Transparency Myanmar

transparency.myanmar@gmail.com

မြန်မာပြည်မှ စစ်အာဏာရှင်များ အပါအဝင်  အခြားနိုင်ငံများမှ စစ်အာဏာရှင်များအနေဖြင့် မိမိနိုင်ငံသားများနှင့် လူမျိုးများ၏ အခွင့်အရေး ချိုးဖောက်မှုများအတွက် နောက်ဆက်တွဲ အကျိုးဆက်များနှင့် ရင်ဆိုင်ရမည်သာ ဖြစ်ကြောင်း အမေရိကန်သမ္မတ ဘားရက်အိုဘားမားက သတိပေး ပြောကြားလိုက်သည်။

ဥပဒေ ချိုးဖောက်သော အစိုးရမှန်သမျှ မိမိအမှုကို မိမိ မလွဲမသွေ တာဝန်ယူရမည် ဖြစ်ကာ ကမာ့ငြိမ်းချမ်းရေးကို ထိပါးစေမည့် မည်သို့သော ခြိမ်းခြောက်မှုကိုမဆို ကမ္ဘာကြီးက လျစ်လျူရှုထားမည် မဟုတ်ကြောင်း၊ ထို့အတူ မိမိနိုင်ငံသားများနှင့် အခြားသူများ အခွင့်အရေးကို ထိပါးစေမည့်  စနစ်များ၏ ခြိမ်းခြောက်မှုကိုလည်း မသိကျိုးနွံ ပြုမည် မဟုတ်ကြောင်း သမ္မတအိုဘားမားက နော်ဝေနိုင်ငံ၊ အော်စလိုမြို့၌ မိန့်ခွန်း ပြောကြားရာတွင် ထည့်သွင်း ပြောဆိုသည်။

"ဒါဖာမှာ မျိုးဖြုတ် သတ်ဖြတ်မှု ကျူးလွန်တာ၊ ကွန်ဂိုမှာ စနစ်တကျ မုဒိမ်းကျင့်တာ၊ မြန်မာပြည်မှာ ဖိနှိပ် ချုပ်ခြယ်တာ အစရှိတာတွေအတွက် နောက်ဆက်တွဲ အကျိုးဆက် ဆိုတာ မလွဲမသွေ ရှိလာမှာပါ" ဟု အိုဘားမားက ပြောသည်။

သို့သော် အမေရိကန် အစိုးရသည် စေ့စပ်ညှိနှိုင်းရေး ပေါ်လစီကို ကျင့်သုံးလျက် ရှိကြောင်း လက်ခံ ပြောဆိုသည်။ ဆွေးနွေးမှု မပါဝင်သော ပြစ်တင် ဝေဖန်မှုများသည် ပိုနေမြဲ ကျားနေမြဲ အနေအထားသို့ပင် ပြန်လည် ဆိုက်ရောက်သွားနိုင်ကြောင်း၊ မည်သည့် အာဏာရှင်စနစ်မဆို တံခါးဖွင့် ရွေးချယ်စရာ နည်းလမ်း တစ်စုံတစ်ရာ မရှိဘဲ ကျရှုံးမည် မဟုတ်ကြောင်း အိုဘားမားက ပြောဆိုသည်။

အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံ တပ်မတော် အစိုးရအပေါ် ကာလကြာရှည်စွာ ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ခဲ့သော်လည်း ပြီးခဲ့သည့် စက်တင်ဘာလတွင် တိုက်ရိုက် စေ့စပ် ညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဟု မူဝါဒသစ် ချမှတ်ခဲ့သည်။ သို့တိုင်အောင် ပိတ်ဆို့ အရေးယူမှုများကိုမူ ဆက်လက် ကျင့်သုံးသွားမည်ဟု ဆိုသည်။

"အဆိုပါ မူဝါဒသစ် ချမှတ် ပြဋ္ဌာန်းပြီးနောက် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကတ်ကမ်းဘဲလ် ဦးဆောင်သော အထူးသံတမန် ကိုယ်စားလှယ်အဖွဲ့ကို မြန်မာ တပ်မတော် အစိုးရ အပါအဝင် အတိုက်အခံ နိုင်ငံရေးသမားများ၊ တိုင်းရင်းသား ခေါင်းဆောင်များ အပါအဝင် နိုင်ငံရေးပါတီ များနှင့် တွေ့ဆုံ ဆွေးနွေးရန် စေလွှတ်ခဲ့သည်။

ကတ်ကမ်းဘဲလ်၏ ၎င်းခရီးစဉ်သည် နှစ်ပေါင်း ၁၄ နှစ်အတွင်း ပထမဆုံး ဖြစ်သည်။ ယခု  အိုဘားမားက အော်စလိုမြို့တွင် မိန့်ခွန်းပြောကြားရာ၌ ခက်ခဲ နက်နဲသော စေ့စပ် ညှိနှိုင်းမှုများနှင့် သံတမန် နည်းလမ်းများ ရှိမည် ဖြစ်ကြောင်း၊ သို့သော် အာဏာရှင်များအနေဖြင့် မိမိ ကျူးလွန်သော လုပ်ရပ်များအတွက် အကျိုးဆက်များနှင့် မလွဲမသွေ ရင်ဆိုင်ကြရမည် ဖြစ်ကြောင်း ပြောဆိုသည်။

Mizzima သတင်းဌာန၏ Dictator to face consequence: Obama ကို ဆီလျော်အောင် ဘာသာပြန်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment