Transparency Myanmar

transparency.myanmar@gmail.com

E-pao.net, 20th February 2010

          အိန္ဒိယ-မြန်မာ နယ်စပ် မဏိပူရနယ် Mynal မြစ်ကို ဖြတ်၍ တရုတ်အစိုးရ အကူအညီဖြင့် တံတား တစ်စင်း တည်ဆောက်လျက်ရှိရာ ပြီးစီးသွားပါက မြန်မာ ကုန်သည်များအတွက် များစွာ အကျိုးရှိမည် ဖြစ်သည်။

          အိန္ဒိယ ဖက်တွင် နေရှင်နယ် အဝေးပြေး လမ်းမကြီး အမှတ် ၃၉ မှ ခွဲထွက်လာသော အင်ဖာ-မိုရေးလမ်းမှာ ယခုအထိ မြင်သာထင်သာသော တိုးတက်မှုများ မရှိသေးပေ။

          တရုတ် အစိုးရ အကူအညီဖြင့် တည်ဆောက်သော တံတား ပြီးစီးသွားပါက မြန်မာ့ စီးပွားရေးကို တိုးတက်စေရုံမျှမက တရုတ်ပြည်မှ ထုတ်လုပ်သော လျှပ်စစ်ပစ္စည်းများ၏ ဈေးကွက်လည်း ပွင့်သွားမည် ဖြစ်သည်။

          တံတားကြီးကို တည်ဆောက်လိုက်ခြင်းဖြင့် မြန်မာကုန်သည်များသည် နမ့်ဖာလုံဈေးသို့ ကုန်ရောင်းကုန်ဝယ် သွားရာတွင် မဏိပူရကို ဖြတ်သွားစရာ မလိုတော့ပေ။

          အိန္ဒိယနှင့် မြန်မာနိုင်ငံတို့၏ သွင်းကုန်ထုတ်ကုန် လုပ်ငန်းများသည် နယ်စပ် ကုန်သွယ်ရေး သဘောတူညီချက်အရ မိုရေးဂိတ် အမှတ် (၁) တွင် ပြုလုပ်ကြပြီး၊ မိုရေးဂိတ် အမှတ် (၂) တွင် လုပ်ငန်းများ တိုးချဲ့ လုပ်ကိုင်နိုင်ရန် ကြိုးစားလျက် ရှိသည်။

          ယခု Mynal မြစ်ကို ဖြတ်၍ တည်ဆောက်နေသော တံတားသည် နမ့်ဖာလုံဈေးကို တိုက်ရိုက် ဆက်သွယ်ထားသဖြင့် မြန်မာကုန်သည်များသည် နယ်စပ် ကုန်သွယ်ရေး၏ အကျိုးအမြတ်ကို ပိုမို ခံစားရမည် ဖြစ်သည်။

          နမ့်ဖာလုံဈေးသည် ကြီးမားသော ဈေးမဟုတ်သော်လည်း မြန်မာ အစိုးရသည် နမ့်ဖာလုံဈေး တိုးတက်မှုကို ရှေးရှု၍ ဈေး၏ အစိတ်အပိုင်း အမျိုးမျိုးတွင် ကုန်သွယ်မှု အမျိုးမျိုးအတွက် တည်ဆောက်လျက် ရှိသည်။

          တစ်ဖက်တွင် Sauraastra-silchar စူပါ အဝေးပြေး လမ်းမကြီးသို့ လာရောက် ဆက်သွယ်မည့် အင်ဖာ-မိုရေးလမ်းကလည်း တိုးတက်လာမည့် အရိပ်အယောင် မရှိသေးပေ။ မိုရေးမှ တဆင့် အာရှ အဝေးပြေး လမ်းမကြီးနှင့် ဆက်ကာ မြန်မာနိုင်ငံ ပုဂံမှတစ်ဆင့် ထိုင်းနိုင်ငံ မဲဆောက်သို့ ဆက်ထားမည် ဖြစ်သည်။

          အင်ဖာ-မိုရေး လမ်းအပိုင်းရှိ Lokchao မှ တံတား တစ်စင်းသည် ဒုတိယ ကမ္ဘာစစ် အတွင်းက ဆောက်ထားပြီး၊ ယခုအထိ အသစ်ဆောက်မည့် လက္ခဏာ မရှိသေးပေ။

          မြန်မာနိုင်ငံတွင် စစ်အစိုးရ လက်ထက်၌ ဖွံ့ဖြိုးရေး လုပ်ငန်းများသည် ဒီမိုကရက်တစ် အိန္ဒိယ နိုင်ငံနှင့် မတူဘဲ အလွန် မြန်ဆန်သည်ကို တွေ့ရှိရသည်။ အိန္ဒိယနိုင်ငံတွင် ဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက် ဆုံးဖြတ်ချက် ချရန်နှင့် အကောင်အထည် ဖော်ရန်အချိန် အလွန်ကြာသည်။

          နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး တိုးတက်မှု၏ အစိတ်အပိုင်း တစ်ခုအဖြစ် ယခု Mynal မြစ်ကို ဖြတ်၍ ဆောက်နေသော တံတားမှ အစပြု၍ မန္တလေးအထိ ချစ်ကြည်ရေး လမ်းအပိုင်း ဖောက်ရန် BRTF က လက်ရှိ လုပ်ကိုင်လျက် ရှိသည်။ Mynal မြစ်သည် မိုရေးဂိတ် နံဂါတ် (၂) အနီးမှ ဖြတ်ပြီး၊ နှစ်နိုင်ငံကြားမှ ဖြတ်၍ စီးဆင်းသွားသည်။ သို့သော် အင်ဖာ-မိုရေး လမ်းအပိုင်း တိုးတက်မှုများ အတွက် ပို့ဆောင်ရေးနှင့် အဝေးပြေးလမ်းများ ဝန်ကြီးဌာနမှ ကြိုးပမ်းမှုများ ပြုလုပ်သည့်တိုင် ဒေသခံ ကန်ထရိုက်တာများက သတ်မှတ်သော အရည်အချင်း မပြည့်မီခြင်း၊ အရည်အချင်း ပြည့်မီသည့် ပြင်ပ ကန်ထရိုက်တာများကလည်း လုပ်ငန်းအတွက် ငွေကို ရူပီးငွေဖြင့် ပေးသည့်တိုင် လာရောက်ရန် တုံ့ဆိုင်းနေကြခြင်း စသည့် ကိစ္စရပ်များ ရှိနေသည်။

          အိန္ဒိယ အစိုးရ ဆောက်လုပ်ရေး ဌာန၏ သတင်းများအရ၊ ဝန်ကြီးဌာနသည် အင်ဖာ-မိုရေး လမ်း ပြုပြင် ထိန်းသိမ်းရေး ရန်ပုံငွေကို ချပေးခြင်း မရှိဘဲ၊ နောက်ထပ် ၂ နှစ်၊ ၃ နှစ်အထိ ပြင်ဆင်ရန် မဖြစ်နိုင်သေးဟု ဆိုသည်။

          အစိုးရ အဝေးပြေး လမ်းမကြီး၏ အစိတ်အပိုင်းလည်း ဖြစ်၍ နှစ်ကြာသောကြောင့် အင်ဖာ-မိုရေး လမ်းသည် ယိုယွင်း ပျက်စီးလျက် ရှိသည်။ လက်ရှိ နယ်စပ် ကုန်သွယ်ရေးသည် ထိုလမ်း အပိုင်း ကိုသာ အသုံးပြုနေရပြီး၊ နယ်စပ် ကုန်သွယ်မှုကို လက်ရှိ ၂၂ မျိုးမှ ၄၄ မျိုးထိ တိုးကာ ပမာဏ မြှင့်တင်ရန် ကြိုးစားလျက် ရှိနေသည်။

          လက်ရှိ နယ်စပ် ကုန်သွယ်ရေးကို သွင်ပြင်လက္ခဏာများ ပြောင်းလဲပစ်ရန်နှင့် ထုတ်ကုန် သွင်းကုန် လှုပ်ရှားမှု မြှင့်တင်ရန် အတွက် အိန္ဒိယ ကုန်းတွင်းပိုင်း ဂိတ်များ အာဏာပိုင် အဖွဲ့(Land-Ports Authority) သည် ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ပါကစ္စတန်နှင့် မြန်မာနိုင်ငံ နယ်စပ်များတွင် နယ်စပ် စစ်ဆေးရေး စခန်း Integrated Check Post (ICP) ၁၃ ခု ဖွင့်လှစ်ရန် သဘောတူပြီး ဖြစ်သည်။

          မိုရေးတွင် ICP ဖွင့်လှစ်ရေး အတွက် မြေနေရာ ဝယ်ယူရေး အဆင့် ပြီးသွားပြီ ဖြစ်သည်။ မိုရေး ဂိတ်အမှတ် (၂) အနီးတွင် မြေ ၄၅.၅၀ ဧက ဝယ်ယူထားရာ အစိုးရသည် ဒေသဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့ သို့ ထိုမြေ နေရာတွင် ပိုင်ဆိုင်သူ ၄၀၅ ဦးအား ငွေပေးချေရန် လွှဲအပ်ထားပြီး ဖြစ်သည်။

          မိုရေးတွင် ဖွင့်လှစ်မည့် ICP သည် ခန်မှန်းခြေ ရူပီသန်း (၁၃၀) ကုန်ကျမည် ဖြစ်ပြီး၊ ပန်ဂျပ်ရှိ Wagah နယ်စပ်ရှိ ပုံစံနှင့် အတူတူ ဖြစ်ကာ အသေးစိတ် စီမံကိန်း အစီရင်ခံစာကို Rail India Technical Economic Services မှ ရေးဆွဲသည်။

          ICP တည်ဆောက် ပြီးစီးပါက အကောက်ခွန်၊ ရဲ၊ အကောက်ခွန် ကာကွယ်ရေးဌာန၊ သစ်တော၊ မူးယစ်၊ စာတိုက်၊ ဘဏ်၊ ဆက်သွယ်ရေး၊ တိရစ္ဆာန်နှင့် သစ်ပင် စစ်ဆေးရေး၊ အရည်အသွေး စစ်ဆေး လက်မှတ် ထုတ်ပေးသော အေဂျင်စီ၊ ကုန်သွယ်ရေး ဌာန၊ အစားအသောက် စစ်ဆေးသော ဓာတ်ခွဲခန်း၊ ကားရပ်နား စခန်းနှင့် စားသောက်ဆိုင်များအတွက် အဆောက်အဦများ ပါဝင်မည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment