Transparency Myanmar

transparency.myanmar@gmail.com

eaglecentre.blogspot.com မှ ကူးယူဖော်ပြသည်။
(Editorial from The Asahi Shimbun) 6th Oct, 2009

အမေရိကန်စစ်အစိုးရသည် မြန်မာနိုင်ငံစစ်အစိုးရနှင့် တိုက်ရိုက်တွေ့ဆုံစကားပြောရန် ၎င်းတို့၏ မူဝါဒကို ရုတ်တရက် ပြောင်းလဲခဲ့ပါသည်။

လွန်ခဲ့သော ၂ နှစ် မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းပြီး နောက်ပိုင်းတွင်မှစ၍ အမေရိကန်ပြည်ထောင်စုသည် မြန်မာဗိုလ်ချုပ်များ ဒီမိုကရေစီ ဖော်ဆောင်လာစေရန် ရည်ရွယ်၍ ပြင်းထန်သော အရေးယူပိတ်ဆို့မှု (Sanctions) များကို ချမှတ်ခဲ့ပါသည်။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်ခံနေရပြီး အခြားနိုင်ငံရေး အကျဉ်းသား အများအပြားလည်း ထောင်ထဲတွင်ပင် ရှိနေဆဲ ဖြစ်ပါသည်။ စစ်အစိုးရသည် လာမည့်နှစ်တွင် အထွေထွေ ရွေးကောက်ပွဲ ပြုလုပ်ရန် အစီအစဉ် ရေးဆွဲထားသော်လည်း အာဏာရှင်ဆန်သော အုပ်ချုပ်မှုကို တွေ့မြင်နေရဆဲ ဖြစ်သည်။

သို့ဆိုလျှင် အဘယ်ကြောင့် အမေရိကန်အစိုးရသည် မြန်မာနိုင်ငံနှင့် အဆက်အဆံပြုလုပ် စကားပြောရန် ကြိုးစားခဲ့သနည်း။ အကယ်၍ မြန်မာနိုင်ငံကို ဗိုလ်ချုပ်များစိတ်ကြိုက် ကြိုက်ရာလုပ်ခွင့် ပြုထားခဲ့ပါက ကမ္ဘာ့အရေးတွင် ကြီးမားသော မတည်ငြိမ်မှု (Serious Destabilization Factor) ကို ဖန်တီးမည့် နိုင်ငံဖြစ်လာမည်ကို ဝါရှင်တန်က စိုးရိမ်မည်မှာ အသေအချာဖြစ်သောကြောင့် ဖြစ်သည်။

ယခုနှစ်ဆန်းပိုင်းက သံသယဖြစ်ဖွယ်ရာ အချက်အသစ်တစ်ခု ထွက်ပေါ်လာရာ မြန်မာနိုင်ငံက မြောက်ကိုရီးယား၏ အကူအညီဖြင့် နျူကလီယားစွမ်းအင် ထုတ်လုပ်ရေးကို လုပ်ဆောင်နေခြင်းပင် ဖြစ်သည်။ တဖန် ပြီးခဲ့သော ဇွန်လတွင် ကုလသမဂ္ဂ၏ အရေးယူမှုအရ တားမြစ်ထားသော လက်နက်များ တင်ဆောင်လာသည်ဟု ယူဆရသော မြောက်ကိုရီးယား သင်္ဘောတစ်စင်းကို အမေရိကန်တပ်ဖွဲ့များက ခြေရာခံမိကြသည်။ အဆိုပါသင်္ဘော၏ ခရီးလမ်းဆုံးမှာ မြန်မာနိုင်ငံဖြစ်လိမ့်မည်ဟု ယုံကြည်ခဲ့ရသည်။

အကယ်၍သာ မြန်မာစစ်အစိုးရသည် နျူကလီယာလက်နက် ထုတ်လုပ်ရေးကို ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ပါက အမေရိကန်တို့ အာရှအပေါ် ထားရှိသည့် မူဝါဒကို အခြေခံမှစ၍ အမြစ်လှန်ပစ်ပြီး စဉ်းစားသုံးသပ်ရတော့မည် ဖြစ်သည်။ မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်မှု ပြန့်ပွားခြင်းကလည်း စိုးရိမ်ရမည့် အချက်တစ်ခုဖြစ်သည်။ အခြားစိုးရိမ်စရာ အချက်တစ်ခုမှာ ဒေသတွင်း တရုတ်၏ ဩဇာလွှမ်းမိုးမှု ကြီးထွားလာမှု အန္တရာယ်ဖြစ်သည်။

ထို့ကြောင့် အမေရိကန်အစိုးရသည် မြန်မာနိုင်ငံအပေါ် အရေးယူမှုများ ဆက်လက်ထားရှိမည့် တစ်ချိန်တည်းတွင်ပင် တွေ့ဆုံစကားပြောဆွေးနွေးရန်ကိုလည်း ဆုံးဖြတ်ခဲ့သည်။ ကျွန်ုပ်တို့အနေဖြင့် အမေရိကန်တို့၏ ယခုလုပ်ဆောင်မှုသည် ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးဖြစ်စဉ် တိုးတက်လာရေးအတွက် အထောက်အကူ ဖြစ်လိမ့်မည်ဟု မျှော်လင့်မိပါသည်။ သို့သော် မည်သည့်အရာမျှ ဖြစ်လာမည်ဟု သေချာပေါက် မပြောနိုင်ချေ။

ပြီးခဲ့သည့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြန်မာနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ပိတ်ဆို့အရေးယူမှုအားလုံးကို ရုတ်သိမ်းပေးရန် တောင်းဆိုခဲ့ပါသည်။ စစ်အစိုးရ၏ ရည်ရွယ်ချက်မှာ ရွေးကောက်ပွဲကို လက်ရှိစစ်တပ်၏ ချုပ်ကိုင်မှုအောက်တွင် ကျင်းပပေးပြီး တရားမဝင်သော စစ်တပ် အုပ်ချုပ်ရေးကိုပင် ဆက်လက်တည်ရှိနေစေချင်ပုံရသည်။ မြန်မာအစိုးရ၏ ပြီးခဲ့သောနှစ်က အဆိုပြုခဲ့သော အခြေခံဥပဒေသစ်သည် စစ်တပ်ကို တရားမဝင်သော အရာများ ပြုလုပ်နိုင်ရန် ရေးဆွဲထားသည်။ ပါလီမန်၏ ၂၅ ရာခိုင်နှုန်းသော နေရာကို တပ်မတော်အရာရှိများအတွက် သတ်မှတ်ပေးထားပါသည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကို တရားမျှတ၍ ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ကျင်းပပေးရမည် ဖြစ်သည်။ မြန်မာအစိုးရသည် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ရွေးကောက်ပွဲတွင် လွတ်လပ်စွာ ပါဝင်ယှဉ်ပြိုင်ရန် ခွင့်ပြုရမည်ဖြစ်သည်။ ရွေးကောက်ပွဲ ရလဒ်အရ ဒီမိုကရက်တစ်အစိုးရကို အာဏာလွှဲပြောင်းပေးရာတွင် တကယ့်အာဏာကို စစ်တပ်ထံတွင် ထားရှိသော အမည်ခံ လွှဲပြောင်းခြင်းဖြစ်ပါက နိုင်ငံတကာအသိုင်းအဝိုင်းက လက်ခံလိမ့်မည်မဟုတ်ပေ။

အကယ်၍ စစ်အစိုးရသည် နိုင်ငံတကာ အသိုင်းအဝိုင်းသို့ အမှန်တကယ်ပြန်လာလိုလျှင် အမေရိကန်နှင့် တွေ့ဆုံဆွေးနွေးရာ၌ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုများကို ရှင်းရှင်းလင်းလင်း ပြောပြရမည်ဖြစ်သည်။

ဂျပန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံအပေါ် ထားရှိသော သံတမန်ရေးရာ ရပ်တည်မှုမှာ မုန့်ရော တုတ်ရောပေးဝေခြင်း အစီအစဉ်ကို အသုံးပြုရေးဖြစ်သည်။ ဂျပန်အစိုးရသည် အသစ်အသစ်သော အကူအညီပေးရေး အစီအစဉ်များကို ရပ်ထားသော်လည်း မြန်မာနိုင်ငံမှ တာဝန်ရှိဝန်ကြီးများကို တွေ့ဆုံဆွေးနွေးရေးအတွက် ဂျပန်နိုင်ငံသို့ လာရောက်ရန် ဖိတ်ကြားထားပါသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီပေါ်ပေါက်လာခြင်းနှင့် ပတ်သက်၍ ဂျပန်နိုင်ငံကသာ စိတ်ဝင်စားခြင်းမဟုတ်ဘဲ အာရှတိုက်ဒေသတစ်ခုလုံးကပါ စိတ်ဝင်စားခြင်းဖြစ်ပါသည်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ တိုးတက်လာမှသာ မြောက်ကိုရီးယားနှင့်မြန်မာနိုင်ငံအကြား စစ်ရေးပူးပေါင်းဆောင်ရွက်နေမှု အလားအလာများကို ဟန့်တားနိုင်လိမ့်မည် ဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီး Katsuya Okada သည် ပြီးခဲ့သည့် စနေနေ့က မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန်နှင့် လွတ်လပ်သော ရွေးကောက်ပွဲ ပြုလုပ်ပေးရေးတို့ကို လေးလေးနက်နက် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြောင်းလဲမှုများကို အားပေးထောက်ခံသော ဥပဒေပြုရေးအဖွဲ့ (Lawmaker’s Group) အဖွဲ့ဝင်လည်းဖြစ်သော ဂျပန်ဝန်ကြီးချုပ် Yukio Hatoyama သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တယ်လီဖုန်းပေါ်တွင် စကားပြောခဲ့ပါသည်။ အမေရိကန်က မြန်မာနိုင်ငံပေါ် ထားရှိသော မူဝါဒ အပြောင်းအလဲမူကို အကြောင်းပြု၍ ထွက်ပေါ်လာသော အခွင့်အရေးများကို ဂျပန်နိုင်ငံက အမိအရ ဆုပ်ကိုင်သင့်ပါသည်။ မြန်မာစစ်အစိုးရကို သံတမန်နည်းလမ်း ဖိအားများပေးရာတွင် ပိုမိုအားကောင်းစေရေးအတွက် ဂျပန်နိုင်ငံသည် အမေရိကန်၊ တရုတ်၊ အရှေ့တောင်အာရှနိုင်ငံများနှင့် ပူးပေါင်းလုပ်ဆောင်သင့်သည်။ ပြောင်းလဲမှုများ ပြုလုပ်ရန်လည်း တိုက်တွန်းရလိမ့်မည်။

0 comments:

Post a Comment