Transparency Myanmar

transparency.myanmar@gmail.com

By Somri Hananuntasuk

23 - Oct - 2009 / The Nation

          အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအဖြစ် ရှုမြင်ကြည့်ပါက မြန်မာနိုင်ငံသည် ဒေါင်းယောင် ဆောင်သော ကျီးတကောင်သာဖြစ်သည်။ အာဆီယံအဖွဲ့သို့ ၀င်ရောက်ခဲ့သော ၁၉၉၇ ခန့်ကပင် အစွန်းရောက် အထီးကျန် မြန်မာနိုင်ငံသည် နိုင်ငံတကာ စံနှုန်းများကို ဆက်တိုက်ချိုးဖောက်လာခဲ့ ရာ လျော့ပါးသွားသည် မရှိပါ။

ပြီးခဲ့သော ဒီဇင်ဘာလက အာဆီယံပဋိညာဉ် (Asean Charter) ကို ပြဌာန်းကျင့် သုံးခဲ့သော်လည်း နေပြည်တော်အစိုးရသည် ဥပဒေစည်းကမ်းများကို လေးစားခြင်း၊ ကောင်းမွန်စွာ အုပ်ချုပ်ခြင်း၊ ဒီမိုကရေစီရှိခြင်း၊ လူ့အခွင့်အရေးနှင့် လူမှုရေး သာတူညီမျှမှုစသည့် အာဆီယံပဋိညာဉ်ပါ အခြေခံစည်းမျဉ်း များစွာကို လေးစားလိုက်နာရန် ပျက်ကွက်နေဆဲဖြစ်သည်။

          တိုင်းရင်းသား လူမျိုးစုအဖွဲ့များနှင့် နိုင်ငံရေးပါတီများ အပါအ၀င် မြန်မာနိုင်ငံတွင်းရှိ ပြည်သူများ၏ လွတ်လပ်စွာ စုဝေးခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ အသင်းဖွဲ့ခွင့်စသည် တို့ကို ဖေါ်ဆောင်ပေးမည့် ပတ်ဝန်းကျင် ပျောက်ဆုံးနေသည့် အခိုက်တွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဟု ကြွေးကြော်လျက် ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်ဆောင်ရွက်နေမှုသည် လှောင်ရီစရာ ကောင်းသည်ဟု ဆိုချင်ပါသည်။ လာမည့်နှစ် မြန်မာနိုင်ငံ ရွေးကောက်ပွဲများ မကျင်းပမီ အနိမ့်ဆုံးနိုင်ငံတကာစံနှုန်းများ ချမှတ်ကျင့်သုံးရန် မျှော်လင့်ချက် ရှိပါသလား….

          Cha-am တွင် ကျင်းပမည့် အာဆီယံထိပ်သီး ညီလာခံ၏ အကျိုးသက်ရောက်နိုင်မှုများ အောင်မြင်မှု ရရှိရေးအတွက် အာဆီယံနိုင်ငံများ၏ ရွေးကောက်ပွဲစံနှုန်းများအားလုံးကို ပြန်လည် သုံးသပ်ရန် အရေးတကြီး လိုအပ်နေပါသည်။

          မြန်မာနိုင်ငံ၏ လက်ရှိအနေအထားသည် ရွေးကောက်ပွဲမတိုင်မီ အနိမ့်ဆုံးစံနှုန်းများ ကျင့်သုံးရန် လိုအပ်နေကြောင်း ညွှန်ပြနေပါသည်။ အစားစားသော အာဆီယံခေါင်းဆောင်များ (ရွေးကောက် တင်မြှောက်သော၊ ရွေးချယ်စေသော၊ ခန့်အပ်သော) နားလည်ထားရမည်မှာ အာဆီယံ ချာတာတွင် မျှော်မှန်းထားသည့် ငြိမ်းချမ်းသော၊ စည်းလုံးသော အာဆီယံ လူ့အဖွဲ့အစည်းသည် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ညီညွတ်သောလွတ်လပ်၍ တရားမျှတသော၊ ရွေးကောက်ပွဲများကို ဖေါ်ဆောင်ပေးနိုင်မည့် စနစ်များ လိုအပ်နေ ကြောင်းပင်ဖြစ်သည်။ ၎င်းအပြင် အဖွဲ့ဝင် နိုင်ငံများအတွင်း လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ လမ်းစဉ်များ ဖွံဖြိုးရေး၊ ခိုင်မာရေး၊ ထိန်းသိမ်းရေး လုပ်ငန်းစဉ်များအတွက် အာဆီယံအာဏာပိုင်များ၊ အစိုးရများ၊ ဒေသတွင်းအရပ်ဖက် လူ့အဖွဲ့အစည်းများကြားတွင် အရေးတကြီး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်နေပါသည်။

          လက်ရှိအချိန် လွှတ်တော် ရွေးကောက်ပွဲများတွင် ပွင့်လင်းမြင်သာမှုနှင့် စည်းမျဉ်းဥပဒေ လိုက်နာမှုအားနည်းခြင်း၊ အတွေ့အကြုံနည်းပါး၍ ဒီမိုကရေစီနည်းမကျသော အုပ်ချုပ်မှုများဖြင့် လည်ပတ်နေခြင်း စသည်တို့ကြောင့် အာဆီယံအစိုးရအများစုမှာ ရွေးကောက်ပွဲဆိုင်ရာ စံချိန် စံညွှန်းများကို ဆော်သြနေသည့် အရပ်ဖက်လူမှုအဖွဲ့အစည်းများကို ဆန့်ကျင်လျက်ရှိပါသည်။ ထိုင်း၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံများတွင်မူ ပိုမိုကောင်းမွန်သော ရွေးကောက်ပွဲနည်းလမ်းများ ဖြစ်ထွန်းနေပြီး ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာမည့် ရွေးကောက်ပွဲကော်မရှင် (The EC, Comelec and KPU) ကဲ့သို့သော လွတ်လပ်သည့်အဖွဲ့အစည်းများ ထူထောင် ဖွဲ့စည်းထားပါ သည်။

          အချို့သော အာဆီယံနိုင်ငံများတွင် ရွေးချယ်တင်မြှောက်သော နည်းလမ်းများ အသုံးပြု သည့် လွတ်လပ်သော အခြေခံဥပဒေမရှိပါ။ အဆိုပါ နိုင်ငံများမှာ နိုင်ငံရေးပါတီများ (ကမ္ဘောဒီးယား) စစ်တပ် (မြန်မာ) အစိုးရ ကျောထောက်နောက်ခံပြု ပါတီများ (စင်္ကာပူ၊ မလေးရှား၊ ဘရူနိုင်း၊ ဗီယက်နမ်၊ လာအို) ကို အသုံးပြု၍ ရွေးကောက်ပွဲဆိုင်ရာ အစိတ်အပိုင်းများ၊ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲမှုများကို လွှမ်းမိုးချုပ်ကိုင်ထားခြင်း ဖြစ်သောကြောင့်သာ တူညီမျှမှုနှင့် ပွင့်လင်းမြင်သာမှုများ ချို့ယွင်းအားနည်းနေခြင်းဖြစ်သည်။

          အာဆီယံအဖွဲ့အနေနှင့် အထက်ပါ အနေအထားကို "နောက်ပြန်သွားမှု" တစ်ခုအဖြစ် လက်ခံရပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် အဖွဲ့ဝင်နိုင်ငံများသည် ရိုးရာအုပ်ချုပ်ပုံ စည်းမျဉ်း စည်းကမ်းများနှင့် ယုံကြည်သက်ဝင်မှုများကို ကျော်လွန်ကာ ရှေ့သို့တက်လှမ်းနိုင်ခြင်းမရှိသော ကြောင့် ဖြစ်ပါသည်။ အာဆီယံအတွင်း ပညာမတတ်သော လူဦးရေထုထည် ကြီးမားစွာရှိနေခြင်းနှင့် အတူ ဆင်းရဲ၍ စီးပွားရေးအခွင့်ထူးခံ မဟုတ်သော လူများစုကြီးသည် ၎င်းတို့၏ ဆန္ဒမဲများကို ငွေကြေးအကျိုးအမြတ် အရသော်၎င်း (မဲဝယ်ခြင်း) အန္တရာယ်ပြု ခြိမ်းခြောက်ခံရခြင်း ကြောင့်သော်၎င်း ထည့်ဝင်ကြရပါသည်။ အရည်အချင်းမရှိသော နိုင်ငံရေးသမား ရွေးချယ်ခံရမည်ဖြစ်ကြောင်း သံသယရှိစရာမလိုပါ။ ထို့နောက်တွင် ၎င်းအမတ်များသည် သူတို့၏မဲဆန္ဒနယ်ကို လျစ်လျူရှု ထားလိုက်ပါတော့သည်။ ၎င်းတို့သည် ရယ်စရာကောင်းသော ကြွေးကြော်သံများ (ပြည်သူများရဲ့ ဒီမိုကရေစီ၊ ဒီမိုကရေစီသည် ပြည်သူ့အတွက် စသဖြင့်) ကိုလည်း ရွတ်ဆိုလေ့ရှိပါသည်။

          အားလုံး သိကြသည့်အတိုင်းပင် အာဆီယံအစိုးရများသည် ဒီမိုကရေစီနည်းနာများ၊ စံနှုန်းများကို သည်းခံနိုင်ခြင်းမရှိပဲ ရှည်လျားစွာ မိန့်ခွန်းချွေလေ့ရှိသော မြက်ခင်းပေါ်မှ လူထုစည်း ဝေးပွဲများအတွင်းသို့ လူထုနှင့် မီဒီယာများကို ဇွတ်အတင်း မောင်းသွင်းလေ့ရှိပါသည်။ ၎င်းတို့၏ အခြားနည်းတခုမှာ လွတ်လပ်စွာဖေါ်ပြခွင့်၊ စည်းဝေးခွင့်၊ အသင်းဖွဲ့ခွင့်များကို ကန့်သတ်ချုပ်ချယ် ထားခြင်းဖြစ်သည်။ စစ်ဆေးခြင်းနှင့် ဟန်ချက်ထိန်းခြင်း (Checks and Balances) နည်းလမ်းကို အာဆီယံနိုင်ငံအချို့တွင် ခပ်ပါးပါးသာကျင့်သုံးမှုရှိပြီး၊ အဆိုပါနိုင်ငံများ၏ စာပေလွတ်လပ်ခွင့် (Free media) အပေါ် လေးစားမှုမှာလည်း အနိမ့်ဆုံးအဆင့်သာဖြစ်သည်။

          ပြီးခဲ့သော ဆယ်စုနှစ်အတွင်း ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့အစည်းများ (EMOs)နှင့် နိုင်ငံတကာ လေ့လာသူများ၏ အခန်းကဏ္ဍကို ကမ္ဘာတ၀ှမ်းရှိ မဲဆန္ဒရှင်များက နားလည်လက်ခံလာကြပါသည်။ သို့ရာတွင် စင်္ကာပူ၊ ဗီယက်နမ်၊ လာအို၊ ဘရူနိုင်း၊ မြန်မာ စသော အချို့အာဆီယံနိုင်ငံများသည် အဆိုပါ EMOs အဖွဲ့အစည်းများကို လိုလားခြင်းမရှိဘဲ ဒေသတွင်း မဲရုံများအား လေ့လာစောင့်ကြည့်မည့်အဖွဲ့များအား ခွင့်ပြုရန်ငြင်းဆန်ခဲ့ကြပါသည်။

          အဆိုပါ EMOs အဖွဲ့များသည် လူနည်းစုများ၊ အင်အားနည်းလူမျိုးစုများ အပါအ၀င် နိုင်ငံသားများကို လူထုရေးရာကိစ္စများတွင် ပိုမိုပါဝင်ဆောင်ရွက် လာနိုင်စေရန် တိုက်တွန်းနှိုးဆော် ပေးပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ပွင့်လင်းမြင်သာမှုရှိရေး၊ စည်းကမ်းဥပဒေများအတိုင်း လိုက်နာဆောင်ရွက်ရေးအတွက် အသွင်ပြောင်းလဲပေးပါသည်။ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ထိုင်း၊ ကမ္ဘောဒီးယား၊ မလေးရှားနိုင်ငံများတွင် ပြည်တွင်းပြည်ပ စောင့်ကြည့်လေ့လာရေးအဖွဲ့များ ပေါ်ထွက်လာပြီး၊ ၎င်းတို့၏ လှုပ်ရှားဆောင်ရွက်မှုများတွင် ရွေးကောက်ပွဲဥပဒေနှင့် မဲဆန္ဒရှင်တို့၏ ပညာရေးအဆင့်ကို ပြန်လည်သုံးသပ်မည့် အစီအစဉ်ပါဝင်ပါသည်။ ထို့အပြင် ရွေးကောက်ပွဲအပြီး စုံစမ်းတွေ့ရှိမှုများကို ညှိနှိုင်းစေ့စပ်ခြင်း၊ ကောင်းမွန်သော အုပ်ချုပ်စီမံမှုကို တွန်းအားပေးမည့် နိုင်ငံရေးလှုပ်ရှားသူများကို စောင့်ကြည့်လေ့လာခြင်း၊ အစိုးရစီမံကိန်းများတွင် အကျင့်ပျက် လာဒ်စားမှုများကို လုံးဝမဖယ်ရှားနိုင်သည့်တိုင် လျှော့ချနိုင်ခြင်းရှိ/မရှိကို စောင့်ကြည့်လေ့လာခြင်း စသော အစီအစဉ်များကိုလည်း ဆောင်ရွက်လျက်ရှိသည်။

          ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းများကို ပိုမိုတိကျမှန်ကန်အောင် ပြုပြင်ပေးမည့် အရပ်ဖက် နှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက် (ICCPR)ကို အာဆီယံအဖွဲ့၏ ထက်ဝက်ခန့်ကသာ လက်မှတ်ရေးထိုးခဲ့ပါသည်။ အခန်း ၂၅ ခန်းပါသော အထက်ပါ ICCPR သဘောတူညီချက်တွင် ပြည်သူလူထု၏ ရပိုင်ခွင့်နှင့် အခွင့်အလမ်းများ (အများပြည်သူဆိုင်ရာကိစ္စ များတွင် ပါဝင်ဆောင်ရွက်ခွင့်ရရှိရေး၊ ကိုယ်စားလှယ်များကို တိုက်ရိုက် သို့မဟုတ် လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိရေး) ကို ရှင်းလင်းစွာ ဖွင့်ဆိုပြထားပါသည်။ ၎င်းအပြင် မဲပေးပိုင်ခွင့်ရရှိရေး၊ အချိန် ကာလ အပိုင်းအခြားမှန်ကန်စွာ ရွေးကောက်ပွဲများ ကျင်းပရေး၊ တကမ္ဘာလုံး တူညီမှုရှိသော ရွေးကောက်ပွဲနှင့် မဲပေးပိုင်ခွင့်များ ရရှိရေး၊  လျှို့ဝှက်မဲပေးစနစ်ဖြင့် ကျင်းပရေး၊ မဲပေးသူများ၏ဆန္ဒ ကို လွတ်လပ်စွာ ဖေါ်ပြနိုင်ရန် အာမခံရေး စသောအချက်များလည်း ပါဝင်ပါသည်။

          အားလုံးသော အာဆီယံအစိုးရများနှင့် ၎င်းတို့၏ ရွေးကောက်ပွဲ ကော်မရှင်များသည် အထက်ပါ စည်းမျဉ်းများကို ထောက်ခံပါမည်လား……

          အာဆီယံ လူမှုအဖွဲ့အစည်းတရပ် ဖြစ်မလာနိုင်ခင် ရွေးကောက်ပွဲ စံချိန်စံညွှန်းများ လိုအပ် နေပါသေးသည်။

 



--
Posted By icypress to Sensible Rumour at 11/01/2009 01:16:00 AM

0 comments:

Post a Comment