Transparency Myanmar

transparency.myanmar@gmail.com

(တိုင်းရင်းသားတစ်ဦး )

 28th Oct, 09

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ရှည်လျားသည့် နယ်နိမိတ်ချင်း ထိစပ်နေသော အိမ်နီးချင်းနိုင်ငံ ဖြစ်ပါသည်။ တရုတ်နိုင်ငံသည် စစ်အေးကာလများ အတွင်းမှ စတင်၍ ကမ္ဘာတွင် အရေးပါသော နိုင်ငံကြီးတစ်ခု ဖြစ်ခဲ့ပါသည်။ ထိုစဉ်က ကွန်မြူနစ်စစ်စစ် ကျင့်သုံးသော စစ်အင်အား ကြီးထွားရေးကို ဦးတည်သော နိုင်ငံတစ်ခု ဖြစ်ခဲ့ပါသည်။

ယခုအချိန်တွင် တရုတ်နိုင်ငံ၏ ဦးတည်ချက်က ပြောင်းသွားပြီ ဖြစ်ပါသည်။ စီးပွားရေးအရ အင်အား ချဲ့ထွင်ရေးကို ဦးတည်နေပါသည်။ သို့တိုင်အောင် တရုတ်သည် ကမ္ဘာပေါ်တွင် စီးပွားရေးအရ အရေးပါသော နိုင်ငံကြီးတစ်နိုင်ငံ ဖြစ်နေပြန်ပါသည်။ အမေရိကန်သည်ပင် တရုတ်ကို စီးပွားရေးအရ ကိုင်းကျွန်းမီ၊ ကျွန်းကိုင်းမီ အနေအထားတစ်ချို့ ရှိလာပါသည်။

ထိုအတောအတွင်း မြန်မာနိုင်ငံတွင်လည်း လွန်ခဲ့သော ဆယ်စုနှစ်ခန့် အနောက်ကမ္ဘာက မြန်မာကို အထီးကျန်ပစ်ထားခဲ့သည့် အချိန်မှစ၍ တရုတ်သည် မဟာဗျူဟာကျကျ နိုင်ငံရေးအရရော၊ စီးပွားရေးအရပါ ဝင်ရောက် နေရာယူလာပါသည်။ ယခုအခါ မြန်မာအစိုးရသည် တရုတ်အစိုးရ၏ လွှမ်းမိုးမှုကို ခံနေရပြီဟု ကျွန်တော်တို့ ပြည်သူများက ယူဆနေရသည်။ အမှန်တကယ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တရုတ်ကို ကြောက်မကြောက် သူပဲ သိပါလိမ့်မည်။

အမေရိကန်ပင်လျှင် သတိပြုမိပြီး မြန်မာနိုင်ငံတွင် တရုတ်နှင့် Counter Balance လုပ်နိုင်ရန် မြန်မာနိုင်ငံကို ခြေစုံပစ် ဝင်လာနေပြီဖြစ်သည်။ နောက်တစ်ချက် အမေရိကန်တို့ စိုးရိမ်သော အချက်မှာ မြောက်ကိုရီးယားနှင့် မြန်မာဆက်ဆံရေး ဖြစ်ပါသည်။

အလျင်းသင့်၍ ကြားဖြတ်ပြောလိုသည်မှာ Jim Webb ဩဂုတ်လ မြန်မာနိုင်ငံသို့လာစဉ်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် တရုတ်ကိစ္စပြောစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်က တရုတ်ကို အိမ်နီးချင်းကောင်းတစ်နိုင်ငံအဖြစ် မြင်ပါသည်ဟု သံတမန်စကားဆိုပါသည်။ ဤစကားကို ကျွန်တော်တစ်ဦးတည်းအမြင်အရ မကြိုက်ပါ။ နိုင်ငံရေးသမားတစ်ဦးအနေနှင့် တရုတ်ကို ကြိုတင်ပြီး ဖားသော စကားလုံးဟု မြင်ပါသည်။ ဘာမျှ မှတ်ချက်မပေးဘဲနေတာ ပိုကောင်းမည်ဟု ယူဆပါသည်။

ထားပါတော့။ ကျွန်တော် ပြောလိုသည့်အချက်မှာ အိမ်နီးချင်းကောင်း ဆိုသည်မှာ ကောင်းသည့် ကိစ္စရော၊ ဆိုးသည့်ကိစ္စပါ အကြံဥာဏ်ကောင်းများ ပေးသင့်ပါသည်။ သို့သော် တရုတ်နိုင်ငံသည် ကိုယ်ကျိုးတစ်ခုတည်းသာ ကြည့်၍ ဆက်ဆံသည့် တစ်ကိုယ်ကောင်းသမား ဆန်သည်ဟု မြင်ပါသည်။

ယခု ကျွန်တော်ရေးမည့် အကြောင်းအရာများမှ နိုင်ငံတစ်ခု၊ ခေါင်းဆောင်များ၊ သံတမန်များအနေဖြင့် မပြောသင့်သော အကြောင်းအရာများ ဖြစ်ပါသည်။ သို့သော် ကျွန်တော်တို့ ပြည်သူများ ခံစားချက်များဖြစ်၍ ရေးရသည်မှာ အပြစ်မရှိဟု ဆိုချင်ပါသည်။ ကျွန်တော် ပြောလိုသည်မှာ တရုတ်လူမျိုးများကို မဟုတ်ပါ။ တရုတ်အစိုးရကိုသာ ရည်ရွယ်ပါသည်။

တခြားမဟုတ်ပါ။ ပြီးခဲ့သည့် ဩဂုတ်လက မြန်မာစစ်တပ်နှင့် ကိုးကန့်ဖြစ်သည့်ကိစ္စတွင် နယ်စပ်၌ ဒုက္ခသည်များ တရုတ်ပြည်တွင်း ဝင်ပြေးသည့်ကိစ္စ ဖြစ်ပါသည်။ ထိုအခါ တရုတ်က မြန်မာအစိုးရကို ထိုကိစ္စ ကန့်ကွက်ပါသည်။ တရုတ်လူမျိုးများ၏ ပျက်စီးမှုများအတွက် လျော်ကြေးတောင်းပါသည်။ တရုတ်အစိုးရများ တရားကျဖို့ကောင်းပါသည်။ ကိုးကန့်ဒေသရှိ တရုတ်လူမျိုးများ၏ ရင်းနှီးမြှုပ်နှံထားမှုများကြောင့် သူ့လူမျိုးထိ၍ နာပါသည်။ တရုတ်နယ်စပ်တွင် စစ်အစိုးရတက်ပြီး ငြိမ်းချမ်းရေးယူပြီးနောက်ပိုင်း ပဋိပက္ခဖြစ်တာ ယခုတစ်ကြိမ်သာ ရှိပါသည်။

ကျွန်တော်တို့ မြန်မာလူမျိုးများ၊ ဘုန်းတော်ကြီးများကို အစိုးရက ဖိနှိပ်သတ်ဖြတ်စဉ်ကတော့ ကမ္ဘာ့အလယ်တွင် ပြည်တွင်းရေးကိစ္စဖြစ်၍ ဝင်ရောက်မစွက်ဖက်ကြပါနှင့်ဟု အကာအကွယ်ပေးသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကတော့ သူ့ကို အကာအကွယ်ပေးတော့ ကျေးဇူးတင်ပါလိမ့်မည်။ သို့သော် ယခု ကိုးကန့်အရေးနှင့် နှိုင်းယှဉ်ကြည့်လျှင် တရုတ်၏ ယုတ်ညံ့သော စိတ်ထားကို ကျွန်တော်တို့ မြန်မာပြည်သူများ မကြိုက်ပါ။ သည်းခံပြီး အိမ်နီးချင်းကောင်း ပီသစွာ ညှိနှိုင်းဖို့ ကောင်းပါသည်။

ထိုင်းအစိုးရဆိုလျှင် မည်သို့ပြောမည်နည်း။ နှစ်ပေါင်းများစွာ ယခုထိ KNU နှင့် စစ်တပ်ပဋိပက္ခသည် သိန်းပေါင်းများစွာသော ဒုက္ခသည်များကို ထိုင်းနိုင်ငံတွင်း ဝင်ရောက်နေရာ၊ ဤနေရာတွင် တရုတ်သာဆိုလျှင် ဗိုလ်ချုပ်မှူးကြီး တရုတ်နိုင်ငံတွင် အဖမ်းခံနေရလောက်ပေပြီ။

ယခုလည်း ကြည့်ပါ။ ASEAN ထိပ်သီးညီလာခံတွင် တရုတ်ဝန်ကြီးချုပ်က ဗိုလ်ချုပ်ကြီးသိန်းစိန်ကို တံခါးပိတ်ဆွေးနွေးပွဲ လုပ်၍ ငွေကြေးထောက်ပံ့မှုများ ပို့ပေးမည်ဟု အာမခံပြီး တရုတ်- မြန်မာ နယ်စပ်ကိစ္စကို ယဉ်ယဉ်ကျေးကျေး သတိပေးစကားပြော၍ ခြိမ်းခြောက်လိုက်ပြန်ပါပြီ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေဖြင့် မည်သို့ သဘောထား၍ ဆုံးဖြတ်မည် မသိပါလေ။

ကျွန်တော်၏ အရေးအသားများမှာ ခံစားချက်ကြောင့် ကြမ်းတမ်းသည်များကို ခွင့်လွှတ်ကြ စေလိုပါသည်။



--
Posted By icypress to Sensible Rumour at 11/01/2009 12:13:00 AM

0 comments:

Post a Comment