Transparency Myanmar

transparency.myanmar@gmail.com

၂၀၀၉ အောက်တိုဘာ ၈

လက်ရှိအစိုးရအတွင်း ဝင်ရောက်လုပ်ကိုင်နေသော နယက ဝန်ကြီးများ လာမည့် ဒီဇင်ဘာနောက်ဆုံးပတ်တွင် သက်တမ်းကုန်၍ အနားယူရတော့မည် ဖြစ်သည်။

အဆိုပါသက်တမ်းကုန်၍ အနားယူရတော့မည့် ဝန်ကြီးများအနေဖြင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါတီဖွဲ့၍ ပြန်လည်ဝင်ရောက်အရွေးချယ်ခံရန် ပြင်ဆင်သူများရှိသကဲ့သို့ အချို့ဝန်ကြီးများမှာ သက်တမ်းကုန်ဆုံးပါက မည်သို့ ရပ်တည်ရမည်ကို မသေချာကြသေးကြောင်း ၎င်းတို့ နှင့်နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းမှ သိရသည်။

လတ်တလောအနေအထားအရ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း ဝန်ကြီးများ အနားမယူမီ ယင်းတို့နှင့် ပတ်သက်သည့် အခွင့်အလမ်းများ ပူးပေါင်းကြံစည်လုပ်ငန်းများကို အမြန်ဆုံး အဆုံးသတ်ရန် ကြိုးပမ်းနေရကြောင်း၊ ၂၀၁၀ မတိုင်မီ ကြားကာလအတွင်း မသေချာသော အခွင့်အလမ်းရှာဖွေမှုများအတွက် အနားယူမည့် ဝန်ကြီးများကို သတိထား ဆက်ဆံနေရကြောင်း သိရသည်။

စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် လိုင်စင်၊ ပါမစ် စသည့် အခွင့်အလမ်း အမျိုးမျိုးအတွက် ယခင်က ဝန်ကြီးများအား တံစိုးလက်ဆောင်ခြင်း ရောင်းဝယ်ရေးလုပ်ငန်းများပင် ယခုလအတွင်း ထက်ဝက်ခန့်ကျဆင်းလာကြောင်း လက်ဆောင်ခြင်းအရောင်းလုပ်ငန်း လုပ်ကိုင်သူအချို့ထံမှ သိရသည်။
“လက်ဆောင်ခြင်းကတော့ ဈေးအမျိုးမျိုးရှိတယ်။ အရင်ကတော့ လက်ဆောင်ခြင်းတွေ လာဝယ်တယ်၊ လာသွင်းတယ်ဆိုတာက ပုံမှန်ပါပဲ။ ကိုယ့်ဖောက်သည်နဲ့ ကိုယ်ပေါ့။ အခု သီတင်းကျွတ်ကာလအတွင်းမှာတော့ အရင်က နှစ်နဲ့ မတူဘူး။ ၃-၄ သိန်းတန် ရှယ်ခြင်းတွေဆို မနှစ်က အရောင်းရဲ့ ထက်ဝက်ပဲ ရှိတယ်။ သူတို့အနားယူတော့မယ့် သတင်းလည်း ကြားတယ်” ဟု လက်ဆောင်ခြင်းရောင်းဆိုင် ပိုင်ရှင်တစ်ဦးက ပြောသည်။

eaglecentre.blogspot.com မှကူးယူဖော်ပြသည်။

0 comments:

Post a Comment