Transparency Myanmar

transparency.myanmar@gmail.com

timesofindia.indiatimes.com, 24th January 2010

မြန်မာ ပိုင်နက် အတွင်းရှိ အိန္ဒိယ အရှေ့မြောက် ဒေသ သူပုန်များကို မောင်းထုတ်ရန် အိန္ဒိယ အစိုးရနှင့် ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်ရေးအတွက် မြန်မာ စစ်ဖက်အစိုးရက စီစဉ်လျက် ရှိပြီး ပုန်းရှောင်နေသူ ULFA သူပုန် တပ်မှူး ပါရတ်ဘာရူး ကို ခြေရာခံရာတွင် ကူညီရန် ကတိပြုလိုက်ပါသည်။

ကြာသပတေးနေ့က နေပြည်တော်တွင် ကျင်းပသော နှစ်နိုင်ငံ ပြည်ထဲရေး ဝန်ကြီးများ၏ ၃ ရက်ကြာ ဆွေးနွေးပွဲတွင် အထက်ပါ အတိုင်း နယူးဒေလီ ကို အာမခံ ခဲ့ခြင်း ဖြစ်သည်။

လာမည့် ၂ လ မှ ၃ လ အတွင်း ရည်မှန်းချက် နယ်မြေများတွင် အိန္ဒိယ နှင့် မြန်မာ လုံခြုံရေး တပ်ဖွဲ့များ ပူးပေါင်း စစ်ဆင်ရေး ဆောင်ရွက်မည် ဖြစ်သည်။ စစ်ဆင်ရေး၏ ရည်မှန်းချက်မှာ အစိုးရ၏ နှိမ်နင်းခြင်း ခံရသော သူပုန်များ တဖက်နိုင်ငံသို့ ထွက်ပြေးခြင်း မပြုရန် ဖြစ်သည်ဟု ပြည်ထဲရေး ဝန်ကြီးဌာန အရာရှိ တစ်ဦး က ပြောကြားပါသည်။

အရူနာချာ ပရာဒက်ရှ်၊ နာဂါလန်၊ မဏိပူ၊ မီဇိုရမ် ပြည်နယ်များနှင့် ထိတွေ့နေသော ကီလိုမီတာ ၁၆၅၀ ရှည်လျား အိန္ဒိယ-မြန်မာ နယ်စပ် တလျောက်တွင် NSCN နှင့် ULFA စသော အိန္ဒိယ အရှေ့မြောက် ဒေသမှ အဓိက သူပုန်အဖွဲ့ များက အခြေစိုက် စခန်း ၂၀ ခန့်နှင့် လေ့ကျင့်ရေး စခန်းများ ထူထောင် ထားပါသည်။

ULFA တပ်မှူး ပါရတ်ဘာရူးသည် မြန်မာနိုင်ငံ ကချင်ပြည်နယ်တွင် ပုန်းအောင်းနေသည် ဟု ယုံကြည်ထားပါသည်။

ပါရတ်ဘာရူး မြန်မာပြည် နယ်စပ်တွင် ပုန်းအောင်းနေကြောင်း မြန်မာ ကိုယ်စားလှယ် အဖွဲ့ထံ မိမိတို့ သတင်းပေးခဲ့ပြီး မြန်မာတို့ကလည်း ၎င်းတို့ ပိုင်နက် အတွင်း တွေ့ရှိပါက ခြေရာခံ ထောက်လှမ်း ပေးမည် ဟု ကတိပေးခဲ့ကြောင်း အဆိုပါ အရာရှိက ပြောကြားပါသည်။

အိန္ဒိယ၊ မြန်မာ နှစ်နိုင်ငံ လုံခြုံရေး တပ်ဖွဲ့များသည် နယ်စပ်တလျောက်  လက်နက်၊ မူးယစ်ဆေးဝါး နှင့် ကုန်ပစ္စည်းများ မှောင်ခို ကူးသန်း ရောင်းဝယ်ခြင်းကို စောင့်ကြပ် စစ်ဆေးမှုအား တိုးမြှင့် ပြုလုပ်သွားမည် ဟုလည်း သိရှိရပါသည်။

အိန္ဒိယ အစိုးရ ပြည်ထဲရေးဝန်ကြီး GK Pillai ဦးဆောင်သော အိန္ဒိယ ကိုယ်စားလှယ် အဖွဲ့သည် ဗိုလ်မှူးချုပ် ဖုန်းဆွေ ဦးဆောင်သော မြန်မာ အထူး ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံ၍ နယ်စပ် လုံခြုံရေး၊ သူပုန်များ၏ နယ်စပ် ဖြတ်ကျော် လှုပ်ရှားမှုများ၊ နယ်စပ် ကုန်သွယ်ရေး၊ နယ်စပ် ဖြတ်ကျော် စီမံကိန်းများ စသော ကိစ္စများနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ် ခဲ့ကြပါသည်။

မိမိတို့ စိုးရိမ်နေသော လုံခြုံရေး ကိစ္စများကို ဖြေရှင်းပေမည် ဟု မြန်မာ အာဏာပိုင်များက အာမခံခဲ့ပြီး နှစ်နိုင်ငံကြား ရင်းနှီး ဖော်ရွေသော ဆက်ဆံရေးကို ရှေ့ဆက် ထိန်းသိမ်းသွားမည်ဟု ကတိပေးခဲ့သည့် အတွက် ယခု အစည်းအဝေးသည် အလွန် အကျိုး ရှိခဲ့ကြောင်း အိန္ဒိယ ပြည်ထဲရေး အရာရှိက မှတ်ချက်ပေးခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment