Transparency Myanmar

transparency.myanmar@gmail.com

DVB news, 22nd February 2010

          မြန်မာနှင့် လာအို နှစ်နိုင်ငံ နယ်စပ် ရွှေတြိဂံ ဒေသတွင် အမည်မသိ သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၈ ဦး အပါအဝင် လူ ၁၄ ဦး သေဆုံးခဲ့သည်။

          တနင်္ဂနွေနေ့က ပစ်ခတ်မှုသည် မဲခေါင်မြစ်၏ လာအို ဖက်ခြမ်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံ ရွာသား တစ်ဦးက ပြေကြားခဲ့ပြီး ဒေသတွင်း လှုပ်ရှားနေသော မူးယစ်ဆေးဝါး ဂိုဏ်းများ၏ လက်နက် ဖြစ်နိုင်သော်လည်း အတည်မပြုနိုင်သေးဟု သိရှိရသည်။

          မြန်မာနိုင်ငံ အရှေ့ပိုင်း ရှမ်းပြည်နယ်ရှိ ပါဆာနှင့် ပန်ဖူး ကျေးရွာအကြား မြစ်ကြောင်း၌ ကင်းလှည့်နေစဉ် တိုက်ခိုက်ခံရသည့် ၎င်းဖြစ်ရပ်တွင် အခြား ရဲတပ်ဖွဲ့ဝင် ၂ ဦးလည်း ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။

          ရဲတပ်ဖွဲ့ဝင်များနှင့် အတူ လိုက်ပါလာသော အရပ်သား ၂ ဦး၊ စက်လှေသမား ၂ ဦးနှင့် ပြည်သူ့စစ် ၂ ဦး တို့လည်း သေဆုံးခဲ့သည်ဟု အဆိုပါ ဒေသခံက ပြောကြားသည်။

          တာချီလိတ်မှ ကျန်းမာရေး အရာရှိက သေဆုံးသူ အရေအတွက်ကို အတည်ပြုခဲ့ပြီး ရဲတပ်သား ၆ ဦး၏ အလောင်းများကို အနီးရှိ ဘုရား တစ်ဆူနားတွင် တွေ့ရှိခဲ့သည်ဟု ဆက်လက် ပြောကြား သည်။ ဒဏ်ရာ ရရှိသူများကို ဆေးကုသရန် ရန်ကုန်သို့ ပို့လိုက်သည်ဟုလည်း ရဲအရာရှိ တစ်ဦးက ပြောသည်။

          အခင်း ဖြစ်ပွားသော နေ့၌ပင် အလောင်း ၁၀ လောင်းကို မဲခေါင်မြစ်တွင်းမှ ဆယ်ယူ ရရှိခဲ့ပြီး ရဲကင်းအဖွဲ့ ခေါင်းဆောင် ခင်မောင်ရင်၏ အလောင်းကိုမူ နောက်တစ်နေ့တွင် တွေ့ရှိခဲ့သည်။ ကျန် ရဲတပ်ဖွဲ့ဝင် ၃ ဦး၏ အလောင်းများကိုမူ ရှာမတွေ့သေးဟု သိရသည်။

          မြန်မာ၊ ထိုင်း နှင့် လာအို ၃ နိုင်ငံ ထိစပ်နေသည့် ရွှေတြိဂံ နယ်မြေသည် တစ်ချိန်က ကမ္ဘာပေါ်တွင် ဟီးရိုးအင်း အဓိက ထုတ်လုပ်ရာ ဒေသ ဖြစ်ခဲ့ပြီး မူးယစ်ဆေး မှောင်ခို ရောင်းဝယ်သူများသည် အဆိုပါ ဒေသတွင် လွတ်လပ်စွာ လှုပ်ရှား သွားလာလျက် ရှိသည်။ အဓိက ဝင်ငွေ ရရှိသော သီးနှံအဖြစ် ဘိန်းကို အများဆုံး စိုက်ပျိုးကြသည်။

          ယခုအခါ အာဖဂန် နစ္စတန်က ကမ္ဘာ့ ဘိန်း ၈၀ % ကို ထုတ်လုပ်နေသော်လည်း ရှမ်းပြည်နယ်က ဒုတိယ ထုတ်လုပ်သူ အဖြစ် ရပ်တည်နေဆဲ ဖြစ်ပြီး လက်နက်ကိုင် အဖွဲ့လေးများ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကြီးများက အဆိုပါ ဒေသရှိ ဘိန်းဈေးကွက်ကို ထိန်းချုပ် ထားသည်။

          အလားတူ တိုက်ခိုက်မှုမျိုးသည် ၂၀၀၈ ခုနှစ်ကလည်း ဖြစ်ပွားခဲ့ပြီး ရဲတပ်ကြပ်ကြီး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့သည်။ ဒေသခံများ၏ အဆိုအရ ထိုစဉ်က ရဲတပ်ကြပ်ကြီး၏ အလောင်းကိုသာ ရရှိခဲ့သည်ဟု သိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment