Transparency Myanmar

transparency.myanmar@gmail.com

Asiantribune.com, 25th January 2010

          မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အခွင့်အရေးများ ရရှိရေးအတွက် တစ်ကိုယ်တော် တိုက်ပွဲ ဆင်နွှဲနေသူ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသူများ အနက်မှ တစ်ဦး ဖြစ်သည့် ဒီမိုကရေစီ လှုပ်ရှားသူ စာရေးဆရာမ မသီတာက ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီ နိုင်ငံကြီး ဖြစ်ပါလျှက်နှင့် အိန္ဒိယနိုင်ငံသည် ၎င်း၏ အရှေ့ဖက် အိမ်နီးချင်း မြန်မာနိုင်ငံတွင် ဖြစ်ပျက်သမျှကို မမြင်ချင်ယောင် ဆောင်နေသည့် အတွက် စိတ်ပျက်မိကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါသည်။

          အကျဉ်းထောင်ထဲတွင် လအတန်ကြာ နေခဲ့ရပြီး သေလုနီးပါး ဖြစ်ခဲ့သူ ဆရာဝန်၊ နိုင်ငံရေး လှုပ်ရှားသူ မသီတာက အိန္ဒိယ အစိုးရ နှင့် ပြည်သူတို့၏ မြန်မာနိုင်ငံ အပေါ် လျစ်လျူရှုမှုသည် ဝမ်းနည်းစရာ ကောင်းသော ကိစ္စ ဖြစ်သည်ဟု ပြောဆိုပါသည်။

စာပေပွဲတော် တက်ရောက်ရန် Jaipor တွင် ရောက်ရှိနေသော သူမက အိန္ဒိယထံမှ မြန်မာပြည်သူများ၏ မျှော်လင့်ချက်များနှင့် ပတ်သက်၍ ပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံတော်၏ ကြွယ်ဝသော သယံဇာတများသည် မြန်မာ ပြည်သူများအတွက် "ကံဆိုးမှု" တခု ဖြစ်နေသည်ကို ဝမ်းနည်းမိကြောင်း၊ အိန္ဒိယ အထူးသဖြင့် အိန္ဒိယ အစိုးရသည် မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသမျှနှင့် ပတ်သက်၍ အလွန်အမင်း လျစ်လျူရှုနေကြောင်း သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။

အိန္ဒိယ အစိုးရ အပြင် အိန္ဒိယ မီဒီယာများကလည်း လျစ်လျူရှုနေကြောင်း၊ အနီးဆုံး အိမ်နီးချင်း မြန်မာနိုင်ငံတွင် ဖြစ်နေသမျှကို အိန္ဒိယ ပြည်သူများထံ သတင်းပေးရန် ပျက်ကွက် နေကြောင်း သူမက ဆက်လက် ပြောဆိုပါသည်။

မိမိတို့ နှစ်နိုင်ငံသည် တူညီသော ကိုလိုနီ သမိုင်းကြောင်း ရှိခဲ့ကြပြီး မြန်မာပြည်သူများက အိန္ဒိယထံမှ များစွာ မျှော်လင့်ထားကြောင်း၊ သို့သော်လည်း တစ်ချိန်တွင် ကမ္ဘာ့ ပါဝါ နိုင်ငံ ဖြစ်နိုင်သည့် အလားအလာများ ရှိနေသော်လည်း အိန္ဒိယသည် စီးပွားအရ လည်းကောင်း၊ နိုင်ငံရေးအရ လည်းကောင်း ဒေသတွင်း၌ ခေါင်းဆောင်အဖြစ် လုံးဝ ပေါ်ထွက်လာခြင်း မရှိကြောင်း၊ သို့အတွက် ဝမ်းနည်း စိတ်ပျက်မိကြောင်း စာရေးဆရာမ မသီတာ (စမ်းချောင်း) က ပြောကြားပါသည်။

၁၉၄၅ ခုနှစ် ဇွန် (၁၉) တွင် မွေးဖွားခဲ့သူ ဒေါ်အောင်ဆန်းစုကြည်သည် အတိုက်အခံ ခေါင်းဆောင် ဖြစ်ပြီး NLD ပါတီတွင် အထွေထွေ အတွင်းရေးမှူး တာဝန်ယူထားပါသည်။ နောက်ဆုံး ကျင်းပခဲ့သော ၁၉၉၀ ရွေးကောက်ပွဲတွင် သူမ၏ NLD ပါတီက ဆန္ဒမဲအားလုံး၏ (၅၉%) ၊ လွှတ်တော် ကိုယ်စားလှယ်နေရာ (၄၉၂) အနက် (၃၉၄) နေရာ၊ အနိုင်ရရှိခဲ့သော်လည်း ရွေးကောက်ပွဲ မတိုင်မီကပင် စစ်ဖက် အစိုးရက သူမအား အကျယ်ချုပ် ထိန်းသိမ်းထားခဲ့ပါသည်။ လွန်ခဲ့သော အနှစ် (၂၀) အတွင်း (၁၄) နှစ်ခန့် ထိန်းသိမ်းခြင်း ခံရသူ သူမသည် အကျယ်ချုပ် ထိန်းသိမ်းခံနေရဆဲ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခုအခါ တတိယ အကြိမ်မြောက် အကျယ်ချုပ် ပြစ်ဒဏ်ကို ကျခံနေရပါသည်။ ၂၀၀၃ ခုနှစ် မေလတွင် ဒီပဲယင်းမြို့ အနီး၌ သူမ၏ ယာဉ်တန်းကို အစိုးရ လက်သပ်မွေး လူမိုက်များက တိုက်ခိုက်ခဲ့ကြပြီး သူမအား ထောက်ခံသူ (၁၀၀) ကျော် သေဆုံး ခဲ့ရပြီးနောက်ပိုင်း သူမကို ထပ်မံ ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် လွတ်မြောက်ရေး ကြိုးပမ်းသူ တစ်ဦး ဖြစ်၍ ၁၉၉၀ တွင် Rafto ဆု နှင့် Sakharor ဆု၊ ၁၉၉၁ တွင် ငြိမ်းချမ်းရေး၊ နိုဘယ်ဆု၊ ၁၉၉၂ တွင် အစိုးရထံမှ ဂျဝါဟာလာ နေရူး ဆုတံဆိပ်များ လက်ခံ ရရှိခဲ့သူ ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment