Transparency Myanmar

transparency.myanmar@gmail.com

Irrawaddy News, 22nd February 2010

          မြန်မာနိုင်ငံ လူ့အခွင့်အရေး တိုးတက်မှု ဆိုင်ရာ ကုလသမဂ္ဂ အထူး အရာရှိ Tomas Ojea Quintana ၏ ဖေဖော်ဝါရီ (၁၉) ရက် သတင်းစာ ရှင်းလင်းပွဲနှင့် ပတ်သက်သော သတင်းများကို ဖော်ပြခြင်း မပြုရန် မြန်မာနိုင်ငံရှိ သတင်းဂျာနယ်များအား ပိတ်ပင်ထားသည်ဟု သိရှိရသည်။

          ဖေဖော်ဝါရီ (၁၅) ရက်က စတင်ခဲ့သော ၎င်း၏ ၅ ရက်ကြာ ခရီးစဉ် ပြီးဆုံး၍ မြန်မာနိုင်ငံမှ မထွက်ခွာမီ ရန်ကုန် နိုင်ငံတကာ လေဆိပ်တွင် Quintana က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

          ကြားသိရသော သတင်းများအရ ကုလသမဂ္ဂ ကိုယ်စားလှယ်သည် ပွင့်လင်းစွာ ပြောကြားခဲ့ကာ လက်ရှိ အနေအထားနှင့် ပတ်သက်၍ မြန်မာ အစိုးရကို ပြစ်တင် ဝေဖန်မှု ပြုလုပ်ခဲ့ပြီးနောက် ၎င်း၏ ပြောကြားမှုများကို သတင်း ဖော်ပြခြင်းအား စစ်ဖက် အစိုးရ၏ စာပေ စိစစ်ရေးနှင့် မှတ်ပုံတင် ဌာနက ပိတ်ပင် တားမြစ်ခဲ့သည်ဟု ဆိုသည်။

          ကုလသမဂ္ဂ အထူးအရာရှိက ပြည်တွင်း၊ ပြည်ပ သတင်းထောက်များအား ပြောကြားရာတွင် "နေအိမ်တွင် အကျယ်ချုပ် ကျခံနေရဆဲ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မတွေ့ဆုံ နိုင်ခဲ့သည့် အတွက် များစွာ စိတ်မကောင်း ဖြစ်ရကြောင်း၊ ထို့အပြင် နိုင်ငံရေး အကျဉ်းသား ၂၂၀၀ အပါအဝင် ပြည်သူလူထု အပြည့်အဝ ပါဝင် လှုပ်ရှားမှု မရှိခြင်း၊ ရွေးကောက်ပွဲ ဆိုင်ရာ လှုပ်ရှားမှုများတွင် ပါဝင်ခွင့်ပြုထားသော ပတ်ဝန်းကျင် မရှိခြင်းတို့ကြောင့် လာမည့် ရွေးကောက်ပွဲများသည် လက်ခံ၊ ယုံကြည်၊ လေးစားဖွယ် မရှိ" ဟု မှတ်ချက် ပေးခဲ့သည်။

          မြန်မာ အစိုးရသည် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် လုံးဝ ဆန္ဒ မရှိကြောင်းကို သိရှိထားသည့် Quintana က ဆက်လက် ပြောကြားရာတွင် မြန်မာနိုင်ငံ၌ အပြစ် မရှိသော အကျဉ်းသားများ ရှိနေသည် ဆိုသည့် အချက်ကို စစ်အစိုးရက လက်မခံဟု ဆိုသည်။

          ထို့အပြင် နိုင်ငံ၏ အနောက်မြောက်ဖက်ရှိ မွတ်ဆလင်များအပေါ် စနစ်တကျ ကျူးလွန်နေသော ပြစ်မှုများနှင့် ပတ်သက်၍ အလွန် စိုးရိမ်မိကြောင်း ၎င်းက ပြောကြားသည်။

          အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ စာပေ စိစစ်ရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးတင့်ဆွေ တက်ရောက်သည်ဟု ရန်ကုန် အခြေစိုက် သတင်းထောက် တစ်ဦးက ဧရာဝတီသို့ ပြောကြားသည်။

          "Quintana ပြောသွားတာတွေကို ဗိုလ်မှူးတင့်ဆွေက သိထားတော့ ကျွန်တော်တို့ကို သတင်းရေးခွင့် မပေးတော့ပါဘူး" ဟု အသက် ၄၀ အရွယ် သတင်း အယ်ဒီတာက ဆိုသည်။

          ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မြန်မာနိုင်ငံသို့ လာရောက်ကြောင်းနှင့် ခရီးစဉ်အတွင်း နိုင်ငံရေးသမားများ၊ ရှေ့နေများ၊ အကျဉ်းသားများနှင့် တွေ့ဆုံသည့် သတင်းလောက်ကိုသာ ဂျာနယ်များတွင် ဖော်ပြခွင့် ရသည်။

          ကုလသမဂ္ဂ ကိုယ်စားလှယ်၏ မှတ်ချက်များကို သတင်း ဖော်ပြခြင်းအား အစိုးရက တားမြစ်ခြင်းသည် လွတ်လပ်စွာ ပြောဆို ရေးသားခွင့်ကို တားဆီး ပိတ်ပင်ခြင်းပင် ဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။

          "ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးအရာရှိရဲ့ အခွင့်အရေးကိုတောင် ချိုးဖောက်ခဲ့တာ ဆိုတော့ ထောင်ထဲက ဘုန်းကြီးတွေကို ရိုက်နှက် နှိပ်စက်နေတဲ့ မြန်မာ အစိုးရ ဘယ်လောက် ရက်စက်သလဲ ဆိုတာ ပိုပြီး ထင်ရှားလာပါပြီ" ဟု အဆိုပါ သတင်း အယ်ဒီတာက ပြောကြားသည်။

          မည်သို့ပင် ဖြစ်စေ Quintana ၏ မှတ်ချက်များကို ပြည်ပ အသံလွှင့် ဌာနများက အထူး သီးသန့် ထုတ်လွှင့်ခဲ့ရာတွင် နားထောင် လိုက်ရသော မြန်မာ ပြည်သူလူထု အများစုက ၎င်း၏ မှတ်ချက်များကို ထောက်ခံ ကြိုဆိုကြသည်။

          ရန်ကုန် အခြေစိုက် ရှေ့နေတစ်ဦးကမူ "အစိုးရရဲ့ အလိမ်အညာ ဗျူဟာတွေ အောက်မှာ တွေဝေနေတဲ့ လူတွေကို လူ့အခွင့်အရေး ကိုယ်စားလှယ်ရဲ့ မိန့်ခွန်းက လှန့်နှိုးလိုက်တာပါပဲ၊ သူပြောတာတွေက မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပျက်နေသမျှကို အပီအပြင် ထင်ဟပ်ပြလိုက်တာပါ" ဟု သုံးသပ်လိုက်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment