Transparency Myanmar

transparency.myanmar@gmail.com

အာဖဂန်နစ္စတန်ရလဒ်များ သေချာမှသာ အမေရိကန်ဆုံးဖြတ်မည်

BBC News

19 - Oct - 2009

          အာဖဂန်နစ္စတန်အစိုးရသစ်သည် မိမိတို့၏ မိတ်ဆွေစစ်ဖြစ်ကြောင်း မသတ်မှတ်နိုင်မီအထိ ၎င်းနိုင်ငံသို့တပ်ဖွဲ့ဝင်များ ထပ်မံစေလွှတ်မည့်ဆုံးဖြတ်ချက်ကို ချဦးမည်မဟုတ်ဟု အိမ်ဖြူတော်က ပြောကြားခဲ့သည်။

          အိမ်ဖြူတော်အရာရှိချုပ် Rahm Emanuel က CNN TV သို့ပြောကြားရာတွင် အစိုးရသစ်ကို အသေးစိတ်သုံးသပ်မှုမလုပ်ဘဲ ဆုံးဖြတ်ချက်ချခဲ့ပါက "ဗရမ်းဗတာ" ဖြစ်သွားနိုင်သည်ဟု ဆိုပါသည်။

          အာဖဂန် နစ္စတန်တွင် တပ်ဖွဲ့ဝင် ၄၀၀၀၀ ခန့် ဖြည့်တင်းရန် တောင်းဆိုထားမှုကို ၀ါရှင်တန်တွင် ဆွေးနွေးညှိနှိုင်းလျက်ရှိသည်။

          သမ္မတရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သော မဲလိမ်မှုများကို စုံစမ်းစစ်ဆေးခဲ့ရာ လာမည့်ရက် အနည်းငယ်အတွင်း ရလဒ်များ ထွက်ပေါ်လာတော့မည် ဖြစ်သည်။

          လက်ရှိ သမ္မတ ဟာမစ်ကာဇိုင်းအနေနှင့် ဒုတိယအကြိမ်ယှဉ်ပြိုင်မှုကို ရှောင်လွှဲရန် လိုအပ် သော ဆန္ဒမဲ ၅၀% ကျော်ကို မရရှိခဲ့ကြောင်း ထုတ်ပြန်ကြေငြာမည်ဟု မျှော်လင့်ရသည်။

          Mr. Karzai က သြဂုတ်လ ၂၀ ရက် ရွေးကောက်ပွဲတွင် ၎င်းအနိုင်ရရှိကြောင်း အပြင်းအထန် ခုခံပြောကြားခဲ့သော်လည်း ဥရောပစောင့်ကြည့်လေ့လာသူများက မဲစုစုပေါင်း၏ လေးပုံတစ်ပုံခန့်မှာ သံသယဖြစ်ဖွယ်ရှိသည်ဟု ပြောပါသည်။

          အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hillary Clinton နှင့် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Benard Kouchner အပါအ၀င် နိုင်ငံခြားရေးဝန်ကြီများက Mr. Karzai အနေနှင့် အမှန်တကယ်ရှုံးနိမ့်မှုကို ရင်ဆိုင်ရန် တိုက်တွန်းခဲ့ကြသည်။

          နိုင်ငံကို အမှန်တကယ် အုပ်ချုပ်နိုင်ရန် မိတ်ဆွေစစ်ဖြစ်လာနိုင်သည့် အရည်အချင်းများရှိ သောအစိုးရဖြစ်ကြောင်း အမေရိကန်က ပထမဦးစွာ သိရှိလိုသည်ဟု Emanuel က CNN သို့ ပြောကြားသည်။

          အခြေအနေကို ခွဲခြမ်းစိတ်ဖြာမကြည့်ဘဲ တပ်ဖွဲ့များ ထပ်မံဖြည့်တင်းရန် ဆုံးဖြတ်ခဲ့ပါက ဗရမ်းဗတာ ဆန်လွန်းပါလိမ့်မည်။ အမေရိကန်တပ်ဖွဲ့များ စီစဉ်ဆောင်ရွက်နေသော နယ်ပယ်ကို ၀င်ရောက်ဖြည့်ဆည်းရန် အဆင်သင့်ဖြစ်နေမှသာလျှင် တိုင်းပြည်ကို အမှန်တကယ်အုပ်ချုပ်နိုင် သော မိတ်ဆွေစစ်အစိုးရ ဖြစ်လာနိုင်ပါသည်ဟု ဆိုပါသည်။

          အမေရိကန်၏ မဟာဗျူဟာပြန်လည်သုံးသပ်မှုအရ အာဖဂန်ရှိ အမေရိကန်နှင့် နေတိုးတပ်ဖွဲ့များ၏ တပ်မှူးဗိုလ်ချုပ်ကြီး Stanley Mc Chrystal က တပ်ဖွဲ့ဝင်များ ထပ်မံစေလွှတ်ရန် တောင်းဆိုထားပါသည်။

          အာဖဂန်တွင် တပ်စွဲထားသော တပ်ဖွဲ့ဝင်အရေအတွက်မှာ အာဖဂန်အစိုးရနှင့် ထိရောက် စွာ တွဲဖက်လုပ်ကိုင်နိုင်စွမ်းရှိ မရှိ ဆိုသောအချက်၏နောက်တွင် ဒုတိယဦးစားပေးအဆင့်သာရှိ သည်ဟု Emenual က ဆက်လက်ပြောကြားပါသည်။

          တပ်ဖွဲ့ဝင်များ မည်မျှစေလွှတ်မည်နည်း ဆိုသည်က အရေးမကြီးပါ။ အာဖဂန်ပြည်သူများ လိုအပ်နေသော လုံခြုံရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ထောက်ပံ့ဖြည့်ဆည်းပေးမည့် လမ်းစဉ်တွင် အမှန်တကယ် အရည်အချင်းရှိသော အာဖဂန်အစိုးရဟုတ် မဟုတ်ကသာ အရေးကြီး ပါသည်ဟု ၎င်းက ဆက်လက်ပြောကြားပါသည်။

          သြဂုတ်လရွေးကောက်ပွဲ၏ အစဦးရလဒ်များအရ ဟာမစ်ကာဇိုင်းက ၅၅% နှင့် ၎င်း၏ အနီးဆုံးပြိုင်ဘက် အဗ္ဗဒူလာက ၂၈% ရရှိသည်ဟုဆိုပါသည်။

          သို့ရာတွင် မဲလိမ်မှုများ ကျယ်ပြန့်စွာ ဖြစ်ပေါ်ခဲ့ကြောင်း စွပ်စွဲချက်များပေါ်ထွက်ခဲ့ပြီး နောက်ပိုင်း ကုလသမဂ္ဂ ကျောထောက်နောက်ခံပြု Electoral Complaints Commission (ECC) က စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်ခဲ့သည်။

          ၎င်းအဖွဲ့က Independent Election Commission (IEC) သို့အစီရင်ခံစာတင်ပြခဲ့ပြီး နောက်ဆုံးရလဒ်များကို ထုတ်ပြန်ခဲ့ရာ ဟာမစ်ကာဇိုင်းအနေနှင့် စုစုပေါင်း၏ ၅၀% မပြည့်သဖြင့် ပြန်လည်ယှဉ်ပြိုင်ရတော့မည်ဖြစ်သည်။

          ဟာမစ်ကာဇိုင်းသည် ဒုတိယအကြိမ်ပြန်လည်ယှဉ်ပြိုင်ရမည့် အရေးကြောင့် ဒေါသထွက် နေခဲ့ပြီး၊ ဒုတိယအကြိမ် ရွေးကောက်ပွဲကို ကြန့်ကြာအောင်လုပ်မည့် ခြိမ်းခြောက်မှုများရှိနေသည် ဟု သိရပါသည်။

          ECC စုံစမ်းမှုရလဒ်များကို မထုတ်ပြန်ခင်ကပင် ၎င်းကလက်ခံရန်ငြင်းပယ်ခဲ့သည်။ ECC က စုံစမ်းမှုရလဒ်များကို စနေနေ့တွင် ကြေငြာရန် စီစဉ်ထားသော်လည်း ဟာမစ်ကာဇိုင်းနှင့် ထိပ်တိုက်တွေ့နေသောကြောင့် နှောင့်နှေးကြန့်ကြာနိုင်သည်ဟု ဆိုပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment