Transparency Myanmar

transparency.myanmar@gmail.com

          ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း (USDA) သည် လာမည့် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲအတွက် ယခု ဇန်နဝါရီ လဆန်းပိုင်းမှ စတင်၍ မြစ်ကြီးနား ဒေသရှိ မွတ်စလင် အုပ်စုများအား စည်းရုံးရေး ဆင်းလျက် ရှိကြောင်း သတင်း ရရှိပါသည်။

          မြန်မာ စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲအတွက် ဥပဒေပြဋ္ဌာန်းရန် လုပ်ဆောင်လျက် ရှိစဉ် ကာလအတွင်း အချို့သော နိုင်ငံရေး ပါတီများ၊ ကြံ့ဖွံ့ အပါအဝင် အခြားသော အဖွဲ့အစည်းများသည် စည်းရုံးရေး ဆင်းရန် ခွင့်ပြုချက်များ ရရှိလျက် ရှိကြောင်း တွေ့ရပါသည်။

          ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်၏ အမတ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည့် စာတိုက်နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဝန်ကြီး ဗိုလ်မှူးချုပ် သိန်းဇော်၏ အစ်ကို ဦးခင်မောင်လတ် ခေါင်းဆောင်သော အဖွဲ့သည် ခရစ်ယာန် ဘာသာဝင် အများဆုံး နေထိုင်ရာ ကချင်ပြည်နယ်ရှိ မွတ်စလင်များအား မြစ်ကြီးနားရှိ ဗလီများတွင် စည်းရုံးလျက် ရှိသည်။

"သူက စစ်အစိုးရ လက်ထက်မှာ တည်ငြိမ် အေးချမ်းမှုနဲ့ ဘာသာရေး ကိုးကွယ်မှုမှာလည်း တန်းတူ ညီမျှ အခွင့်အရေးတွေ ရလာတာကြောင့် ဒီအစိုးရရဲ့ ထောက်ခံမှုနဲ့ ရွေးချယ်ထားတဲ့ ကြံ့ဖွံ့ (USDA) ရဲ့ ကိုယ်စားလှယ် ဗိုလ်မှူးချုပ် သိန်းဇော်ကို မဲပေးဖို့ မွတ်စလင် အဖွဲ့အစည်းတွေကို ပြောဆို စည်းရုံးပါတယ်" ဟု အဆိုပါ ဗလီသို့ တက်ရောက်ခဲ့သူ တစ်ဦးက ပြောပါသည်။

          စည်းရုံးရေး အဖွဲ့တွင် မြစ်ကြီးနား ဇာတိ ဦးခင်မောင်လတ်၊ BSPP ပါတီ အဖွဲ့ဝင်နှင့် ယခင် မြို့နယ် ကောင်စီ အတွင်းရေးမှူး၊ ကချင်ပြည်နယ် ကြံ့ဖွံ့ အမှုဆောင် ကော်မတီ အဖွဲ့ဝင် ဒေါက်တာ ခင်မောင်ထွန်း၊ အငြိမ်စား ဗိုလ်မှူးမြင့်ဆွေ နှင့် ဒုတိယ ဗိုလ်မှူးကြီး မျိုးဆွေ တို့ ပါဝင်သည်။

          ၎င်းတို့သည် မြစ်ကြီးနားရှိ ရပ်ကွက် ခုနစ်ခု စလုံးအတွက် စည်းရုံးခွင့် ရရှိသဖြင့် ဗလီသုံးခုတွင် မဲဆွယ် စည်းရုံးခဲ့ကြသည်။ အဆိုပါ ဗလီများတွင် ဝတ်ပြုသူ မွတ်စလင် ၇၀၀ ကျော် ရှိကြောင်းလည်း သိရပါသည်။

          သူတို့သည် ဇန်နဝါရီ ၁ ရက်နေ့ ကအောင်နန်း ရပ်ကွက်၊ ဇန်နဝါရီ ၈ ရက်နေ့က ကျွန်းပင်သာ ရပ်ကွက်၊ ဇန်နဝါရီလ ၁၅ ရက်နေ့ ခေမာသီရိ ရပ်ကွက်တို့တွင် စည်းရုံးရေး ဆင်းခဲ့ကြသည်။ မင်းရပ်ကွက်မှ မွတ်စလင် အစည်းအရုံး အဖွဲ့ဝင် တစ်ဦး ကမူ "ဒီနေ့ ဒီရပ်ကွက်မှာ လုပ်မယ့် စည်းရုံးရေးပွဲကို ပယ်ဖျက်လိုက်မှာပါ" ဟု ပြောကြားပါသည်။

          ဗိုလ်မှူးချုပ် သိန်းဇော်သည် စီတာပူ၊ ဒူကသောင်း၊ နောင်နန်း၊ ရွှေဆက်နှင့် ရှာဒေါင်း အပါအဝင် မြစ်ကြီးနား မြို့နယ်ရှိ ရပ်ကွက် ၁၈ ခုနှင့် ကျေးရွာနေ ပြည်သူများအတွက် စေတနာ ပြည့်ဖြိုးနှင့် ပါရမီ ဟူသော အမည်ဖြင့် အခမဲ့ ဆေးကုခန်းများ ဖွင့်လှစ် ဆောင်ရွက်ပေးလျက် ရှိပါသည်။

          ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP)သည် ရွေးကောက်ပွဲ ဝင်ရန် စီမံလျက် ရှိသည်။ ကချင်ပြည်နယ်ရှိ မြို့နယ် ၁၈ ခုတွင် ရွေးကောက်ပွဲအတွက် စည်းရုံးရန် စီစဉ်ထားပြီး ဖြစ်သည်ဟု သိရပါသည်။

          မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင် လူဦးရေ ပေါင်း ၄၆ သန်း၊ ခရစ်ယာန် ၃ သန်း၊ အစ္စလာမ် ဘာသာ ကိုးကွယ်သူ မွတ်စလင် ၂ သန်းနှင့် ဟိန္ဒူ ဘာသာဝင် ၃ သန်း ရှိကြောင်း အစိုးရ၏ လူဦးရေ စာရင်း ဇယားများအရ သိရပါသည်။

 Mizzima သတင်းဌာန၏ USDA woos Muslims in Kachin state ahead of elections ကို ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment