Transparency Myanmar

transparency.myanmar@gmail.com

Kachin News Group, 11th Dec 2009

          မြန်မာပြည် မြောက်ပိုင်း ကချင်ပြည်နယ် ဗန်းမော်မြို့မှ ကချင် တိုင်းရင်းသားတို့၏ ရိုးရာ အထိမ်းအမှတ် သင်္ကေတများမှာ ယမန်နေ့ မနက်က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး မလာမီတွင် အမိန့်အရ ရုတ်တရက် ဖယ်ရှားခြင်း ခံရသည်ဟု ဒေသတွင်း သတင်းများအရ သိရပါသည်။

          မြို့လယ်နှင့် ၂ မိုင်အကွာ အောင်တ ကျေးရွာရှိ ဗန်းမော် ကချင်စာပေနှင့် ယဉ်ကျေးမှု အသင်းပိုင် ကွင်းအတွင်းရှိ ယဉ်ကျေးမှု တန်ဖိုး ကြီးမားလှသော ကချင်မနောတိုင်များကို ၂၀၀၉ ဒီဇင်ဘာ ၁၀ ရက် ဒေသ စံတော်ချိန် မနက် ၈ နာရီခန့်တွင် ယဉ်ကျေးမှု အသင်း လူကြီးများက ဖယ်ရှားခဲ့ကြသည်ဟု အဆိုပါ သတင်းများက ဆိုပါသည်။

          ဗန်းမော်ခရိုင် ကချင်များ၏ ဒုတိယအကြိမ် ကျေးဇူးတော်နေ့နှင့် ဆွပ် မနောပွဲကို ကျင်းပခဲ့ပြီး နောက် ၁၃ ရက် အကြာတွင် ဗန်းမော် စစ်တပ် အာဏာပိုင်များက ကချင် ယဉ်ကျေးမှု သင်္ကေတများကို ဖျက်ဆီးခဲ့ကြခြင်း ဖြစ်ပါသည်။

          ယင်းသို့ ဖယ်ရှားရန် အတွက် ခရစ်ယာန်ရိုးရာ အထူး ဝတ်ပြု ဆုတောင်းပွဲ ကျင်းပပြီးမှ ဒေသခံ ယဉ်ကျေးမှု အသင်းလူကြီးများက မနောပွဲ ကျင်းပရာ ကွင်းပြင် အလယ်ခေါင်ရှိ ရိုးရာသစ်သား မနောတိုင်ကြီးများကို ဂရုတစိုက် ဖယ်ရှားခဲ့ကြပါသည်။ ဝတ်ပြု ဆုတောင်းပွဲသို့ မြို့ပေါ်မှ ဘတ်ပတစ်စ်နှင့် ရိုမန်ကက်သလစ် ဘုရားကျောင်းများမှ ဘာသာရေး ခေါင်းဆောင်များလည်း ပါဝင် ဝတ်ပြုခဲ့ကြသည်ဟု သိရှိရပါသည်။

          ကချင် မနောတိုင်များမှာ မြစ်ကြီးနား ဗန်းမော် ကားလမ်းဘေးတွင် တည်ရှိပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းသည် မြစ်ကြီးနား ဗန်းမော် ကားလမ်းအတိုင်း ယမန်နေ့က အထူး ယာဉ်တန်းဖြင့် လာရောက်ခဲ့သည်ဟု ဒေသခံများက ပြောပါသည်။

          တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်း ဗန်းမော်သို့ မလာမီ တစ်ရက်တွင် ဗန်းမော်ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေး အဖွဲ့များ (ခယတနှင့် မယက) က ကချင် ယဉ်ကျေးမှုအသင်း လူကြီးများကို ရုတ်တရက် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်ဟု သတင်းများအရ သိရပါသည်။

          ကချင်ပြည်နယ် ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးဝင်းလာရောက် ကြည့်ရှုမည် ဖြစ်၍ မနောတိုင်များကို အမြန်ဆုံး ဖယ်ရှားရန် ခရိုင်ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခင်မောင်မြင့်နှင့် မြို့နယ်ဥက္ကဋ္ဌ ဦးခင်မောင်အေးတို့က ညွှန်ကြားခဲ့သည်ဟု ဆိုပါသည်။

          နိုဝင်ဘာ ၁၂ ရက်နေ့တွင် အစိုးရ မြေထိုးစက်တစ်စီး ကွင်းအတွင်းသို့ ရောက်လာပြီး မနောအကပွဲ ကျင်းပရာ စက်ဝိုင်းပုံ ကွင်းပြင်ကို ဖြိုချ မြေညှိလိုက်ပြီး ကွန်ကရစ်အခင်း ခပ်ပါးပါး လောင်းပစ်ခဲ့ကြသည်။ ခရိုင်ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခင်မောင်မြင့်၏ အမိန့်အရ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရပါသည်။ ယင်းသို့ ဖြိုဖျက်အပြီးတွင် ပွဲတော်ကို မူလ စီစဉ်ထားသည့် နိုဝင်ဘာ ၂၆-၂၈ အထိ ၃ ရက်အစား ၂၇ နှင့် ၂၈ ၂ ရက်သာ ကျင်းပခွင့် ရခဲ့သည်ဟု ယဉ်ကျေးမှု ကော်မတီ အဖွဲ့ဝင်များက ပြော ကြားပါသည်။

          ပွဲတော် ကျင်းပပြီးသည်နှင့် အမြန်ဆုံး မနောတိုင်များကို ဖယ်ရှားပါမည်ဟု မနောပွဲ ကျင်းပရေး ကော်မတီ အဖွဲ့ဝင်များက အာဏာပိုင်များထံ ဝန်ခံကတိလက်မှတ် ရေးထိုးခဲ့ရသည်ဟုလည်း ကော်မတီ အဖွဲ့ဝင်များက ထုတ်ဖော် ပြောကြားခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment