Transparency Myanmar

transparency.myanmar@gmail.com

BBC News, 14th January 2010

          ဟေတီနိုင်ငံတွင် ငလျင်ဒဏ်ကြောင့် လူဦးရေ (၄၅,၀၀၀ မှ ၅၀,၀၀၀) ခန့် သေဆုံးလိမ့်မည်ဟု ကြက်ခြေနီမှ ခန့်မှန်းပြီး၊ အသက်ရှင် ကျန်ရစ်သူများကို အချိန်နှင့် အမျှ ရှာဖွေရန် ကယ်ဆယ်ရေး အဖွဲ့များက ကြိုးစားလျက် ရှိကြပါသည်။

          အမေရိကန် ပြည်ထောင်စုသည် စစ်သား (၃၅၀၀) နှင့် မရိန်းတပ်သား (၂၂၀၀) ကို စေလွှတ်လျက် ရှိပြီး၊ သတင်းထောက် တစ်ဦး၏ အဆိုအရ အကူအညီများမှာ နည်းနေသေးကြောင်း သိရှိရပါသည်။

          သမ္မတ Barack Obama သည် အမေရိကန် သမိုင်းတွင် အကြီးမားဆုံးသော ကယ်ဆယ်ရေး ကြိုးစား အားထုတ်မှုများကို စီမံနေပြီး၊ ဟေတီတွင် နာရီနှင့် အမျှ လိုအပ်ချက်များ ရှိနေပါသည်။

          အကူအညီ ပေးရေး အဖွဲ့များက ၎င်းတို့သည် အစားအစာများ၊ ရေများ၊ ဆေးဝါးများနှင့် အရာဝတ္ထုများကို မသည့် ကိရိယာများ လိုအပ်ကြောင်း ပြောပါသည်။

          သမ္မတ Obama နှင့် ပြင်သစ် သမ္မတ Nicolas Sarkozy တို့သည် ဘရာဇီး၊ ကနေဒါနှင့် အခြား တိုင်းပြည်များ နှင့်အတူ ဟေတီတွင် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းအတွက် ကွန်ဖရင့် ပြုလုပ်မည်ဟု ပြင်သစ်နိုင်ငံ သမ္မတရုံးမှ ပြောကြားခဲ့ပါသည်။

          ကြက်ခြေနီမှ ခန့်မှန်းချက် အရ ဟေတီ၏ လူဦးရေ (၃) သန်းခန့်သည် အင်္ဂါနေ့က လှုပ်ခဲ့သော ငလျင်ဒဏ်၏ အကျိုးဆက်များကို ခံစားရနိုင်သည်ဟု ခန့်မှန်းပါသည်။

          ပျက်စီးသွားသော မြို့တော် Port – au – Prince တွင် လူအများစုသည် နေစရာ မရှိ၍ လည်းကောင်း၊ ရွေ့ပြောင်းနိုင်သော စခန်းများတွင် လည်းကောင်း နောက်ထပ် တစ်ည ဖြတ်သန်း ရတော့မည် ဖြစ်ပါသည်။

          အဆိုပါ ဒေသရှိ သတင်းထောက်၏ သတင်း ပေးပို့မှုအရ လမ်းများပေါ်တွင် အလောင်းများ ထပ်ထားပြီး၊ စနစ်တကျ ကယ်ဆယ်ရေး လုပ်ငန်းများ၏ လက္ခဏာကို မတွေ့ရသေးဟု ဆိုပါသည်။

          ဝါရှင်တန်၌ Obama က ကြာသပတေးနေ့က ပြောကြားရာတွင် အမေရိကန် ကယ်ဆယ်ရေး အဖွဲ့အချို့မှာ ဟေတီသို့ ရောက်ရှိနေပြီး အချို့မှာ လမ်းခရီးတွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း ပြောသွားပါသည်။

          အမေရိကန် ပြည်ထောင်စု အနေဖြင့် တတ်နိုင်သည့် အရာမှန်သမျှ ဆက်ဆံရေးအရ လည်းကောင်း၊ ဖွံ့ဖြိုးရေး အကူအညီများကို လည်းကောင်း၊ စစ်တပ်၏ စွမ်းအားအရ လည်းကောင်း၊ တိုင်းပြည် တစ်ခုလုံးက စာနာစိတ် အပြည့်ဖြင့် အကူအညီ ပေးသွားမည် ဖြစ်ကြောင်း Obama က ကတိပြုခဲ့ပါသည်။

          ဟေတီ ပြည်သူများကို မိမိတို့၏ ခံယူချက်ကို ပြတ်ပြတ်သားသား ပြောလိုသည်မှာ၊ ၎င်းတို့ကို ပစ်ထားမှာ မဟုတ်ကြောင်း၊ မေ့လိမ့်မည် မဟုတ်ကြောင်း Obama က ပြောကြားခဲ့ပါသည်။

          သို့သော် ပြည်သူများဆီသို့ လိုအပ်သော အကူအညီများ ရောက်ရှိလာရန်ကိုမူ အချိန် စောင့်ရမည် ဖြစ်ကြောင်း Obama က သတိပေးခဲ့ပါသည်။

          သမ္မတ Obama က ဟေတီ ကယ်ဆယ်ရေး လုပ်ငန်းများ အတွက် ဒေါ်လာသန်း (၁၀၀) ချက်ချင်း ကတိပြုခဲ့ပြီး ရေရှည် ပြန်လည် ထူထောင်ရေးအတွက် လာမည့် နှစ်တွင် ပိုမို ပေးအပ်မည်ဟု ပြောခဲ့ပါသည်။

          အမေရိကန် စစ်တပ် အမှတ် (၈၂) လေကြောင်း စစ်ဆင်ရေး အဖွဲ့မှ လူ (၁၀၀) ပါဝင်သော အင်အား တောင့်တင်းသော ကယ်ဆယ်ရေး အဖွဲ့သည် ကြာသပတေးနေ့  ညတွင် ဟေတီသို့ ရောက်လိမ့်မည် ဖြစ်ပြီး၊ အခြား ရာဂဏန်းသည် သောကြာနေ့တွင် ရောက်ရှိမည် ဖြစ်ပါသည်။

          အမေရိကန် လေယာဉ်တင် သင်္ဘော USS Card Vinson နှင့် USS Bataan တို့သည် စစ်ဆင်ရေး မရိန်းတပ်သားများ တင်ဆောင်လျက် ထွက်ခွာသွားပြီ ဖြစ်သည်။

          အမေရိကန် တောင်ပိုင်းတိုင်း ဌာနချုပ်မှ အကြီးအကဲ ဗိုလ်မှူးကြီး Douglas Fraser က သတင်းထောက်များသို့ ပြောကြားရာတွင် ကယ်ဆယ်ရေး လုပ်ငန်းတွင် ထောက်ပံ့ရေး ပစ္စည်းများက အဓိက ကျသည်ဖြစ်ရာ အမေရိကန် တပ်များသည် Port – au – Prince ၏ ဆိပ်ကမ်း ပုံမှန် ပြန်လည် လည်ပတ်ရေးကို ကြိုးစား လုပ်ဆောင်သွားမည်ဟု ပြောခဲ့ပါသည်။

          အမေရိကန် ဖက်ဒရယ် လေကြောင်း အာဏာပိုင်အဖွဲ့သည် အစောပိုင်းက ကယ်ဆယ်ရေး အတွက် အရပ်ဘက် လေယာဉ်များ ဟေတီသို့ ပျံသန်းမှုအား ယာယီ ရပ်ဆိုင်း ထားခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် လေယာဉ်များ ရပ်နားရန် နေရာမရှိဟု ဟေတီ အစိုးရ၏ တောင်းဆိုမှုအရ ခေတ္တ ရပ်ဆိုင်းခဲ့ရခြင်း ဖြစ်ပါသည်။

          ကယ်ဆယ်ရေး အဖွဲ့များက ပြောကြားရာတွင် ပြိုကျနေသော အဆောက်အဦးများ အောက်တွင် ပါနေသော လူများကို ရှာဖွေရခြင်းမှာ အချိန်လု၍ ကြိုးစားနေရသည်ဟု ဆိုပါသည်။

          ကုလသမဂ္ဂ အရေးပေါ် ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူး John Holmes က ရှာဖွေရေးနှင့် ကယ်ဆယ်ရေး အဖွဲ့များ ဦးစီးပေးအဖြစ် ဟေတီသို့ စတင် ရောက်ရှိကြောင်း ဆိုပါသည်။

          ၎င်းတို့သည် ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်နေပြီ ဖြစ်ကြောင်း၊ နာရီနှင့်အမျှ အရေးကြီးနေကြောင်း Holmes က ဆိုပါသည်။

          ဆေးဘက်ဆိုင်ရာ အကူအညီများ အမြန်ဆုံး ရရှိရေးသည် အရေးကြီးနေသော်လည်း လောလောဆယ် ဒေသခံများတွင် ရှိသည့် ပစ္စည်းများကိုသာ တွေ့နေရကြောင်း၊ ဆရာဝန်များ များများ လိုအပ်ကြောင်း၊ ယာယီ ဆေးရုံများနှင့် ပစ္စည်းများ မျက်မြင် ရောက်ရှိရန် လိုကြောင်း Holmes က ပြောပါသည်။

          Port – au – Prince ရှိ BBC သတင်းထောက် Matthew Prince က လောလောဆယ် ဟေတီတွင် အရေးတကြီး လိုအပ်ချက်မှာ အစားအစာ၊ ရေနှင့် ဆေးဝါးများ ဖြစ်ကြောင်း၊ ဘူဒူဇာများနှင့် အလေးအပင် မသော ကိရိယာများလည်း လိုအပ်ကြောင်း ဆိုပါသည်။

          ထို့ထက် ပို၍ လိုအပ်ချက်မှာ အရာရာကို ဦးဆောင် လုပ်မည့်သူ ဖြစ်ကြောင်း၊ ဟေတီ အစိုးရမှာ ယဲ့ယဲ့သာ ရှိပြီး လောလောဆယ် ဘာမျှ မလုပ်နိုင်ကြောင်း၊ BBC သတင်းထောက်က ဆိုပါသည်

          Port – au – Prince အထွေထွေကု ဆေးရုံ ဒါရိုက်တာက ပြောကြားရာတွင် 1100 (1600 GMT) တွင် ရေခဲတိုက်၌ အတွင်းရော အပြင်၌ပါ အလောင်း (၁၅၀၀) ခန့် ထပ်နေပြီး၊ နောက်ထပ် ထပ်ရောက်လျက် ရှိကြောင်း Reuters သတင်းပို့ချက်အရ သိရှိရပါသည်။

          ဟေတီရှိ ကုလသမဂ္ဂ ပြောခွင့်ရ ပုဂ္ဂိုလ် David Wimhwrst က ပြောကြားရာတွင် ဟေတီရှိ ကုလသမဂ္ဂ ရုံး ပြိုကျမှုကြောင့် ကုလသမဂ္ဂ ဝန်ထမ်း (၁၈၈) ဦး ပျောက်ဆုံးလျက် ရှိပြီး ကုလသမဂ္ဂ စစ်တပ်နှင့် ရဲတပ်ဖွဲ့မှ (၃၆) ဦးမှာ သေဆုံးကြောင်း အတည်ပြု နိုင်ခဲ့သည်ဟု ဆိုပါသည်။

          ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက စုစုပေါင်း သေဆုံးမှုကို ခန့်မှန်း ကောက်ယူရန်ပင် ရက်အတန် ကြာနိုင်ကြောင်း၊ သို့သော် အရေအတွက် များလိမ့်မည် ဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။

          အက်စတိုးနီးယန်း ကုလသမဂ္ဂ ဝန်ထမ်းတစ်ဦးကို (၄) မီတာ (၁၃ ပေ) ရှိ အပုံကြားမှ အသံကြား၍ ကယ်ထုတ်ခဲ့ပြီး၊ ယခုအခါ ဆေးရုံရောက်နေပြီ ဖြစ်ပါသည်။

          နိုင်ငံတကာ အသိုင်းအဝိုင်းမှ အကူအညီများအတွက် အဆင်သင့် ရှိနေမှုကို ဘန်ကီမွန်းက ချီးမွမ်းခဲ့ပါသည်။

          အလေးအပင် မသော ဂီယာများ၊ ခွေးများ ပါဝင်သော ဗြိတိသျှ ကယ်ဆယ်ရေး အဖွဲ့သည် ဟေတီသို့ ရောက်ရှိပြီ ဖြစ်ပါသည်။ ကယ်ဆယ်ရေး လုပ်သားများ၊ ပစ္စည်းများ အပြည့်တင်ဆောင် ထားသော လေယာဉ်များ တရုတ်၊ အီးယူ၊ ကနေဒါ၊ ရုရှားနှင့် လက်တင် အမေရိက နိုင်ငံများမှ လွှတ်လိုက်ပြီ ဖြစ်ပါသည်။

ဟေတီတွင် ကျူးဘား ဆရာဝန် (၃၀၀) ခန့် ယခင် ကတည်းက ရှိနှင့်ပြီး ဖြစ်ရာ ၎င်းတို့သည် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်နေပြီ ဖြစ်ပါသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြိး ဟီလာရီ ကလင်တန်သည် အာရှ ခရီးစဉ်အား ဖျက်သိမ်းခဲ့ပြီး၊ ဟေတီ၏ ပြန်လည် ထူထောင်ရေးမှာ ရေရှည် လုပ်ကိုင်ရမည်ဟု ဆိုပါသည်။

ကမ္ဘာ့ဘဏ်သည် အရေးပေါ် အကူအညီအဖြစ် ဒေါ်လာ သန်း (၁၀၀) ထည့်ဝင်ပါသည်။

World Food Programme သည် တန် (၁၅၀၀၀) ရှိ အစားအသောက်များ စီစဉ်နေပြီး၊ ကြက်ခြေနီကလည်း ဒေါ်လာ (၁၀) သန်းပေးရန် စတင်နေပြီ ဖြစ်သည်။

0 comments:

Post a Comment