည်တွင်းဉာဏပစ္စည်းဆိုင်ရာ ဥပဒေကို ၂၀၁၃ ခုနှစ် ဇူလိုင် ၁ ရက်နေ့တွင် စတင်ပြဋ္ဌာန်းသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်များအသင်း (MIPA) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် World Trade Organization(WTO) နှင့် WIPO အဖွဲ့ဝင်နိုင်ငံများဖြစ်သည့်အတွက် ၎င်း အဖွဲ့ဝင်နိုင်ငံများ လိုက်နာရမည့် တာဝန်ဝတ္တရားများအရ ပြည်တွင်းဉာဏပစ္စည်း(Intellectual property-IP) ဥပဒေကို ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ ပြဋ္ဌာန်းရန် ပြင်ဆင် လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

၎င်း ပြည်တွင်းဉာဏပစ္စည်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းနိုင်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများမှ မြန်မာနိုင်ငံအပါအဝင် အခြားဖွံ့ဖြိုးဆဲနိုင်ငံများကို သတ်မှတ်ချိန် ၁၀ နှစ်ပေးခဲ့သော်လည်း မြန်မာနိုင်ငံသည် ၎င်းသတ်မှတ်ချိန်အတွင်း ဉာဏပစ္စည်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းခြင်းကိစ္စအား အကောင်အထည် မဖော်နိုင်ခဲ့သည့်အတွက် နောက်ဆုံးအချိန် ခုနှစ်နှစ်ခွဲ အချိန် ထပ်မံပေးခဲ့ရကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ဉာဏပစ္စည်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းနိုင်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများမှ ၂၀၀၅ ခုနှစ်မှ စတင်၍ ရေးဆွဲထားသော်လည်း လက်ရှိ အချိန်တွင် ပြောင်းလဲလာသည့် မြန်မာ့နိုင်ငံရေး အပြောင်းအလဲများအရ ပြဋ္ဌာန်းနိုင်ခြင်း မရှိသေးသော်လည်း ၎င်း ဥပဒေများကို သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းမှ သတ်မှတ်ချိန်အတွင်း ပြဋ္ဌာန်းနိုင်ရန် လုပ် ဆောင်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် IP law နှင့် ပတ်သက်၍ မည်သည့်ဥပဒေမှ မရှိသေးသည့်အတွက် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံမှ ပြဋ္ဌာန်းမည့် ပြည်တွင်း ဉာဏပစ္စည်းဆိုင်ရာ ဥပဒေမှာ အမှန်တကယ်လိုအပ်သော ဥပဒေဖြစ်ကြောင်း ဥပဒေပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။

မူပိုင်ခွင့် ပစ္စည်းများကို သုံးစွဲမှုနှင့် ပတ်သက်၍လည်းကောင်း၊ အခမဲ့သုံး ဆော့ဖ်ဝဲများနှင့်လည်းကောင်း Seminer များ၊ Workshop များပြုလုပ်၍ အဖြေရှာစဉ်းစားရမည်ပာု ပညာရှင်များအသိုင်းအဝိုင်းမှ ပြောကြားခဲ့သည်။

                                                                                                                            Ref: ပြည်သူ့ခေတ်

-----------------------------------------------------------------------------------------------------------------------------------

လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးဆိုင်ရာ စစ်တမ်း ထုတ်ပြန်

မြန်မာနိုင်ငံရှိ ပြည်သူများ၏ လူသားချင်းကွာပာမှုများကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် ၂၀၀၉-၂၀၁၀ ခုနှစ် နိုင်ငံတော်အဆင့် လူသား အရင်းအမြစ် ဖွံ့ဖြိုးမှုဆိုင်ရာ စစ်တမ်းတစ်ရပ်ကို ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ယခု ထုတ်ပြန်လိုက်သည့် စစ်တမ်းသည် မြန်မာနိုင်ငံ၌ လူသားအရင်းအမြစ် ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အဓိကအရေးပါသည့် စစ်တမ်းတစ်ရပ်ဖြစ်ပြီး ပြည်တွင်းရှိ ကလေးသူငယ်များ၊ အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြမ်းဖက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် မျိုး ဆက်ပွား ကျန်းမာရေးဆိုင်ရာ အသိပညာပေးရေး ကိစ္စများ ဆောင်ရွက်ရာတွင် ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း လူမှုဘဝ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။

လူသားအရင်းအမြစ် ဖွံ့ဖြိုးမှုဆိုင်ရာ စစ်တမ်းတွင် ကလေးသူများ၏ ဖွံ့ဖြိုးရေး၊ ကျန်းမာရေး၊ အာပာာရနှင့် ကာ ကွယ်စောင့်ရှောက်ရေးဆိုင်ရာ သတင်းအချက်အလက်များ၊ မျိုးဆက်ပွားကျန်းမာရေး၊ အိတ်(ခ်ျ)အိုင်ဗွီရောဂါ၊ အခြား ကူးစက်ရောဂါများနှင့် သက်ဆိုင်သည့် ကိစ္စရပ်များ၊ ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းမှု အသိပညာဖြန့်ဝေ ပေးနိုင်ရန်အတွက် လမ်းညွှန်ချက်များနှင့် ဆောင်ရွက်ရမည့် ကိစ္စရပ်များ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် ၎င်း စစ်တမ်း၌ ကုလသမဂ္ဂ ထောင်စုနှစ် ရည်မှန်းချက်နှင့် နိုင်ငံတကာမှ ချမှတ်ထားသည့် ရည်မှန်းချက်များ အတိုင်း ပြည့်မီစေနိုင်ရန် မြန်မာနိုင်ငံ၏ လူသားဖွံ့ဖြိုးရေးတိုးတက်နှုန်းများကို တိုင်းတာနိုင်ရန် အချက်အလက်များ ပါဝင်သည့်အတွက် နိုင်ငံတကာ၌ရှိသည့် ယူနီဆက်ရုံးများသို့ လည်း ၎င်းစစ်တမ်းအား သတင်းအချက်အလက်အနေဖြင့် ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ လူသားရင်းမြစ်ဆိုင်ရာ စစ်တမ်းပြုစုခြင်းလုပ်ငန်းအား ၁၉၉၅ ခုနှစ်မှ စတင်၍ ပြုလုပ်ခဲ့ပြီး ၁၉၉၇ ခုနှစ်၊ ၂၀၀၀ ခုနှစ်များတွင်လည်း စစ်တမ်းများ ကောက်ယူခဲ့ကြောင်း သိရသည်။

Ref: Popular News

***************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

သံရုံးနဲ့ပတ်သက်တဲ့ စနစ်အချို့ကို ပြုပြင်ပြောင်းလဲဖို့ လိုပါတယ်၊ အခုဆိုရင် လုပ်သားဆိုင်ရာ ကိစ္စတွေမှာ လုပ်နိုင်တဲ့ အတိုင်းအတာအထိ ကူညီပေးတဲ့ သံရုံးဝန်ထမ်းတွေလဲရှိနေပါတယ်။ အဓိကကတော့ မြန်မာနိုင်ငံ မိတ်ဖက်များတဲ့၊ မြန်မာလုပ်သားတွေ အများဆုံးရှိနေတဲ့ အိမ်နီးချင်း နိုင်ငံတွေရဲ့ မြန်မာသံရုံးတွေက လုပ်ငန်းဆောင်တာတွေကို တိုးချဲ့ပေးရပါမယ်၊ အရေးကြုံလာရင် နိုင်ငံသားတွေဘက်က ရပ်တည်ပေးဖို့ အရေးကြီးပါ တယ်”

နိုဝင်ဘာ ၈ ထုတ် ကုမုဒြာသတင်းဂျာနယ် အတွဲ (၁) အမှတ် (၃၆) တွင်ပါသည့် “မြန်မာသံရုံးတွေရဲ့ကဏ္ဍ မြှင့်တင်ပေးစေလို” သတင်းမှ အငြိမ်းစား သံအမတ်ကြီးတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

ဒီတော့ဗျာ၊ ဆန္ဒပြခွင့်လောက်နဲ့တင် နိုင်ငံသားတာဝန် မကျေပွန်သေးဘူးလို့ ကျွန်တော်ကတော့ ပြောရမှာပဲ။ ဒီနေ့ကမ္ဘာမှာ အခွင့်အရေးနဲ့ တာဝန်ကို တွဲပြီး ပြောနေကြရပါပြီ။ (အခွင့်အရေးအတွက် နိုင်ငံရေး) ဆိုတဲ့စကားနဲ့ အစားထိုး သုံးစွဲကြပါစို့။ အားလုံးကောင်းစေချင်ရင် ကိုယ်ကလည်း ကောင်းကြပါ။ ဒီမိုကရေစီဆိုတာ ပြည်သူပိုင် အုပ်ချုပ်ရေးပါ။

ကိုယ်အပါအဝင် ကိုယ့်အသိုင်းအဝန်းရဲ့ တာဝန်ကို နိုင်သလောက် ဝိုင်းထမ်းကြမှ နိုင်ငံသား ပီသတော့မှာပေါ့။ Autonomy ဆိုတာ ကိုယ်ပိုင် အုပ်ချုပ်ရေး ပဲ၊ ခင်ဗျားတို့ ကျွန်တော်တို့ နိုင်ငံသားတွေ ကိုယ့်တာဝန်နဲ့ ကိုယ် အုပ်ချုပ်တတ်ကြဖို့ လိုပြီ။ ဒါမှလည်း ကျွန်တော်တို့နိုင်ငံ တိုးတက်မှာပေါ့။ လူ့ အခွင့်အရေး ချက်ချင်းပေး၊ လူ့အခွင့်အရေး ချက်ချင်းပေးလို့ အော်တိုင်းသာ ပြည့်ဝမယ် တိုးတက်မယ်ဆိုရင် ကျွန်တော်တို့ ကမ္ဘာကြီး အသံဝင်တာ ကြာရောပေါ့။

နိုဝင်ဘာ ၁၀ ထုတ် ပြည်သူ့ခေတ် ဂျာနယ် အတွဲ (၂) အမှတ် (၆၈) တွင်ပါသည့် ဆောင်းပါးရှင် ဇာဂနာ၏ “ခင်ဗျားတို့ ဘာတွေလုပ်နေလဲ” ဆောင်းပါးမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“တိုင်းပြည်အတွက် ဘယ်လောက်အထိ ယုံကြည်မှုရသလဲဆိုရင် တိုင်းသူပြည်သားတွေရဲ့ဆန္ဒကို နည်းမှန်လမ်းမှန်နဲ့ ဥပဒေနှင့်အညီတင်နိုင်ရင် လွှတ်တော်က စဉ်းစားဆောင်ရွက်ပေးဖို့ အသင့်ပါပဲ။ ကျွန်တော်တင်ခဲ့တုန်းက လွတ်ငြိမ်းချမ်းသာခွင့် ကိစ္စပဲကြည့်၊ အောင်မြင်မယ် မအောင်မြင်ဘူး ဆိုတာ မပြောနိုင်ဘူး၊ တင်လိုက်တော့ တပ်မတော်သား ကိုယ်စား လှယ်တွေကတောင် ဝင်ပြီးတော့ ထောက်ခံခဲ့ကြတယ်။ အဲ့ဒီလို ထောက်ခံခဲ့တဲ့ အတွက် ကျွန်တော်တို့ လွှတ်တော်ရဲ့ ဆောင်ရွက်မှုတွေဟာ နိုင်ငံရေးအရ မြင့်မားလာတယ်လို့ ပြောလို့ရပါတယ်။ လွှတ်တော်ကို ကျွန်တော်တို့ ယုံကြည် ရမယ်၊ တစ်ချိန် တည်းမှာ လွှတ်တော်အတွင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ နည်းဥပဒေနှင့်အညီ ဖြစ်အောင်လုပ်ရမယ်”

နိုဝင်ဘာ ၁၀ ထုတ် Venus News အတွဲ (၃) အမှတ် (၁၇) တွင်ပါသည့် “လွှတ်တော်အတွင်း၌ လွတ်လပ်ပွင့်လင်းစွာနှင့် ဒီမိုကရေစီ နည်းကျကျ ဝေဖန်နိုင်သတင်း” ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

***************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment