Transparency Myanmar

transparency.myanmar@gmail.com

 အီတလီဝန်ကြီးချုပ် ဘလူစကိုနီသည် မီလန်မြို့တွင် ပြုလုပ်သော ဆန္ဒပြ လမ်းလျှောက်ပွဲအတွင်း လူတစ်ဦး၏ အကြမ်းဖက် ရိုက်နှက်မှုကို ခံလိုက်ရသောကြောင့် မျက်နှာတွင် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း ၎င်း၏ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားသည်။

မစ္စတာ ဘလူစကိုနီအား ယခုအခါ မျက်နှာ ဒဏ်ရာများ ကုသရန် မီလန်ဆေးရုံတွင် တင်ထားကြောင်း၊ ရိုက်နှက်ခံရမှုကြောင့် မေးစေ့နှင့် ဘယ်ဘက် အပေါ်နှုတ်ခမ်း ကွဲသွားကာ သွားနှစ်ချောင်းလည်း ကျိုးသွားကြောင်း သိရသည်။

မီလန် ရဲတပ်ဖွဲ့ဝင်များ၏ အဆိုအရ မစ္စတာ ဘလူစကိုနီအား ရိုက်နှက်ခဲ့သူမှာ စိတ်ရောဂါ ရှိသူတစ်ဦး ဖြစ်သည်။ မျက်မြင်သက်သေများက မစ္စတာ ဘလူစကိုနီသည် ရုတ်တရက် ရိုက်နှက်ခံလိုက်ရခြင်း ဖြစ်ပြီး ဒဏ်ရာကြောင့် မျက်နှာတွင် သွေးများဖြင့် နီရဲသွားကြောင်း ပြောကြားသည်။

CNN သတင်းဌာန အဆိုအရ အီတလီ ဝန်ကြီးချုပ်သည် မီလန်မြို့ရှိ San Raffaele ဆေးရုံတွင် CAT scan ဖြင့် ရောဂါ ရှာဖွေ စမ်းသပ်မှု ခံယူပြီး ဖြစ်ကြောင်း၊ သူ၏ ပုဂ္ဂိုလ်ရေး ဆရာဝန်ဖြစ်သူက အနီးကပ် ကြီးကြပ် ကုသလျက် ရှိကြောင်း သိရသည်။

မစ္စတာဘလူစကိုနီသည် အဂတိ လိုက်စားမှု အပါအဝင် အခြားသော စွပ်စွဲမှုများစွာဖြင့် ရင်ဆိုင်နေရကာ ဒုတိယ ဇနီးဖြစ်သူနှင့်လည်း အိမ်ထောင်ရေး အဆင်မပြေ ဖြစ်ကာ ကွာရှင်း ပြတ်စဲခဲ့သည်။ ဝန်ကြီးချုပ်သည် သူ၏ မွေးရပ်ဇာတိ ဖြစ်သော မီလန်မြို့တွင် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။

ဘလူစကိုနီအား အဆိုပါ စိတ်ရောဂါသည်က သံဖြင့် ပြုလုပ်ထားသောDoumo di Milano ပုံတူဖြင့် ရိုက်နှက်လိုက်ခြင်း ဖြစ်သည်ဟု မီလန် ရဲတပ်ဖွဲ့ဝင်များက အတည်ပြု ပြောကြား သည်။

"အခင်းဖြစ်ပြီး မကြာခင်မှာပဲ သူ အေးအေးဆေးဆေး ပြန်ဖြစ်သွားပါတယ်။ ဆေးရုံကို သွားတော့ ကားပေါ်ကနေ လူအုပ်ကြီးကို လက်ပြသွားသေးတယ်" ဟု ကာကွယ်ရေးဝန်ကြီး Ignazio La Russa က အီတလီ သတင်းစာ Corriere della Sera သို့ ပြောကြားသည်။

ဘလူစကိုနီ ရိုက်နှက်ခံရမှုတွင် ပြဿနာပေါင်း သောင်းခြောက်ထောင် ပါဝင်ဆက်နွှယ်လျက် ရှိပြီး အဓိက ပြဿနာမှာ ၎င်းကို ပြစ်တင်ဝေဖန်သူများ ဖြစ်သည်ဟု မစ္စတာ Ignazio La Russa က ဆိုသည်။

"ကျွန်တော် ပြောနိုင်တာကတော့ ဝန်ကြီးချုပ် ကို မုန်းတဲ့သူတွေ ဝိုင်းနေတယ်ဆိုတဲ့ အချက်ပါ ပဲ။ အဲဒါဟာ မကောင်းပါဘူး" ဟု ၎င်းက ပြောသည်။

"အဲလို ဝန်ကြီးချုပ်ကို အမုန်းတရားတွေ ဝိုင်းနေလို့လဲ အခုလို ဖြစ်ရပ်တွေ ထွက်ပေါ်လာတာပါ။ အဲဒီညက ဖြစ်ခဲ့တဲ့ ကိစ္စကို ကျွန်တော်အနေနဲ့ သိပ်ပြီး မအံ့သြမိပါဘူး" ဟု ဆက်လက် ပြောကြားသွားသည်

မီလန် ရဲတပ်ဖွဲ့များက ယခုအခါ မစ္စတာ ဘလူစကိုနီအား တိုက်ခိုက်ခဲ့သူအား စစ်ကြော မေးမြန်းမှုများ ပြုလုပ်လျက်ရှိရာ ထိုသူသည် စိတ်ပိုင်းဆိုင်ရာ အခြေအနေ အတော်ပင် ဆိုးရွားလျက် ရှိသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။ ထို့ပြင် ၎င်းသည် စိတ်ရောဂါ ကုသမှု ခံယူဖူးသော ရောဂါသည် တစ်ဦး ဖြစ်သည်။

အီတလီ မီဒီယာများ အဆိုအရ ထိုသူ၏ အမည်မှာ Massimo Tartaglia ဖြစ်ပြီး အသက် ၄၀ ဝန်းကျင် ရှိကြောင်း၊ ၎င်းသည် ဝန်ကြီးချုပ်အား တစ်ကိုယ်တော် တိုက်ခိုက်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း သိရသည်။

ဝန်ကြီးချုပ် ရာထူးသက်တမ်း သုံးကြိမ်တိတိ ပြန်လည် ရရှိခဲ့သူ မစ္စတာ ဘလူစကိုနီသည် အခွန် ရှောင်တိမ်းမှုဖြင့် တရား ရင်ဆိုင်နေရသည်။ သို့သော် ၎င်းက ပြစ်မှုများ အားလုံးသည် နိုင်ငံရေးလုပ်ကြံမှု သက်သက်သာ ဖြစ်သည်ဟု ငြင်းပယ်ခဲ့သည်။ ထို့ပြင် သူ၏ ပုဂ္ဂိုလ်ရေး ဇာတ်ကြောင်းမှာလည်း ၁၉ နှစ်ကြာ ပေါင်းသင်းခဲ့သော ဇနီးသည် Veronica Lario က ကွာရှင်း ပြတ်စဲရန် တောင်းဆိုလိုက်ပြီးနောက် လူသိ ပိုများလာသည်။

 မစ္စတာ ဘလူစကိုနီ အတွက် အီတလီ စီးပွားရေးသမား တစ်ဦးက သက်တော်စောင့်များ ငှားရမ်းပေးထားကြောင်း၊ ထို့ပြင် ဘလူစကိုနီသည် ၎င်းနှင့် ဇာတ်လမ်းမကင်းသည်ဟု ယူဆရသော အသက် ၁၈ နှစ် အရွယ် မိန်းကလေးတစ်ဦး၏ မွေးနေ့ပွဲသို့ တက်ရောက်ပြီး မွေးနေ့လက်ဆောင်အဖြစ် စိန်လည်ဆွဲတစ်ကုံး ပေးခဲ့ကြောင်း အစရှိသည့် စွပ်စွဲချက်များ ထွက်ပေါ်လာပြီးနောက် မစ္စ Veronica က ကွာရှင်း ပြတ်စဲရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

မည်သို့ဆိုစေ ဝန်ကြီးချုပ် ဘလူစကိုနီမှာ ယနေ့အချိန်အထိ လူကြိုက်များသော ခေါင်းဆောင်တစ်ဦး ဖြစ်နေဆဲပင် ဖြစ်သည်။

CNN သတင်းဌာနမှ Italian Prime Minister Berlusconi struck in face at rally ကို ဘာသာ ပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment