Transparency Myanmar

transparency.myanmar@gmail.com

မြန်မာ့ ဈေးကွက်တွင် ဆန်စပါး ဈေးနှုန်း မြင့်တက်လျက် ရှိနေရာမှ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက ဆန်စပါး ရောင်းဝယ်သူ ကုန်သည်များကို ဈေးနှုန်း ကစားခြင်း မပြုဘဲ တည်ငြိမ်အောင် ထိန်းသိမ်းရန် သတိပေးချက် ထွက်ပေါ်ခဲ့ပြီးနောက် ဈေးနှုန်းများ ပုံမှန် အနေအထားတွင် ရပ်တန့်သွားကြောင်း သိရသည်။

မြန်မာ စစ်အစိုးရက နိုင်ငံ့ဝန်ထမ်း များအား လစာငွေများ တိုးမြှင့်ပေးမည် ဟူသော သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ကုန်ဈေးနှုန်းများ မြင့်မားကာ ငွေကြေး ဖောင်းပွမှုများ ထွက်ပေါ်လာမည်ကို စိုးရိမ်သောကြောင့် ယင်းကဲ့သို့ သတိပေး ချက်များ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

လစာငွေ တိုးမြှင့်မည့် ကိစ္စကြောင့် ဆန်စပါး ဈေးနှုန်းသည် ယခု ရက်သတ္တပတ်အတွင်း တရိပ်ရိပ် တက်ခဲ့ကာ လျှပ်စစ်ဓာတ်အား သုံးစွဲခ (မီတာခ) များလည်း နှစ်ဆ တက်မည် ဟူသော ကောလာဟလများပါ ထွက်ပေါ်ခဲ့သည်။

ယခု ရက်သတ္တပတ်အတွင်း ဆန်ကွဲ ၂၅ ရာခိုင်နှုန်း ပါရှိသော ပြည်ပ တင်ပို့ဆန် ၅၀ ကီလို တစ်အိတ်၏ ပြည်တွင်း ဈေးနှုန်းမှာ ၁၃၅၀၀ ကျပ် (၁၃ ဒဿမ ၅ ဒေါ်လာ) မှ ၁၃၉၀၀ကျပ် (၁၃ ဒဿမ ၉ ဒေါ်လာ) အထိ မြင့်တက်ကာ ပို့ကုန် ဇီယာ ဆန် အကောင်းစားမှာ တစ်အိတ်လျှင် ၁၇၀၀၀ကျပ် (၁၇ ဒေါ်လာ) မှ ၁၉၀၀၀ကျပ် (၁၉ ဒေါ်လာ) အထိ မြင့်တက်ခဲ့သည်။

ပြီးခဲ့သည့်နှစ်က ဆန်ကွဲ ၂၅ ရာခိုင်နှုန်း ပါဝင်သော ဆန် ၁ တန်လျှင် ဒေါ်လာ၂၇၀ မှ ၂၈၀ (FOB နှုန်း) ဖြင့် တင်ပို့ ရောင်းချနိုင်ခဲ့သည်။

၂၀၀၇-၂၀၀၈ ဘဏ္ဍာရေး နှစ်အတွင်းက မြန်မာ့ ဆန်တင်ပို့မှုမှာ တန်ပေါင်း ၃၅၈၅၀၀ အထိ ရှိခဲ့ပြီး အများစုမှာ အာဖရိကသို့ တင်ပို့ခဲ့ခြင်း ဖြစ်သည်။

၂၀၀၈ ခုနှစ်၊ မေလ နာဂစ် မုန်တိုင်းဒဏ် ခံရပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ ဆန်စပါး တင်ပို့မှု ကျဆင်းခဲ့သည်။ အစိုးရကလည်း ပြည်တွင်း စားသုံးမှု ဖူလုံစေရန် ဆန်တင်ပို့မှုကို တားမြစ်ခဲ့သည်။ သို့သော် ၂၀၀၈ ခုနှစ် ဇူလိုင်လ အရောက်တွင် တားမြစ်မှုကို ပယ်ဖျက်ပေးခဲ့သည်။

လတ်တလော ကာလတွင် မြန်မာနိုင်ငံသည် နိုင်ငံတကာ ဆန်စပါး ဈေးကွက်သို့ ထိုးဖောက် ချဲ့ထွင်နိုင်ရန် ကြိုးပမ်းလျက် ရှိသည်။ တရုတ်နိုင်ငံ Xinhua သတင်းဌာန အဆိုအရ မြန်မာနိုင်ငံသည် အထူးသဖြင့် ဥရောပသမဂ္ဂ (အီးယူ) နိုင်ငံများသို့ ဈေးကွက် ဝင်နိုင်အောင် ကြိုးပမ်းနေကြောင်း သိရပါသည်။

မြန်မာ စစ်အစိုးရက နိုင်ငံဝန်ထမ်းများအား လစာငွေ ၂၀၀၀၀ ကျပ် တိုးမြှင့်ပေးခြင်းနှင့် လစာငွေ ကျပ် ၁၅၀၀၀ မှ ကျပ် ၂၀၀၀၀၀ အကြား ရရှိသော စစ်မှုထမ်းများအား လစာငွေများ တိုးမြှင့် ပေးပြီးနောက် ဆန်စပါးနှင့် အခြား ကုန်ပစ္စည်းဈေးနှုန်းများ တိုးမြှင့်လာနိုင်သည်ဟု ခန့်မှန်း ခဲ့ကြပါသည်။

AFP သတင်းဌာန၏ အဆိုအရ မြန်မာ အစိုးရ ဝန်ကြီးဌာနပေါင်း ၃၀ တွင် ဝန်ထမ်းအင်အား ၂၀၀၀၀ ခန့် ရှိမည်ဟု သိရသည်။

လတ်တလော ကာလအတွင်း ကုန်ဈေးနှုန်း မြင့်တက်လာရသည့်  အကြောင်းအရင်း များသည် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက စတင်ခဲ့ခြင်း ဖြစ်သည်။ ဆက်သွယ်ရေး လုပ်ငန်းက မိုဘိုင်းလ်ဖုန်း ပြောဆိုခကို ၂၅ ကျပ်မှ ကျပ် ၅၀ သို့ ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ကာ တိုးမြှင့် ကောက်ခံ လိုက်ခြင်းပင် ဖြစ်သည်။

Irrawaddy မှ Rice Price Increases Halt after Ministry Appeal ကို ဘာသာပြန်ဆိုသည်။

0 comments:

Post a Comment