Transparency Myanmar

transparency.myanmar@gmail.com

By LALIT K JHA
မြန်မာဒီမိုကရေစီအရေးကို ထောက်ခံလှုပ်ရှားသူ ခေါင်းဆောင်များ ကိုယ်စားလှယ်အဖွဲ့သည် အမေရိကန် ဆီနိတ်တာ Jim Webb နှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ လက်ရှိအနေအထားအပေါ် ရှုမြင်မှုများ၊ ရှေ့ခရီးစဉ်နှင့် ပတ်သက်သော သုံးသပ်မှုများကို တင်ပြခဲ့ပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ထွန်းကားရေး ဆောင်ရွက်မှုများနှင့် အရေးယူပိတ်ဆို့မှုများနှင့် ပတ်သက်သော ၎င်းတို့၏ ကိုယ်ပိုင်အမြင်တို့ကို တင်ပြဆွေးနွေးခဲ့သည်ဟု သိရှိရသည်။
National Council of the Union of Burma ၏ အထွေထွေ အတွင်းရေးမှူး မောင်မောင်နှင့် National Coalition Government of the Union of Burma (ပြည်ပရောက် မြန်မာအစိုးရ) နိုင်ငံခြားရေး ဝန်ကြီး ဘိုလှတင့်တို့က ကိုယ်စားလှယ်အဖွဲ့ကို ခေါင်းဆောင်ခဲ့ပြီး Public international Law and Policy Group မှ ဥပဒေ အကြံပေးများလည်း ပါဝင်သည်ဟု ဆိုသည်။
Jim Webb သည် ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော ပထမဆုံးအမေရိကန် လွှတ်တော်အမတ်ဖြစ်ပြီး မြန်မာနိုင်ငံ မူဝါဒသစ်ကို အကောင်အထည်ဖော်နေသော အိုဘားမားအစိုးရအဖွဲ့၏ အရေးကြီးသော သော့ချက်ပုဂ္ဂိုလ် (Key Player) အဖြစ် ထင်ရှားလာပါသည်။ ၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့ပါသည်။
ယခုတွေ့ဆုံမှုသည် တစ်ဦးစီ၏ ရှုထောင့်အမြင်များကို နားလည်နိုင်ရန် အထောက်အကူ ဖြစ်ခဲ့ပြီး တူညီသော ပန်းတိုင်တစ်ခုဆီသို့ ချီတက်နေခြင်း ဖြစ်ကြောင်း သဘောပေါက် နားလည်ခဲ့သည်ဟု မောင်မောင်က ပြောဆိုသည်။
Webb က အရေးယူမှုများနှင့် ပတ်သက်သော ၎င်း၏သဘောထားမှာ အရေးယူမှုများ ရပ်ဆိုင်းရေး မဟုတ်ကြောင်း ရှင်းလင်းခဲ့ပြီး မီဒီယာများ၏ မှားယွင်းစွာ နားလည်ဖော်ပြခဲ့မှုသာ ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း မောင်မောင်က ဧရာဝတီသို့ ပြောပါသည်။ Webb ၏ သဘောထားမှာ အရေးယူမှုများ ချက်ချင်း ရုတ်သိမ်းပေးရန် မဟုတ်ဘဲ အချိန်အတိုင်းအတာ တစ်ခုအတွင်း ဆောင်ရွက်ရန်သာ ဖြစ်သည်ဟု မိမိတို့ နားလည်ခဲ့ကြောင်း မောင်မောင်က ဆက်လက်ပြောကြားပါသည်။
Webb က မြန်မာနိုင်ငံတွင် စီးပွားရေးဖွံ့ဖြိုးမှုများ၊ ငြိမ်းချမ်းရေးနှင့် ကြွယ်ဝချမ်းသာမှုများ ဖြစ်ထွန်းလာစေရန် ဆန္ဒရှိသည်ဟု ပြောကြားခဲ့ပြီး မြန်မာနိုင်ငံကို ကူညီလိုခြင်း ဖြစ်သည်ဟု ဆိုပါသည်။
အရေးယူပိတ်ပင်မှုများကို မရုတ်သိမ်းသေးဘဲ သံတမန်ဆက်ဆံမှုများကို ဦးစားပေးဆောင်ရွက်သွားမည့် အမေရိကန် မူဝါဒသည် သင့်မြတ်လျှော်ကန်သည်ဟု မိမိတို့က Webb အား ပြန်လည် ပြောကြားခဲ့သည်ဟု မောင်မောင်က ပြောခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ မူဝါဒသစ်ကို မိမိထောက်ခံအားပေးမည် ဖြစ်ပြီး အမေရိကန် အနေဖြင့် စဉ်ဆက်မပြတ် အာရုံစူးစိုက် ဆောင်ရွက်သွားရန် လိုအပ်သည်ဟု မောင်မောင်က ဆက်လက် ပြောကြားသည်။
အဆိုပါ ကိုယ်စားလှယ်အဖွဲ့က အမျိုးသား ပြန်လည်ပေါင်းစည်းရေးနှင့် တိုင်းရင်းသားလူမျိုးစုဆိုင်ရာ ကိစ္စများနှင့် ပတ်သက်သော အစီရင်ခံစာကို ဆီနိတ်တာထံ ပေးအပ်ခဲ့သည်ဟု သိရသည်။

--
Posted By icypress to Sensible Rumour at 10/23/2009 04:11:00 AM

0 comments:

Post a Comment