Transparency Myanmar

transparency.myanmar@gmail.com

          မြန်မာ စစ်အစိုးရက ပြည်ပမှ မော်တော်ကား၊ ဘတ်စကား နှင့် အကြီးစား စက်ပစ္စည်းများ တင်သွင်းမှုအပေါ် ကန့်သတ်ချက်များ လျှော့ချပေးရန် စီစဉ်လျက် ရှိသည် ဟူသော သတင်း ပေးပို့ချက်များကြောင့် အမေရိကန် ဒေါ်လာနှင့် FEC ဝယ်လိုအားများ လွန်စွာ မြင့်တက်လာခဲ့ကာ မြန်မာ အမျိုးသား ငွေကြေး ဖြစ်သော ကျပ်ငွေ တန်ဖိုးများ ကျဆင်းလာကြောင်း သိရပါသည်။

          ရန်ကုန်မြို့မှ စီးပွားရေး သတင်းရင်းမြစ်များ၏ အဆိုအရ မှောင်ခို ဈေးကွက် အတွင်း ဒေါ်လာငွေ လဲလှယ်မှု နှုန်းထားမှာ ဇန်နဝါရီ ၂၀ ရက်နေ့တွင် တစ်ဒေါ်လာလျှင် ကျပ် ၁၀၄၀ အထိ ရောက်ရှိခဲ့သည်။ ဤသို့ ဖြစ်ရခြင်းမှာ လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း မြန်မာ့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက  ပုဂ္ဂလိက ကဏ္ဍအနေဖြင့် ဘတ်စကား၊ ကုန်တင်ယာဉ်နှင့် အကြီးစား စက်ပစ္စည်းများအား တင်သွင်းခွင့် ပြုမည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့မှုကြောင့် ဖြစ်ပါသည်။

          ပုံမှန်အားဖြင့် ဆိုလျှင် မော်တော်ယာဉ် တင်သွင်းမှုများကို စစ်အစိုးရ ထိန်းချုပ်ထားသော မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်နှင့် စစ်ဗိုလ်ချုပ်များနှင့် ရင်းနှီးကျွမ်းဝင်မှု ရှိသော စီးပွားရေး လုပ်ငန်းရှင်များမှ တစ်ဆင့်သာ လုပ်ကိုင်နိုင်ခွင့် ရှိခဲ့ပါသည်။

စစ်အစိုးရ၏ မော်တော်ယာဉ် တင်သွင်းမှုဆိုင်ရာ ကန့်သတ်ချက်များကြောင့် ပြည်တွင်း မော်တော်ယာဉ် ဈေးကွက်တွင် ဈေးနှုန်းများ လွန်စွာ ကမောက်ကမ ဖြစ်ခဲ့ရပါသည်။ မြန်မာနိုင်ငံရှိ မော်တော်ယာဉ်များ ဈေးနှုန်းမှာ အသစ်ဖြစ်စေ၊ အဟောင်းဖြစ်စေ အိမ်နီးချင်း နိုင်ငံများမှ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက မည်သို့မျှ ယုတ္တိ မရှိပေ။ မော်တော်ယာဉ် တင်သွင်းခွင့် လိုင်စင်များကို စစ်အစိုးရမှ ထိပ်ဆုံး ပုဂ္ဂိုလ်ကြီး နှစ်ဦး ဖြစ်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့နှစ်ဦးသာ ထုတ်ပေးနိုင်ပါသည်။

ဤသို့ ပုဂ္ဂလိကကဏ္ဍ အနေဖြင့် ဘတ်စကား၊ ကုန်တင်ယာဉ်နှင့် စက်ပစ္စည်များ တင်သွင်းခွင့်ရ မည်ဟူသော သတင်းများ ထွက်ရှိနေစဉ် ကာလမှာပင် စစ်အစိုးရ၏ လက်ဝေခံ စီးပွားရေး အုပ်စုကြီးဖြစ်သော Htoo Trading ကုမ္ပဏီပိုင်ရှင် ဦးတေဇအား စစ်အစိုးရက မြန်မာနိုင်ငံ အထက်ပိုင်းဒေသမှ နိုင်ငံပိုင် သဘာဝ ဓာတ်ငွေ့ အရောင်းဆိုင်များကို လည်ပတ်လုပ်ကိုင်ခွင့် ပြုလိုက်ကြောင်း ရန်ကုန်အခြေစိုက် စီးပွားရေး သတင်း ရင်းမြစ်များက ဆိုပါသည်။

စစ်အစိုးရသည် ပြီးခဲ့သည့် ဒီဇင်ဘာလမှ စတင်၍ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများနှင့် ၎င်းတို့နှင့် နီးစပ်သော စီးပွားရေးသမားများအား ပြည်ပမှ ဒီဇယ်တင်သွင်းခွင့် လိုင်စင်များ ချထားပေးခဲ့ကြောင်း အဆိုပါ သတင်း ရင်းမြစ်များက ဆိုပါသည်။

ယခုလက်ရှိ စစ်အစိုးရ၏ စီးပွားရေးပေါ်လစီ အပြောင်းအလဲများကြောင့်  မြန်မာ FEC ဈေးနှုန်းများ လွန်စွာမြင့်တက် သွားခဲ့ပါသည်။ ဇန်နဝါရီလ ၂၁ ရက်နေ့ မှောင်ခိုဈေးကွက်တွင် ၁၀၆၂ ကျပ် အထိ မြင့်တက်ခဲ့ကြောင်း၊ ယမန်နေ့တွင် ၁၀၅၀ ကျပ်ရှိရာမှ မြင့်တက် သွားခဲ့ခြင်း ဖြစ်ကြောင်း စုံစမ်း သိရှိရပါသည်။

စီးပွားရေး နည်းစနစ်များ အရ ဆိုပါက မြန်မာ FEC ၏တန်ဖိုးမှာ အမေရိကန်ဒေါ်လာနှင့် တူညီရမည် ဖြစ်သည်။ သို့တိုင်အောင် အဆိုပါ ငွေကြေးစနစ် နှစ်မျိုးမှာ မှောင်ခိုဈေးကွက်တွင် ကျပ်ငွေ ကိစ္စအပေါ် မူတည်ပြီး မကြာခဏ တန်ဖိုး မတူညီဘဲ ကွဲပြားလေ့ရှိပါသည်။

လတ်တလော အနေအထားတွင် FEC ကို ဒီဇယ်ဝယ်ယူရာ၌ အများအပြား သုံးစွဲမှုကြောင့် ယင်း ငွေတန်ဖိုးမှာ ဒေါ်လာထက် မြင့်တက်နေခြင်း ဖြစ်ပါသည်။ စွမ်းအင် ဝန်ကြီးဌာနက ပြီးခဲ့သည့် ၂၀၀၈ မှစ၍ ဓာတ်ဆီ၊ ဒီဇယ်ဆီ အရောင်းဆိုင်များ အနေဖြင့် FEC ကိုင်ဆောင်သူများအား လောင်စာဆီကို အကန့်အသတ်မရှိ ရောင်းချခွင့်ပြုရန် ညွှန်ကြားခဲ့ပါသည်။  

Irrawaddy သတင်းဌာန၏ Kyats falls on talk of trade liberalization ကိုဘာသာပြန်ဆိုပါသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment