Transparency Myanmar

transparency.myanmar@gmail.com

          မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော ကမ္ဘာလှည့်ခရီးသည် နိုင်ငံခြားသား အများစုသည် ထောင်စုနှစ် တစ်ခုအတွင်း အချိန်ကြာမြင့်စွာ ဖြစ်ပေါ်မည့် နေကြတ်မှုကို စောင့်ကြည့်ရန် ဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် Xinhua သတင်းဌာနက ရေးသားဖော်ပြသည်။

          အဆိုပါ နိုင်ငံခြားသားများသည် နေကြတ်မှုကို ကောင်းမွန်စွာ စောင့်ကြည့်နိုင်မည့် နေရာများကို ရွေးချယ်ထားကြောင်း၊ နေကြတ်မှုမှာ ဇန်နဝါရီလ ၁၅ရက် (သောကြာ) နေ့တွင် ဖြစ်ပေါ်မည် ဖြစ်ကြောင်း Xinhua က ဆိုသည်။

          နေကြတ်မှုကို စောင့်ကြည့်ကြမည့် နေရာများမှာ ငပလီ၊ ပုဂံ၊ ပုပ္ပါး၊ မန္တလေး၊ စစ်ကိုင်းတောင် နှင့် မုံရွာ တို့ ဖြစ်ကြပြီး အဆိုပါ ဒေသတွင် ရှိသော ဟိုတယ်၊ မိုတယ်များမှာ ကမ္ဘာလှည့် ခရီးသွား နိုင်ငံခြားသားများဖြင့် ပြည့်နှက်လျက် ရှိသည်။

          အဆိုပါ နေကြတ်မည့်  အချိန် ကာလမှာ ၁၁ မိနစ်၊ ၈ စက္ကန့် မျှ ကြာမြင့်မည် ဖြစ်ပြီး ၂၁ ရာစုတွင် အချိန် အကြာမြင့်ဆုံးသော နေကြတ်မှု ဖြစ်သည်။ အဆိုပါ ဖြစ်ရပ်ကို မြန်မာနိုင်ငံ အနောက်ပိုင်း စစ်တွေမြို့၊ အလယ်ပိုင်း ရွှေဘို၊ မန္တလေးနှင့် မုံရွာ၊ အရှေ့ပိုင်းနှင့် အရှေ့မြောက်ပိုင်း ဒေသများ ဖြစ်သော ပြင်ဦးလွင် (မေမြို့) နှင့် လားရှိုးတို့မှ တွေ့မြင်နိုင်မည် ဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန၏ အဆိုအရ မြန်မာ စံတော်ချိန် နေ့လယ် ၁ နာရီမှ ၃ နာရီ ၃၀ မိနစ် အကြား၊ ၄ နာရီ ၃၀ မိနစ် မတိုင်မီ အတွင်း နက္ခတ်ဗေဒ ဆိုင်ရာ ဖြစ်စဉ်များ စတင် ဖြစ်ပေါ်မည် ဖြစ်ကြောင်း၊ နေကြတ်မှုမှာ ညနေ ၃ နာရီ ၀၅ မိနစ်မှ ညနေ ၃ နာရီ ၁၅ မိနစ်အတွင်း ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

          အဆိုပါ နေကြတ်မှုသည် အာဖရိက အလယ်ပိုင်းမှ စတင်ကာ အိန္ဒိယ သမုဒ္ဒရာကို ဖြတ်သန်း၍ တောင်ပိုင်း အိန္ဒိယ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ နှင့် တရုတ်ပြည်တို့တွင် ဖြစ်ပေါ်မည်ဟု ဆိုသည်။

          မြန်မာ နက္ခတ်ဗေဒ ပညာရှင်များ အဆိုအရ ယခု ဇန်နဝါရီ ၁၅ ရက်နေ့ နေကြတ်မှုသည် ၂၀၁၀ အတွင်း ပထမအကြိမ် ဖြစ်ပြီး ဒုတိယအကြိမ်မှာ ဇူလိုင် ၁ ရက်နေ့တွင် ဖြစ်ပေါ်မည်ဟု ဆိုသည်။ သို့သော် ဇူလိုင် ၁ ရက် နေကြတ်မှုကို မြန်မာနိုင်ငံမှ တွေ့မြင်ရမည် မဟုတ်ပေ။

          ပညာရှင်များ၏  အဆိုအရ မြန်မာနိုင်ငံအနေဖြင့် နေကြတ်မှုကို ၂၀၈၅ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့တွင်မှ တွေ့မြင်ရမည် ဖြစ်ပါသည်။

 Xinhua သတင်းဌာနမှ Visiting Foreigners In Myanmar Taking Up Position To View Solar Eclipse ကို ဘာသာပြန်ဆိုပါသည်။

0 comments:

Post a Comment