Transparency Myanmar

transparency.myanmar@gmail.com

          ပြီးခဲ့သည့် ဇန်နဝါရီ ဒုတိယပတ်အတွင်း မြန်မာစစ်တပ်၏ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံ အရှေ့ပိုင်း ဒေသတွင် နေထိုင်သော ကရင် တိုင်းရင်းသား ၂၀၀၀ ခန့် အိုးအိမ် စွန့်ပစ်ကာ ထွက်ပြေးခဲ့ကြရကြောင်း လူသားချင်း စာနာ ထောက်ထားသော အကူအညီ ပေးရေး အဖွဲ့ တစ်ခုက ဇန်နဝါရီလ ၂၃ ရက် နေ့တွင် ထုတ်ဖော် ပြောဆိုလိုက်ပါသည်။

          မြန်မာ တပ်ဖွဲ့များသည် စစ်ဆင်ရေး အတွင်း ကရင်တိုင်းရင်းသား အများအပြားကို ပစ်ခတ် သတ်ဖြတ်ခဲ့ပြီး ၎င်းတို့၏ နေအိမ်များကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ အချို့ကိုမူ အဓမ္မ လုပ်သားအဖြစ် ဖိအားပေး စေခိုင်းခဲ့ကြကြောင်း မြန်မာပြည်တွင်း နေရာပြောင်းရွှေ့ နေထိုင်ရသူများကို အကူအညီပေးလျက် ရှိသည့် NGO ဖြစ်သော Free Burma Rangers (FBR) ၏ အဆိုအရ သိရှိရပါသည်။

          အဆိုပါ အဖွဲ့၏ အစီရင်ခံစာမှာ မှန်ကန်မှု ရှိသည်ဟု မဆိုနိုင်သော်လည်း အခြားသော မှတ်တမ်းများအရ ယခုနှစ်များအတွင်း မြန်မာစစ်တပ်၏ ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် ထိုင်းမြန်မာ နယ်စပ်ဒေသရှိ ဒုက္ခသည်စခန်းများ ရှိရာသို့ ကရင်တိုင်းရင်းသား ထောင်ပေါင်းများစွာ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။

"ဒီတစ်ကြိမ် တိုက်ခိုက်မှုမှာ ဆိုးဆိုးရွားရွား ဖြစ်တဲ့ ပမာဏ သိပ်မများပေမယ့် ကရင်ရွာသား ၂၀၀၀ လောက် နေရာရွှေ့ပြောင်း ထွက်ပြေးခဲ့ကြရပြီး  အချို့ရွာသားတွေ ပစ်ခတ် သတ်ဖြတ် ခံရတာကို တွေ့ရပါတယ်" ဟု FBR က ဆိုပါသည်။

          ယခုအခါ နိုင်ငံတကာ အကူအညီ ပေးရေး အဖွဲ့များသည် ထိုင်းနှင့် တရုတ် နယ်စပ် ဒေသများ၌ မြန်မာနိုင်ငံမှ ထွက်ပြေးလာသော ဒုက္ခသည် ဦးရေ တိုးမြင့်လာမှုနှင့် ရင်ဆိုင်နေရသည်။ မြန်မာ စစ်အစိုးရက ဆယ်စုနှစ် နှစ်ခုအတွင်း ပထမဆုံး အကြိမ် ဖြစ်မည့် ဒီမိုကရေစီ ရွေးကောက်ပွဲကို ယခု နှစ်အတွင်း ကျင်းပရန် စီစဉ်လျက် ရှိပါသည်။

          စစ်အစိုးရက ၎င်းတို့ စီစဉ်ထားသည့် ဒီမိုကရေစီ ရွေးကောက်ပွဲနှင့် နိုင်ငံရေး ဖြစ်စဉ်ထဲတွင် တိုင်းရင်းသား လူမျိုးစုအဖွဲ့များ အားလုံး ပူးပေါင်း ပါဝင်ကြရန် ဆန္ဒရှိသည်။ သို့သော် တိုင်းရင်းသား အဖွဲ့အစည်းများက ထိုသို့ ရွေးကောက်ပွဲတွင် ဝင်ရောက် ပူးပေါင်းခြင်းဖြင့် မည်သို့မျှ အကျိုးအမြတ် ဖြစ်ပေါ်လိမ့်မည် မဟုတ်ကြောင်း၊ စစ်အစိုးရကိုလည်း ယုံကြည်မှု မရှိကြောင်း ပြောဆိုလျက် ရှိပါသည်။

          ထို့ပြင် စစ်အစိုးရက လက်နက်ကိုင် သူပုန်များနှင့် တိုင်းရင်းသား တပ်ဖွဲ့ဝင်များ အားလုံးကို ရွေးကောက်ပွဲ မတိုင်မီ နယ်စပ်ဒေသစောင့် တပ်ဖွဲ့ဝင်များအဖြစ် ပြောင်းလဲ ဖွဲ့စည်းရန် ဖိအားပေး စည်းရုံးလျက် ရှိသည်။ ထိုသို့ နယ်စပ်ဒေသစောင့် တပ်ဖွဲ့အဖြစ် မပြောင်းလဲသည့် အဖွဲ့အစည်းများ အပေါ် ရက်စက် ကြမ်းတမ်းစွာ နှိမ်နင်းမည်ဟုလည်း ခြိမ်းခြောက် ပြောဆိုထားသည်။

မြန်မာ စစ်အစိုးရက ကရင် အမျိုးသား သမဂ္ဂ (KNU) ကို အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ထားသည်။ အဆိုပါ KNU သည် ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေး ရယူခဲ့သည့်အချိန်မှ စ၍ ကရင်ပြည် လွတ်မြောက်ရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရယူရေးကို တောင်းဆိုခဲ့သော အကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ကြီး တစ်ခုလည်း ဖြစ်ပါသည်။

          ဝေဖန် သုံးသပ်သူများ၏ အဆိုအရ မြန်မာ စစ်အစိုးရသည် မြန်မာနိုင်ငံ၏ အရေးပါသော ဘဏ္ဍာ ရင်းမြစ်များ သဖွယ် ဖြစ်သော သစ်ထုတ်လုပ်ရေး၊ ကျောက်မျက် တူးဖော်ရေး အစရှိသည်တို့ကို ကောင်းစွာ လုပ်ကိုင်နိုင်ရေးအတွက် ကရင် အပါအဝင် အခြားသော တိုင်းရင်းသား လူမျိုးစုများကို နှိပ်ကွပ်ရန် နည်းလမ်း ရှာလျက် ရှိပါသည်။

 Reuters သတင်းဌာန၏ Over 2000 Karens flee Myanmar army raids ကို ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment