Transparency Myanmar

transparency.myanmar@gmail.com

The Korea Herald, 12th Sept 2010

မြောက်ကိုးရီးယားသည် ၎င်း၏ အကြီးဆုံး အားလပ်ရက် ဖြစ်သော Chuseok နီးကပ်လာသည်နှင့် အမျှ တောင်ကိုးရီးယားမှ မိသားစုများနှင့် ပြန်လည် တွေ့ဆုံရေးအား တောင်ကိုးရီးယားထံ အဆိုပြုခဲ့သည်ဟု မြောက်ကိုးရီးယား နိုင်ငံပိုင် မီဒီယာက စနေနေ့ (စက်တင်ဘာ ၁၁ရက်) က ပြောကြားခဲ့သည်။

အဆိုပြုချက်မှာ မြောက်ကိုးရီးယား ကြက်ခြေနီ အသင်းက တောင်ကိုးရီးယား ကြက်ခြေနီ အသင်းသို့ သောကြာနေ့က ပေးပို့သော သတင်းလွှာတွင် ဖော်ပြထားသည်။ ကိုးရီးယား ဆောင်းဦး ရိတ်သိမ်းချိန် အားလပ်ရက်တွင် အရှေ့ဘက် ကမ်းခြေရှိ Geumgang တောင်ပေါ် အပန်းဖြေ စခန်းတွင် မိသားစုများ ပြန်လည် တွေ့ဆုံရေးအတွက် ကျင်းပရေးကို အဆိုပြုထားကြောင်း မြောက်ကိုးရီးယား၏ ကိုးရီးယား ဗဟို သတင်းဋ္ဌာန (KCNA) က ပြောကြားသည်။

ကိုးရီးယား နှစ်နိုင်ငံသည် ယမန်နှစ်က စက်တင်ဘာလ ၂၆ ရက်မှ အောက်တိုဘာ ၁ ရက်နေ့ထိ အားလပ်ရက်တွင် မိသားစုများ ပြန်လည် တွေ့ဆုံရေးကို ကျင်းပခဲ့ပြီး ယခုနှစ် Chuseok အားလပ်ရက်မှာ စက်တင်ဘာ ၂၂ ရက်တွင် ကျရောက်မည် ဖြစ်သည်။

"ကျွန်ုပ်တို့သည် အားလပ်ရက် နှင့်အတူ ကွဲကွာနေတဲ့ အမျိုးတွေ ရင်ဖွင့်နိုင်ဖို့ တွေ့ဆုံပေးခဲ့တဲ့ အတွေ့အကြုံ ကောင်းတွေ ရှိခဲ့ပါတယ်။ ဒီနှစ်လည်း မနှစ်က အချိန်လောက်မှာ ပြန်လည် ဆုံတွေ့ကြပါစို့'' ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အပြင် မြောက်ကိုးရီးယားသည် နှစ်ဖက် ကြက်ခြေနီ တာဝန်ရှိသူများ အစောဆုံး တွေ့ဆုံ၍ ဆုံတွေ့ပွဲအတွက် ဆွေးနွေးရန် အဆိုပြုထားသည်ဟု KCNA ၏ အဆိုအရ သိရသည်။

 

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တရုတ်နိုင်ငံ ခေါင်းဆောင်များ တွေ့ဆုံမှုသည် အငြင်း ပွားစရာများ ဖြစ်နေသည့် ဒီမိုကရေစီ ရွေးကောက်ပွဲ မတိုင်မီ မြန်မာ စစ်အစိုးရ အပေါ် တရုတ်နိုင်ငံ၏ ရေရှည် ကျောထောက်နောက်ခံ ပေးမည့် လက္ခဏာများပင် ဖြစ်သည်။

တရုတ် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ မစ္စတာ Wu Bangguo က မြန်မာ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံရာတွင် တရုတ်-မြန်မာ နှစ်နိုင်ငံသည် လွန်ခဲ့သည့် ဆယ်စုနှစ်များ ကတည်းက ချစ်ကြည် ရင်းနှီးမှု ရှိထားသော မိတ်ဆွေများ ဖြစ်သည်ဟု ပြောကြားသည်။ "ယမန်နေ့က အဆွေတော်နှင့် တရုတ် သမ္မတကြီး ဟူဂျင်တောင်းကို တွေ့ဆုံ ဖြစ်ကြသည်။ ယနေ့နံနက်မှာ သမ္မတကြီး ဟူဂျင်တောင်းက သူ့အနေနဲ့ လွန်စွာ နှစ်ထောင်းအားရ ဖြစ်မိခဲ့သည်ဟု ကျွန်ုပ်ကို ပြောပြပါသည်" ဟု တရုတ်နိုင်ငံ၏ နံပါတ် ၂ ခေါင်းဆောင် မစ္စတာ Wu Bangguo က ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ပြောဆိုသည်။

"အဆွေတော် ယခု ခရီးစဉ် ပြီးဆုံးလို့ မြန်မာ နိုင်ငံကို ပြန်သွားပြီးတဲ့ နောက်ပိုင်း မြန်မာ နိုင်ငံမှာ ဖွံ့ဖြိုး တိုးတက်မှုတွေ ဆက်လက် ရှင်သန်နေဖို့ ကျွန်ုပ်တို့က ဆုမွန်ကောင်း တောင်းပေးပါတယ်" ဟူသော သဝဏ်လွှာ စကားကို ဂုဏ်ပြု ဧည့်ခံပွဲ အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လက်ခံရယူခဲ့သည်။ မြန်မာခေါင်းဆောင်သည် တရုတ် သမ္မတ ဟူဂျင်တောင်းနှင့် သီးသန့် တွေ့ဆုံဆွေးနွေးမှု တစ်ရပ်လည်း ပြုလုပ်ခဲ့သည်။

ဘေဂျင်း အစိုးရ အနေဖြင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို တန်ဖိုးထားခဲ့ပါကြောင်း နှင့် သဘာဝ သယံဇာတ ပေါကြွယ်ဝသော အိမ်နီးချင်း မြန်မာအပေါ် ရေရှည် ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း သမ္မတ ဟူဂျင်တောင်းက အာမခံ ပြောဆိုသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင်နှင့်လည်း တွေ့ဆုံခဲ့ပြီး ရှန်ဟိုင်းမြို့တွင် ကျင်းပနေသည့် ကမ္ဘာ့ ကုန်စည်ပြပွဲနှင့် ရှန်းကျန်း ပြည်နယ်ရှိ ကုန်ထုတ်လုပ်မှု နေရာများကိုလည်း သွားရောက် ကြည့်ရှုခဲ့သည်ဟု သတင်းများက ဆိုသည်။

တရုတ်သည် မြန်မာ နိုင်ငံကို ရေရှည် သံတမန် ဆက်ဆံရေးဖြင့် ကျောထောက် နောက်ခံ ပေးလျက် ရှိခဲ့သော နိုင်ငံတစ်ခု ဖြစ်သည်။ အချို့သော လေ့လာ သုံးသပ်သူများက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ခရီးစဉ်သည် မြန်မာနှင့် တရုတ်နှစ်နိုင်ငံ အနီးကပ် ရင်းနှီးမှုကို ဖော်ကျူးပြရာ ရောက်ကြောင်း၊ တရုတ်နိုင်ငံ ကလည်း အိမ်နီးချင်း မြန်မာအပေါ် ရေရှည်သြဇာ လွှမ်းမိုးမှု ရှိရန် မျှော်လင့်နေကြောင်း သုံးသပ် ပြောဆိုသည်။

AP သတင်းကို ဘာသာ ပြန်ဆိုသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အရေးပါသော မဟာမိတ် ဖြစ်ပြီး မြန်မာ နိုင်ငံတွင် ကျင်းပမည့် ဒီမိုကရေစီ ရွေးကောက်ပွဲနှင့် အရပ်ဘက် အစိုးရသို့ အာဏာ လွှဲပြောင်းမည့် ကိစ္စတို့ကြောင့် နှစ်နိုင်ငံ ချစ်ကြည်ရေးကို ထိခိုက်မည် မဟုတ်ပါကြောင်း မြန်မာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တရုတ် အစိုးရကို အခိုင်အမာ အသိပေး ပြောကြားလိုက်သည်။

တရုတ်သည် မြန်မာ နိုင်ငံ အတွက် အလွန်ပင် အရေးကြီးသော အိမ်နီးချင်း နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြောဆိုကြောင်း တရုတ် နိုင်ငံပိုင် မီဒီယာများက ဖော်ပြသည်။ ယင်းသို့ တရုတ်နိုင်ငံ အပေါ် ပြောဆိုသော မှတ်ချက်ကြောင့် မြန်မာနိုင်ငံမှ စွမ်းအင် အရင်းအမြစ်များ ရရှိရေးနှင့် အခြားသော အရေးကိစ္စများ ပူးပေါင်း ဆောင်ရွက်ရန် ကြိုးပမ်းနေသည့် အိမ်နီးချင်း ထိုင်းနှင့် အိန္ဒိယတို့ စိတ်အနှောင့်အယှက် ဖြစ်ဖွယ် ရှိသည်။

"မြန်မာနိုင်ငံက တရုတ်နိုင်ငံကို အရေး အကြီးဆုံး အိမ်နီးချင်း မိတ်ဆွေနိုင်ငံ ဖြစ်တယ်လို့ သတ်မှတ်ပါတယ်။ နောက်ပြီး တရုတ်နိုင်ငံ အပေါ် ထားရှိတဲ့ ချစ်ကြည် ရင်းနှီးရေး မူဝါဒကို ဆက်လက် ကျင့်သုံးသွားပြီး တရုတ် တစ်နိုင်ငံတည်း မူဝါဒ (One China Policy) ကိုလည်း ဆက်လက် ထောက်ခံ သွားမယ်လို့ ဆိုပါတယ်" ဟု တရုတ် ကွန်မြူနစ်ပါတီ ဦးဆောင်သော ပါလီမန် အကြီးအကဲ မစ္စတာ Wu Bangguo ၏ ပြောကြားချက်ကို ကိုးကားပြီး မီဒီယာများက ရေးသား ဖော်ပြသည်။

"ရွေးကောက်ပွဲ နောက်ပိုင်း ကာလမှာလည်း တရုတ်နိုင်ငံနဲ့ မဟာဗျူဟာ ဆက်ဆံရေး ဖွံ့ဖြိုး တိုးတက်အောင် မြန်မာနိုင်ငံက ဆက်လက် လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်" ဟု ၎င်းက ဖြည့်စွက် ပြောဆိုသည်။

လာမည့် နိုဝင်ဘာလ ၇ ရက် ဒီမိုကရေစီ ရွေးကောက်ပွဲတွင် လက်ရှိ စစ်အစိုးရ ကျောထောက် နောက်ခံ ပေးခြင်း ခံရသည့် အရပ်ဘက် ကိုယ်စားလှယ်လောင်းများ အနိုင် ရရှိလိမ့်မည်ဟု မျှော်လင့်ရသည်။ အမေရိကန်နှင့် ဥရောပ အစိုးရများက အဆိုပါ ရွေးကောက်ပွဲသည် အတုအယောင် သက်သက်သာ ဖြစ်သည်ဟု ပြစ်တင် ရှုတ်ချကြသည်။

တရုတ်သည် မြန်မာ နိုင်ငံနှင့် လွန်စွာ နီးကပ်သော ချစ်ကြည် ရင်းနှီးမှု တစ်ရပ်ကို ရရှိထားပြီး မြန်မာ နိုင်ငံရှိ စွမ်းအင်၊ သဘာဝ ဓာတ်ငွေ့နှင့် အခြားသော လုပ်ငန်းများတွင် ဒေါ်လာ ဘီလီယံ နှင့်ချီ၍ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားရာ ရွေးကောက်ပွဲ နောက်ပိုင်း အစိုးရအဖွဲ့သစ် လက်ထက်၌ အဆိုပါ ကိစ္စများအပေါ် အသိအမှတ်ပြု ခံရအောင် အာမခံ ရယူထားလိုသည့် သဘောတွင် ရှိသည်။

ထို့ပြင် တရုတ် နိုင်ငံသည် မြန်မာ နိုင်ငံမှ တစ်ဆင့် ကုန်းတွင်းပိတ် အနောက်တောင်ပိုင်း ဒေသသို့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်း သွယ်တန်းရန် စီစဉ်ထားသည်။ တရုတ်နိုင်ငံ အနေဖြင့် အကျိုးအမြတ် ဖြစ်ထွန်းနိုင်မည့် အိန္ဒိယ သမုဒ္ဒရာသို့ ထွက်ပေါက် လမ်းကြောင်းကိုလည်း မြန်မာ နိုင်ငံက ပေးထားသည်။

မည်သို့ဆိုစေ နှစ်နိုင်ငံ နယ်စပ်ဒေသ တစ်လျှောက် ဘိန်းဘုရင်များ၊ သူပုန် တပ်ဖွဲ့များ လုပ်ရှား လုပ်ကိုင်နေမှု အပေါ် တရုတ်နိုင်ငံက များစွာ စိုးရိမ် ပူပန်လျက် ရှိသည်။ တရုတ်ပြည် ချစ်ကြည်ရေး ခရီးစဉ်တွင် မြန်မာ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နယ်စပ်ဒေသ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို နှစ်နိုင်ငံ ဆက်လက် ပူးပေါင်း လုပ်ကိုင်သွားမည် ဖြစ်သည်ဟု သမ္မတ ဟူဂျင်တောင်းကို ပြောဆိုခဲ့သည်။

မြန်မာ နိုင်ငံသည် ဥရောပ နိုင်ငံများနှင့် အမေရိကန် ပြည်ထောင်စု၏ ကျယ်ပြန့်သော စီးပွားရေး ပိတ်ဆို့ အရေးယူခြင်းကို ခံနေရသည့် နိုင်ငံတစ်ခု ဖြစ်သည်။

Reuters သတင်းဌာနမှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ယခုအခါ တရုတ်နိုင်ငံသည် ကမ္ဘာ့ ဒုတိယ စီးပွားရေး အကြီးဆုံး နိုင်ငံအဖြစ် ထိုးထွက် လာသော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံ အဖြစ်သာ ဆက်လက် တည်ရှိနေဆဲပင် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ် ဥက္ကဌ Robert B Zoellick က သုံးသပ် ပြောဆိုသည်။ တရုတ် နိုင်ငံသည် ကျေးလက်ဒေသ ဆင်းရဲ နွမ်းပါးမှု ပပျောက်ရေး အပါအဝင် များစွာသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်ဟု ၎င်းက ဆိုသည်။

"တရုတ်နိုင်ငံဟာ ဆယ်စုနှစ် သုံးခု အတွင်းမှာ အင်မတန် ထူးခြားတဲ့ စီးပွားရေး အောင်မြင် ဖြစ်ထွန်းမှုတွေ ရရှိခဲ့ပါတယ်။ အဲလို အောင်မြင်တဲ့ နေရာမှာ တိုးတက်မှုနှုန်း မြင့်တက်လာတယ် ဆိုတာတင် မကပါဘူး၊ ဆင်းရဲ မွဲတေမှု လျှော့ချရေး ကိစ္စလည်း ပါဝင်ပါတယ်" ဟု မစ္စတာ Zoellick က တရုတ် နိုင်ငံသို့ သီတင်း တစ်ပတ်ကြာ သွားရောက် လည်ပတ်မှု မပြုမီ Xinhua သတင်းဌာနသို့ ပြောကြားသည်။

သို့သော် "တရုတ်နိုင်ငံဟာ ဖွံ့ဖြိုးဆဲ နိုင်ငံ တစ်နိုင်ငံအဖြစ် ဆက်လက် တည်ရှိနေဆဲ ဖြစ်ပါတယ်" ဟု ၎င်းက ဆိုသည်။

တရုတ် နိုင်ငံသည် လွန်ခဲ့သည့် ဆယ်စုနှစ် များအတွင်း ကြီးမားသော အပြောင်းအလဲများ တရုတ် နိုင်ငံတွင်း ဖြစ်ပေါ်ခဲ့သော်လည်း လျှပ်စစ်မီး အလင်းရောင် မရရှိဘဲ ဖြစ်နေသည့် ဆင်းရဲ နွမ်းပါးသော ကျေးလက် ဒေသများတွင် နေထိုင်သူပေါင်း မြောက်မြားစွာ ရှိနေဆဲပင် ဖြစ်သည်။

ကမ္ဘာ့ဘဏ်၏ တိုင်းတာ ခန့်မှန်းချက်အရ တရုတ်နိုင်ငံရှိ ကျေးလက် ဒေသတွင် နေထိုင်သူ လူဦးရေ ၂၀၈ သန်းခန့်သည် အိန္ဒိယ ပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယ အကြီးဆုံး ဆင်းရဲ နွမ်းပါးသည့် အမျိုးသား စုစည်းမှု တစ်ရပ်ပင် ဖြစ်သည်။

ယခုနှစ် လေးလပတ်တွင် တရုတ်နိုင်ငံက ကမ္ဘာ့စီးပွားရေး ဒုတိယ အကြီးဆုံး ဂျပန်ကို သာလွန်သည့် အဆင့်သို့ ရောက်ရှိခဲ့မှုနှင့် ပတ်သက်၍ မစ္စတာ Zoellick က "ရေမြေ ရပ်ခြားမှာ ရောက်ရှိနေတဲ့ တရုတ် လူမျိုးတွေက တရုတ်ပြည်ထဲမှာ ဆင်းရဲ နွမ်းပါးတဲ့ သူတွေ အများကြီး ရှိနေသေးတယ် ဆိုတဲ့ အချက်ကို မသိကြပါဘူး။ သူတို့ အနေနဲ့ တရုတ်နိုင်ငံဟာ ဖွံ့ဖြိုးနေဆဲ ဖြစ်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တယ် ဆိုတာကို သိဖို့ လိုအပ်ပါတယ်" ဟု ဆိုသည်။

လာမည့် နှစ်များအတွင်း ဖြစ်ပေါ်လာမည့် တရုတ်နိုင်ငံ၏ စိန်ခေါ်မှုများ အပေါ် တရုတ် အစိုးရ အနေဖြင့် ဆက်လက် အာရုံစိုက်ပါမှ ပြည်တွင်း ဖွံ့ဖြိုး တိုးတက်မှု ဟန်ချက်ကို ပြန်လည် ထိန်းညှိနိုင်မည် ဖြစ်သည်ဟု ၎င်းက မှတ်ချက်ပြုသည်။ "အဲဒီလို ဟန်ချက် ပြန်ညှိတဲ့ နေရာမှာ ငွေစုဆောင်းမှုနဲ့ စားသုံးမှု၊ သုံးစွဲမှု စတာတွေကို ညှိနေတဲ့ ကိစ္စသာ မကပါဘူး။ ကျေးလက်နဲ့ မြို့တွင်း အရေးကိစ္စတွေ၊ ဝင်ငွေ တိုးမြင့်လာရေးနဲ့ လူနေမှု အဆင့်အတန်း ကောင်းမွန်ရေးတို့ပါ ပါဝင်ပါတယ်" ဟု ဆိုသည်။

ထို့ပြင် တရုတ် နိုင်ငံ အနေဖြင့် သဘာဝ ပတ်ဝန်းကျင် ကာကွယ် စောင့်ရှောက်ရေး ကိစ္စ၊ ဘဏ် အကြွေးကိစ္စ အပါအဝင် နိုင်ငံတကာ စီးပွားရေး ကိစ္စများတွင် ပြဿနာများ ကြုံတွေ့ရမှု အစရှိသော အန္တရာယ်များမှ ရှောင်ကွင်းနိုင်မည့် နည်းလမ်းများကို ရှာဖွေသင့်သည်ဟု ဆိုသည်။

တရုတ်နိုင်ငံသို့ မစ္စတာ Zoellick ယခုတစ်ကြိမ် တရုတ်နိုင်ငံသို့ သွားရောက် လည်ပတ်မှုသည် ၂၀၀၇ ခုနှစ် ကမ္ဘာ့ဘဏ် ဥက္ကဌ တာဝန် စတင် ရယူပြီးချိန် နောက်ပိုင်း လေးကြိမ်မြောက် ဖြစ်ပြီး တရုတ် နိုင်ငံနှင့် ကမ္ဘာ့ဘဏ် မိတ်ဖွဲ့ ပူးပေါင်း ဆောင်ရွက်မှု နှစ် ၃၀ ပြည့်သည့် အထိမ်းအမှတ်လည်း ဖြစ်သည်။ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှုသည် လွန်စွာ အောင်မြင် ဖြစ်ထွန်းသော အကြောင်းအရာ တစ်ရပ်ဖြစ်ပြီး တရုတ် နိုင်ငံနှင့် မိတ်ဖွဲ့ ပူးပေါင်း ဆောင်ရွက်ရမှု အပေါ် လွန်စွာ ဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း ၎င်းက ဆိုသည်။

PTI သတင်းဌာနမှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တရုတ်ပြည်သို့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ရောက်ရှိနေစဉ် အတွင်း တရုတ်နိုင်ငံက အိမ်နီးချင်း မဟာမိတ် မြန်မာနှင့် စစ်ရေး ပူးပေါင်း ဆောင်ရွက်မှု အတည်ပြု လုပ်ဆောင်ရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။ စက်တင်ဘာလ ၈ ရက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တရုတ် သမ္မတ ဟူဂျင်တောင်းတို့ တွေ့ဆုံ ဆွေးနွေးရာ၌ ကာကွယ်ရေးနှင့် အခြေခံ အဆောက်အအုံ ကောင်းများ ပေါ်ထွန်းရေး အစရှိသည့် အရေးကိစ္စ များလည်း ပါဝင်ခဲ့သည်။

"ယခု ၂၀၁၀ ပြည့်နှစ်ဟာ တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး နှစ် ၆၀ ပြည့် အထိမ်းအမှတ် နေ့ပါပဲ။ အဆွေတော်ဟာ နှစ်နိုင်ငံ ဆက်ဆံရေးမှာ အင်မတန် ထူးခြားတဲ့ အချိန် သမယမှာ ချစ်ကြည်ရေး ခရီးစဉ်နဲ့ ရောက်ရှိလာတာ ဖြစ်တဲ့ အတွက် အလွန်ပဲ ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ ယခု ခရီးစဉ်ကို ထောက်ချင့် ကြည့်ခြင်းအားဖြင့် အဆွေတော်ဟာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက် ကောင်းမွန် လာရေးအတွက် များစွာ အာရုံစိုက် အလေးထားတယ် ဆိုတာ တွေ့ရပါတယ်" ဟု သမ္မတ ဟူဂျင်တောင်းက မြန်မာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ကြိုဆို ဂုဏ်ပြုသည်။

"အဆွေတော်၏ ခရီးစဉ်သည် တရုတ်-မြန်မာ အိမ်နီးချင်း နှစ်နိုင်ငံ အကြား နှစ်ဦး နှစ်ဖက် ပူးပေါင်း ဆောင်ရွက်မှုနှင့် အပြန်အလှန် ဆက်ဆံမှု ပိုမို မြှင့်တင် ပေးနိုင်လိမ့်မည်ဟု ကျွန်ုပ် ယုံကြည်ပါသည်" ဟု သမ္မတ ဟူကျင်တောင်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ဂုဏ်ပြု ကြိုဆိုပွဲ အခမ်းအနားတွင် ပြောကြားသည်။ မကြာသေးခင်က အိန္ဒိယနိုင်ငံသို့ အလားတူ ချစ်ကြည်ရေး ခရီး သွားရောက်ခဲ့သူ မြန်မာ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက "ကျွန်ုပ်၏ ယခု တရုတ်ပြည် ချစ်ကြည်ရေး ခရီးစဉ်၏ အဓိက ကျသော ရည်ရွယ်ချက်မှာ တရုတ်-မြန်မာ အိမ်နီးချင်း နှစ်နိုင်ငံ အကြား ရှိထားပြီး ဖြစ်သော ချစ်ကြည် ရင်းနှီးမှု၊ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှုနှင့် နှစ်နိုင်ငံ အကြား ယုံကြည်မှုတို့ကို ပိုမို မြှင့်တင်ရန် ဖြစ်ပါသည်" ဟု ပြောကြားသည်။

Xinhua သတင်းဌာန အဆိုအရ နှစ်နိုင်ငံ ခေါင်းဆောင်များသည် မြန်မာနိုင်ငံတွင်း ကာကွယ်ရေးနှင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုး တိုးတက်ရေး အစရှိသည့် နယ်ပယ်များတွင် အပြန်အလှန် ဆက်ဆံရေး ပိုမို အားကောင်းလာအောင် ပြုလုပ်ရန် ဆွေးနွေးကြသည်။ အစောပိုင်း ကာလတွင် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၊ ကာကွယ်ရေး ဦးစီးချုပ် Chen Bingde က တရုတ်-မြန်မာ နှစ်နိုင်ငံ အကြား စစ်ရေး ပူးပေါင်း ဆောင်ရွက်မှု လုပ်ကိုင် နိုင်ရေးအတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို တိုက်တွန်း ပြောဆိုခဲ့သည်။

တရုတ် နိုင်ငံသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အစီအစဉ် ဖြစ်သော မြန်မာ့ ဒီမိုကရေစီ ရွေးကောက်ပွဲ အပေါ် ကျောထောက် နောက်ခံ ပေးမှုကို တိုးမြှင့်လိုက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့်လည်း အဆိုပါ ရွေးကောက်ပွဲကို ထောက်ခံကြရန် တိုက်တွန်းခဲ့သည်။ "နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် လာမည့် မြန်မာ့ ဒီမိုကရေစီ ရွေးကောက်ပွဲအတွက် အပြုသဘော ဆောင်သည့် အကူအညီများ ပေးနိုင်ပြီး မြန်မာ ပြည်တွင်း နိုင်ငံရေး ဖြစ်စဉ်၊ ဒေသတွင်း ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေး တို့အပေါ် အန္တရာယ် ဖြစ်စေမည့် အကျိုး သက်ရောက်မှုမျိုး ဖြစ်ပေါ်အောင် မပြုလုပ်ဘဲ နေသွားနိုင်မည်ဟု တရုတ်နိုင်ငံက မျှော်လင့်သည်" ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ Jiang Yu က မီဒီယာများနှင့် တွေ့ဆုံရာတွင် ပြောကြားသည်။

မြန်မာ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့ပြီး သုံးလ အကြာတွင် တရုတ်ပြည်သို့ ချစ်ကြည်ရေး သွားရောက်ခဲ့ခြင်း ဖြစ်သည်။ မစ္စတာ ဝမ်ကျားပေါင်၏ ခရီးစဉ်တွင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု သဘော တူညီချက် စာချုပ် ၁၅ ခုတိတိ လက်မှတ် ရေးထိုးခဲ့သည်။

PTI သတင်းဌာနမှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အကြိမ် ဖြစ်မည့် ဒီမိုကရေစီ ရွေးကောက်ပွဲ မတိုင်မီ မြန်မာ စစ်အစိုးရက မီဒီယာများအပေါ် ဆင်ဆာ တည်းဖြတ်မှုများ ပိုမို တိုးမြှင့် လုပ်ကိုင်လာကြောင်း နိုင်ငံတကာ မီဒီယာ လေ့လာ စောင့်ကြည့်ရေး အဖွဲ့တစ်ခု ဖြစ်သော နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ (RSF) က စက်တင်ဘလ ၈ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။

လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ဒီမိုကရေစီ ရွေးကောက်ပွဲ ကာလတွင် ပြည်တွင်း သို့မဟုတ် ပြည်ပမှ နိုင်ငံခြား မီဒီယာများ အနေဖြင့် လွတ်လပ်စွာ ထုတ်ဖော် ရေးသားခွင့် ရရှိလိမ့်မည် မဟုတ်ဟု RSF က ဆိုပြီး မြန်မာ နိုင်ငံကို "ဆင်ဆာ တည်းဖြတ်မှုတို့ ရှိရာ ဌာနေကြီး" ဟု သတ်မှတ် ဖော်ပြသည်။

မြန်မာ့ ဒီမိုကရေစီ ရွေးကောက်ပွဲ နီးကပ်လာသည် နှင့်အမျှ မီဒီယာများအပေါ် ကန့်သတ် ပိတ်ပင်မှုများ ပိုမို လုပ်ကိုင်လာသည်ဟု ဆိုသည်။ မကြာသေးမီက ပြည်တွင်း အပတ်စဉ်ထုတ် ဂျာနယ် တစ်စောင် ဖြစ်သော The Morden Times ဂျာနယ်သည် မိုးလေဝသ ခန့်မှန်းချက် သတင်း ခေါင်းစဉ်ကို ခွင့်ပြုချက် မရရှိဘဲ ပြောင်းလဲ ပစ်ခဲ့သောကြောင့် ရက်သတ္တပတ် အတော်ကြာ ထုတ်ဝေခွင့် ပိတ်ပင်ခြင်း ခံနေရသည်။

စက်တင်ဘာလ အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်ဖွယ် ရှိသည် ဟူသော သတင်း တစ်ပုဒ်၏ ခေါင်းစဉ်ကို "စက်တင်ဘာမှာ လာမှာလား" ဟု ရေးသားခဲ့သောကြောင့် ရက်သတ္တပတ် အတော်ကြာ ထုတ်ဝေခွင့် ဆိုင်းငံ့ ခံထားရခြင်း ဖြစ်သည်။  အကြောင်းမှာ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာတွင် ဖြစ်ပွားခဲ့သော သံဃာတော်များ ဦးဆောင်သည့် "ရွှေဝါရောင် တော်လှန်ရေး" အမည်ရ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲကို သွယ်ဝိုက် ရည်ညွှန်းသည်ဟု ဆင်ဆာအဖွဲ့က ယူဆသောကြောင့်ဟု ဆိုသည်။

"မီဒီယာ လွတ်လပ်ခွင့် မရှိပါက ရွေးကောက်ပွဲ ဟူသည် အတုအယောင် သဘောမျှသာ ဖြစ်ပေလိမ့်မည်" ဟု RSF အဖွဲ့က ဆိုသည်။ ၁၉၆၂ ခုနှစ် ကတည်းက စစ်အုပ်ချုပ်ရေး စနစ်အောက်သို့ ရောက်ရှိခဲ့သည့် မြန်မာ နိုင်ငံတွင် ပုဂ္ဂလိကပိုင် သတင်းစာနှင့် မဂ္ဂဇင်း အစောင် ၁၅၀ ခန့် ထုတ်ဝေခွင့် ရရှိထားသော်လည်း ရေးသား ဖော်ပြမည့် အကြောင်းအရာ မှန်သမျှကို စစ်ဘက် အရာရှိ ဦးဆောင်သော စာပေစိစစ်ရေး အဖွဲ့သို့ မထုတ်ဝေမီ တင်ပြကြရသည်။

"ယခုကဲ့သို့သော ဆင်ဆာ တည်းဖြတ်မှုတွင် ကမ္ဘာပေါ်တွင် အတော့်ကို ထူးခြားသည့် ပုံစံမျိုး ဖြစ်ပြီး မီဒီယာ လွတ်လပ်မှု ထွက်ပေါ်လာမည်ကို ဟန့်တားမှု တစ်ရပ်လည်း ဖြစ်ပေသည်" ဟု RSF က ဆက်လက် ဖော်ပြသည်။ ထို့ပြင် အစိုးရ ဆန့်ကျင်သည့် လက်ကမ်း စာစောင်များ ဖြန့်ဝေမှုနှင့် စစ်အစိုးရ လိုလားသည့် နိုင်ငံရေးပါတီ အနည်းငယ်သာ ရွေးကောက်ပွဲအတွက် ပြင်ဆင်ခွင့် ရရှိသည် ဟူသော ရေးသား ဖော်ပြမှုများကိုလည်း အစိုးရက ဆက်လက် ဟန့်တားလျက် ရှိသည်ဟု RSF က ဆိုသည်။

"ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်မှုများ၊ စစ်တပ်မှ ဗိုလ်ချုပ်ကြီးများ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် အကြောင်းများ အစရှိသည် တို့ကိုလည်း ကန့်သတ်မှုဖြင့်သာ ရေးသား ထုတ်ဝေခွင့် ရရှိထားသည်" ဟု ဆိုသည်။

အဆိုပါ ရွေးကောက်ပွဲအတွက် စစ်အစိုးရက ထုတ်ပြန်ခဲ့သော ဥပဒေများမှာ အတိုက်အခံ ပါတီများ အပေါ် ဖိနှိပ် ချုပ်ခြယ် ထားသောကြောင့် ပြင်းပြင်းထန်ထန် ဝေဖန် ခံနေရသည်။ အဆိုပါ ဥပဒေများက အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရရှိအောင် ဟန့်တားထားသည်။

Bangkok Post မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Radio Australia News, 10th September 2010

မြန်မာ လေတပ်မှ ရုရှားနိုင်ငံမှ ရဟတ်ယာဉ်သစ် ၆၂ စင်းကို ဝယ်ယူခဲ့သည်ဟု သိရှိရသည်။ လေတပ် သတင်းရပ်ကွက်မှ ဧရာဝတီ သတင်းဌာနသို့ ပြောကြားရာတွင် ရဟတ်ယာဉ်သစ် ၅၀ မှာ Mi 24 တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ဖြစ်ပြီး လက်နက်ကိုင် သူပုန်များအား တိုက်ခိုက်ရာတွင် အဓိက အသုံးပြုလိမ့်မည်ဟု ဆိုသည်။

သမင်ပျိုမ ဟုခေါ်သော အဆိုပါ ရဟတ်ယာဉ်မှာ သံချပ်ကာ အမျိုးအစား ဖြစ်၍ အမြောက်များ၊ လောင်ချာများ၊ တင့်ကား၊ ဖျက်ဒုံးကျည်များ တပ်ဆင်ထားသည်ဟု သိရှိရသည်။

အဆိုပါ ရဟတ်ယာဉ်များသည် တိုက်ပွဲဝင် စစ်သည် ခုနှစ်ဦးနှင့် ၎င်းတို့၏ လက်နက် ပစ္စည်းများကိုပါ သယ်ဆောင်နိုင်သည် ဟုလည်း သိရှိရသည်။

နောက်ထပ် ရဟတ်ယာဉ် ၁၂ စီးမှာမူ သံချပ်ကာ ပို့ဆောင်ရေး အမျိုးအစား Mi 2 ရဟတ်ယာဉ်များ ဖြစ်သည်။

အဆိုပါ ရဟတ်ယာဉ်များကို မိတ္တီလာရှိ ပျံသန်း လေ့ကျင့်ရေး အခြေစိုက် စခန်း၌ လောလောဆယ် တပ်ဆင်လျက် ရှိပြီး၊ မကွေး လေတပ် အခြေစိုက် စခန်းနှင့် အေလာ လေတပ် အခြေစိုက် စခန်းများရှိ လေယာဉ် အုပ်စု ၄ စုသို့ ပို့ဆောင်လိမ့်မည်ဟု လေတပ် သတင်း ရပ်ကွက်မှ ဆိုသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

 News Wires, 10th September 2010

တရုတ် နိုင်ငံပိုင် CNPC ရေနံ ကော်ပိုရေးရှင်းသည် တရုတ်-မြန်မာ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းများ၏ တရုတ်နိုင်ငံ အပိုင်းနှင့် ရေနံချက် စက်ရုံကို ၂၀၁၃ တွင် အပြီးသတ်ရန် စီစဉ်နေသည်ဟု သိရသည်။

ရေနံ နှင့် ဓာတ်ငွေ့ ပိုက်လိုင်းများ၏ သတ်မှတ် ပြီးစီးချိန်မှာ အစောပိုင်း စီစဉ်ထားသည့် အချိန်ထက် တစ်နှစ် နောက်ကျသွားသော်လည်း တရုတ်-မြန်မာ ပိုက်လိုင်း မှတဆင့် ပြည်ပမှ ရောက်ရှိလာမည့် ရေနံစိမ်းများကိုသာ သီးသန့် ချက်လုပ်မည့် ရေနံချက် စက်ရုံ ပြီးစီးချိန်ကို CNPC က ပထမဆုံး အကြိမ် ယတိပြတ် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

CNPC သည် ယူနန်ပြည်နယ်ရှိ တစ်နေ့လျှင် စည်ပေါင်း ၂ သိန်း သန့်စင်နိုင်မည့် ရေနံချက် စက်ရုံ အုတ်မြစ်စီ အခမ်းအားကို ယနေ့ ပြုလုပ်ခဲ့ပြီး ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းများ တည်ဆောက်မှုကိုလည်း ယနေ့ စတင်ခဲ့သည်ဟု သိရှိရသည်။

ယခု စီမံကိန်းသည် တရုတ်၏ စွမ်းအင် တင်သွင်းမှု လမ်းကြောင်းများ ခွဲဖြာထားရန် အထောက်အကူ ပြုမည် ဖြစ်၍ လတ်တလော တရုတ် ရေနံ တင်သွင်းမှု ၈၀ % ဖြတ်သန်းနေသည့် အန္တရာယ် များသော မလက္ကာ ရေလက်ကြားကို မှီခိုနေရခြင်းအား လျော့ချနိုင်မည် ဖြစ်သည်။

တစ်ရက်လျှင် ရေနံစိမ်း စည်ပေါင်း ၄၄၀,၀၀၀ သယ်ဆောင်နိုင်စွမ်း ရှိသည့် ရေနံ ပိုက်လိုင်းမှာ မြန်မာ နိုင်ငံတွင်း ၇၇၁ ကီလိုမီတာ ဖြတ်သန်းကာ ချုံကင်းမြို့သို့ မရောက်မီ တရုတ် ပြည်တွင်း၌ ၁၆၃၁ ကီလိုမီတာ ဆက်လက် သွယ်တန်းရမည် ဖြစ်သည်။ ဓာတ်ငွေ့ ကုဗမီတာ ၁၂ သန်း ပို့ဆောင်နိုင်စွမ်း ရှိသည့် ဓာတ်ငွေ့ ပိုက်လိုင်းမှာမူ မြန်မာ နိုင်ငံတွင်း ၇၉၃ ကီလိုမီတာ ဖြတ်သန်းကာ တရုတ်ပြည်တွင် ၁၇၂၇ ကီလိုမီတာ ဆက်လက် ဖြတ်သန်းပြီး ဂွမ်ဇီတွင် အဆုံးသတ်မည် ဖြစ်သည်။

စီးပွားရေး စီမံကိန်းနှင့် ဈေးနှုး သတ်မှတ်မှုကို ကြီးကြပ်သည့် တရုတ်နိုင်ငံ သြဇာကြီး ဝန်ကြီးဌာန ဖြစ်သော အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြန်လည် ဖွဲ့စည်းရေး ကော်မရှင်ထံမှ မည်သည့် အချိန်တွင် နောက်ဆုံး အတည်ပြုချက် လက်ခံ ရရှိမည် ဆိုသည်ကိုမူ ကုမ္ပဏီက ထုတ်ဖော် ပြောကြားခြင်း မရှိပါ။

ဂွမ်ဇီရှိ ကင်ကျိုး ရေနံချက် စက်ရုံ ဗုဒ္ဓဟူးနေ့တွင် စတင် လည်ပတ်ခဲ့ပြီးနောက် တရုတ် အနောက် တောင်ပိုင်း ဒေသတွင် CNPC ၏ လက်ရှိ ရပ်တည်နိုင်မှုကို မြှင့်တင် ပေးနိုင်လိမ့်မည်ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

China Daily, 8th September 2010

မြန်မာနိုင်ငံ နှင့် စစ်ဖက် ဆက်ဆံရေး အရေးကြီးပုံကို တရုတ်နိုင်ငံက စွဲစွဲမြဲမြဲ မှတ်ယူ ထားသည်ဟု တရုတ် ထိပ်တန်း စစ်ဖက် အရာရှိက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။

တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချန်ဘိုင်ဒီက မြန်မာနိုင်ငံ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အဖွဲ့ဝင် သူရ ဦးရွှေမန်းနှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

နှစ်နိုင်ငံ အကြား၊ နှစ်နိုင်ငံ တပ်မတော်များ အကြား အပြန်အလှန် ဆက်ဆံရေး မှန်မှန် တိုးတက်လာခြင်းကို ဂုဏ်ပြုသည့် အနေဖြင့် ချန်ဘိုင်ဒီက ပြောကြားရာတွင် ကဏ္ဍနယ်ပယ် ပေါင်းစုံ၌ အောင်မြင်စွာ ပူးပေါင်း ဆောင်ရွက်မှုများက နှစ်နိုင်ငံ စလုံး အတွက် ခိုင်မာသော အကျိုးကျေးဇူးများကို ဆောင်ယူ ပေးနိုင်ခဲ့သည်ဟု ပြောဆိုခဲ့သည်။

အစဉ်အလာ ချစ်ကြည် ရင်းနှီးမှုကို ဆက်လက် သယ်ဆောင်ရန် နှစ်နိုင်ငံ တပ်မတော်များ အတူတကွ ဆောင်ရွက် သွားကြရန် မျှော်လင့်သည်ဟုလည်း ချန်ဘိုင်ဒီက ဆိုသည်။

သူရ ဦးရွှေမန်းကလည်း မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ကာကွယ်ရေး တည်ဆောက်မှုများ အတွက် တရုတ်နိုင်ငံ၏ ကိုယ်ကျိုး မဖက်သော အကူအညီများကို ချီးကျူး ဂုဏ်ပြုလိုက်ပြီး၊ နှစ်နိုင်ငံ အကြား လက်တွေ့ ကျသော ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ရန် မြန်မာနိုင်ငံ အနေဖြင့် တရုတ်နှင့် ပူးပေါင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Radio Australia News, 10th September 2010

မြန်မာ အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ၎င်း၏ တိုင်းပြည် အပေါ် ထောက်ခံ အားပေးခြင်း အတွက် တရုတ်နိုင်ငံအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး နှစ်နိုင်ငံ နယ်စပ် တည်ငြိမ်မှုကို ထိန်းသိမ်းရန် ဘေဂျင်း နှင့်အတူ ဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့ကြောင်း သိရှိရသည်။

၎င်းသည် ထိပ်တန်း တရုတ် ခေါင်းဆောင်များနှင့် တွေ့ဆုံမှု များစွာ ပြုလုပ်ခဲ့ရာ၊ ဝန်ကြီးချုပ် ဝမ်ကျားပေါင်နှင့် နောက်ဆုံး တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာ အစိုးရ ခေါင်းဆောင်သည် ၎င်း၏ တိုင်းပြည်တွင် အနှစ် ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲများ ကျင်းပရန် ၂လ အလို အင်္ဂါနေ့တွင် ရောက်ရှိလာခြင်း ဖြစ်သည်။

၎င်းရွေးကောက်ပွဲများသည် စစ်အုပ်ချုပ်ရေးကို အမြစ် တွယ်စေမည့် အတုအယောင် လုပ်ရပ်သာ ဖြစ်သည်ဟု အနောက်နိုင်ငံ အစိုးရများက ပြစ်တင် ရှုတ်ချလျက် ရှိသော်လည်း ဘေဂျင်းကမူ ဒီမိုကရေစီသို့ ဦးတည်သည့် အရေးကြီးသော အဆင့်အဖြစ် မြှောက်ပင့် ချီးကျူးလိုက်သည်။

"ရွေးကောက်ပွဲများ ချောမွေ့စွာ ကျင်းပနိုင်ရေးသည် ပြည်သူတို့ အတွက် အခြေခံ အကျိုး စီးပွားများ ထဲတွင် ပါဝင်ပြီး ဒေသတွင်း တည်ငြိမ်မှုနှင့် အေးချမ်းမှုကို ဖြစ်ပေါ်စေလိမ့်မည်" ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူက ပြောကြားသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း "နှစ်နိုင်ငံ အကြား ရှိပြီးသား အိမ်နီးချင်း ချစ်ကြည်မှု၊ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှုနှင့် ယုံကြည်မှုတို့ကို ဆက်လက် တိုးမြှင့်သွားရန် ၎င်းအနေဖြင့် မျှော်လင့်ကြောင်း" သမ္မတ ဟူကျင်းတောင်ကို ပြောကြားခဲ့သည်ဟု သိရှိရသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.