Transparency Myanmar

transparency.myanmar@gmail.com

The international, by Larry Jagan, 22nd February 2010

မြန်မာ အာဏာပိုင်များက မြန်မာ မွတ်စလင်များကို ဖိနှိပ် ချုပ်ချယ်နေခြင်း နှင့် ပတ်သက်၍ အလွန်အမင်း စိုးရိမ်မိကြောင်း ကုလသမဂ္ဂ ကိုယ်စားလှယ်က ထုတ်ဖော် ပြောကြားလိုက်သည်။ "မွတ်စလင်တွေ အပေါ်မှာ မတရားသဖြင့် ခွဲခြား ဆက်ဆံနေတယ်ဆိုတာ သံသယ ရှိစရာ မလိုပါဘူး" ဟု မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးအရာရှိ Tomas Ojea Quintana က မြန်မာနိုင်ငံ အနောက်ပိုင်း ရိုဟင်ဂျာများ နေထိုင်ရာ ဒေသမှ ပြန်လာပြီးနောက် ပြောကြားခဲ့သည်။

အာဂျင်တီးနား လူမျိုး၊ ယခင် အလုပ်သမား အခွင့်အရေး ရှေ့နေဟောင်း Mr. Quintana သည် ၎င်း၏ ၅ ရက် ခရီးစဉ် အတွင်း၌ ရခိုင်ပြည်နယ် မြို့တော် စစ်တွေနှင့် နိုင်ငံ၏ အနောက်ဖက်စွန်း မြို့လည်း ဖြစ်၍ ရိုဟင်ဂျာ (ခေါ်) မွတ်စလင်များကို ခွဲခြား ဖိနှိပ် ဆက်ဆံနေသည်ဟု စွပ်စွဲချက်များ ဖြစ်ပွားရာ နေရာ ဖြစ်သည့် ဘူးသီးတောင် မြို့နယ်များသို့ သွားရောက်ခဲ့သည်။

ကုလသမဂ္ဂ နှင့် နိုင်ငံတကာ ကယ်ဆယ်ရေး အဖွဲ့အစည်းများက အဆိုပါ ဒေသတွင် စီမံကိန်းများ ဆောင်ရွက် လုပ်ကိုင်နေကြသော်လည်း ကုလသမဂ္ဂ အဆင့်မြင့် ကိုယ်စားလှယ်ကို ထိုဒေသသို့ သွားရောက်ခွင့်ပြုသည်မှာ ပထပဆုံး အကြိမ် ဖြစ်သည်။

"မြန်မာ အာဏာပိုင်တွေနဲ့ ပတ်သက်တဲ့ စွပ်စွဲမှုတွေ အများကြီး ရှိနေပါတယ်။ ဒါကြောင့် အနေအထားကို ပထမ ဦးဆုံး လေ့လာသိရှိနိုင်ဖို့ ကျွန်တော့်အတွက် သိပ်ကို အရေးကြီးပါတယ်" ဟု Mr.Quintana က ဆိုသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်တွင် ရှိနေစဉ် အလွန် အံ့အားသင့်စရာ ကောင်းသော အကျဉ်းထောင်ကိုလည်း သွားရောက် ကြည့်ရှုခဲ့သည်ဟု ၎င်းက သီတင်းပတ်ကုန်တွင် ပြုလုပ်သော အင်တာဗျူး၌ ပြောကြားခဲ့သည်။

"ထောင်ထဲမှာ အမျိုးသမီးတွေနဲ့ပဲ ပြည့်နေတယ်။ တချို့ဆိုရင် နို့စို့ကလေးတွေကို ပြုစုနေတုန်းပဲ။" ဟု ၎င်းက ဆက်လက် ပြောကြားသည်။ အများစုမှာ လူဝင်မှု ဥပဒေ ချိုးဖောက်မှုဖြင့် တရားစွဲခံရသူများ ဖြစ်၍ ထောင်ဒဏ် ၅ နှစ်အထိ ပြစ်ဒဏ် ကျခံနေရသူများ ဖြစ်သည်။ သို့ရာတွင် လူ့အခွင့်အရေး အဖွဲ့များကမူ မွတ်စလင်များ လက်ထပ်ခြင်းကို အစိုးရက တားမြစ်ထားမှုကြောင့် မြေဇာပင် ဖြစ်ရသည့် သားကောင်များသာ ဖြစ်သည်ဟု ယုံကြည်ထားသည်။

"တရားမဝင် လက်ထပ်တာကြောင့် ယောက်ျားတွေလည်း မကြာခဏ ထောင်ကျပါတယ်။ ဒါပေမဲ့ အများစုကတော့ မိန်းမတွေပါ။ လက်ထပ်ဖို့အတွက် ဘင်္ဂလားဒေ့ရှ် ကို သွားပြီး  အပြန်မှာ တရားမဝင် နယ်စပ် ဖြတ်ကူးမှုနဲ့ ဖမ်းတာပါ။" ဟု အဆိုပါ ဒေသမှ ရိုဟင်ဂျာများ၏ အနေအထားကို လေ့လာစောင့်ကြည့်နေသော Arakan Project မှ ဒါရိုက်တာ Chris Lewa က ပြောကြားလိုက်သည်။

လက်ထပ် ထိမ်းမြားခြင်းကို တားဆီးထားကြောင်း စွပ်စွဲချက်များနှင့် ပတ်သက်သည့် ကိစ္စကို ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်က ဒေသအာဏာပိုင်များ၊ နေပြည်တော်မှ အာဏာပိုင်များနှင့် ဆွေးနွေး မေးမြန်းခဲ့သော်လည်း အဖြေ တစ်ခုတည်းကိုသာ လက်ခံရရှိသည်။

မွတ်စလင်များလည်း လူတိုင်းကဲ့သို့ပင် လက်ထပ်ခွင့် ရှိသော်လည်း မှန်ကန်သော မွေးစာရင်းနှင့် နိုင်ငံသား အသိအမှတ်ပြု စာရွက်စာတမ်းများ ရှိရန် လိုအပ်သည် ဟူ၍ ဖြစ်သည်။

ဤသည်မှာ ပြဿနာ၏ သော့ချက်ပင် ဖြစ်သည်ဟု အဆိုပါ နယ်မြေအကြောင်း သိရှိ၍ အနေအထားကို လေ့လာ စောင့်ကြည့်နေကြသော လူ့အခွင့်အရေး အဖွဲ့များ၊ ကယ်ဆယ်ရေး ဝန်ထမ်းများက ဆိုသည်။

"မြန်မာ မွတ်စလင်တွေဟာ စနစ်တကျ ချုပ်ခြယ် ဖိနှိပ်တာကို ခံနေရသူတွေပါ။ နိုင်ငံသား ဖြစ်ခွင့်ကို တားဆီးထားတယ်။ သူတို့ ပိုင်မြေတွေ အသိမ်းခံရတယ်။ အစိုးရ စီမံကိန်းတွေမှာ အတင်းအကျပ် စေခိုင်းတာ ခံရတယ်။" ဟု Amnesty International မှ ဘန်ကောက် အခြေစိုက် သုတေသန ပညာရှင် Benjamin Zawacki က ပြောကြားလိုက်သည်။

"မြန်မာနိုင်ငံမှာ သူတို့ကို မကြိုဆိုဘူး၊ မလိုချင်ဘူး ဆိုတာကို ရိုဟင်ဂျာတွေ သေချာသိအောင် အစိုးရက ဒီအခြေအနေတွေ၊ ဖြစ်ရပ်တွေကို ဖန်တီးတာပါ။" ဟု ၎င်းက ဆက်လက် ပြောသည်။

ကုလသမဂ္ဂ၏ အဆိုအရ ဖိနှိပ်မှုများမှ လွတ်မြောက်ရေးအတွက် မြစ်ကို ဖြတ်ကူးကာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ဒုက္ခသည် စခန်းများသို့ ထွက်ပြေးသွားသောရိုဟင်ဂျာ ၃ သိန်းကျော် ရှိသည်ဟု သိရသည်။ ရိုဟင်ဂျာ ၇ သိန်းကျော်ခန့်မှာ မြန်မာနိုင်ငံတွင် နေထိုင်နေဆဲ ဖြစ်သည်။

မတရား စေခိုင်းမှုများ၊ ခြိမ်းခြောက် အနိုင်ကျင့်မှုများ၊ လယ်မြေ သိမ်းယူမှုများ၊ ခရီးသွားခြင်းကို ကန့်သတ်မှုများ၊ လက်ထပ်ခြင်းကို တားမြစ်မှုများနှင့် ကလေး သူငယ်များ တရားဝင် မှတ်ပုံတင်ခွင့် မရခြင်း စသည့် နာတာရှည် ဇာတ်လမ်းများကြောင့် Mr.Quintana က ၎င်း၏ ခရီးစဉ်တွင် ရခိုင်သို့ သွားရောက်ရန် ၎င်း၏ တောင်းဆိုမှုကို အစိုးရက တားမြစ်ခဲ့ခြင်း ဖြစ်သည်။

ရိုဟင်ဂျာများ လက်ထပ်ခွင့်ကို အစိုးရ အာဏာပိုင်များက ငြင်းဆန်မှုကြောင့် အများစုမှာ မွတ်စလင် ထုံးစံအတိုင်း အခမ်းအနားပြုလုပ်ပြီး အတူ နေထိုင်ကြသည်။ အဆိုပါ စုံတွဲများမှ မွေးဖွားလာသော ကလေးများမှာ မှတ်ပုံတင်ခွင့်၊ နိုင်ငံသား ဖြစ်ခွင့် မရကြပါ။ သက်သေခံ ဘာမျှ မရှိသည့် လူများ ဖြစ်အောင် ပြုလုပ်ထားခြင်းပင် ဖြစ်သည်။

Mr.Quintana သည် အဆိုပါ နိုင်ငံမဲ့ ကလေးများ၏ ကိစ္စကို နိုဝင်ဘာလက နောက်ဆုံး တင်သွင်းသော အစီရင်ခံစာတွင် ကုလသမဂ္ဂထံ တင်ပြခဲ့ပြီး ယခု ခရီးစဉ်တွင်လည်း အစိုးရ၏ ကိုယ်စားလှယ်များကို ထပ်မံ ဖိအားပေးခဲ့သော်လည်း ရလဒ် အနည်းငယ်မျှသာ ထွက်ပေါ်ခဲ့သည်။

"မှတ်ပုံတင်ခွင့် မရတဲ့ ကလေးတွေရဲ့ ကိစ္စက အရေအတွက် များလာတာနဲ့အမျှ ပြဿနာ ကြီးလာလိမ့်မယ်။" ဟု Mr. Lewa က ပြောသည်။ "ဒီကလေးတွေရဲ့ အနာဂတ်က ဘယ်မှာလဲ။ မှတ်ပုံတင် မရှိတော့ ခရီးသွားခွင့်၊ လက်ထပ်ခွင့် စတာတွေလည်း ရနိုင်မှာ မဟုတ်တော့ဘူး။ သူတို့ အားလုံး ဒုက္ခသည် အဆင့်ကို ရောက်လာလိမ့်မယ်။" ဟု ၎င်းက ဆိုသည်။

Mr.Quintana ၏ ရခိုင် ခရီးစဉ်သည် မြန်မာအစိုးရ၏ သိသိသာသာ လိုက်လျောမှု တစ်ခု ဖြစ်သည်။ "ကျွန်တော် ရခိုင်ကို မသွားခင် သတင်းရပ်ကွက် ပေါင်းစုံကနေ လွတ်လပ် ပွင့်လင်းတဲ့ သတင်းအချက်အလက်တွေ အများကြီး လက်ခံ ရရှိခဲ့ပါတယ်။ လက်ခံ ယုံကြည်နိုင်တဲ့ သတင်းတွေလည်း ဖြစ်ပါတယ်။" ဟု Mr. Quintana က ပြောခဲ့သည်။

အစီရင်ခံစာများတွင် တိုင်ကြားထားချက် အားလုံးကို သေချာစွာ စစ်ဆေးပေးရန် အချိန်မရခဲ့ပါ။ သို့ရာတွင် မြင်တွေ့ခဲ့ရသော အတိုင်းအတာအရ တိုင်ကြားချက်များသည် အနီးစပ်ဆုံး မှန်ကန်သည်ဟု ယုံကြည်ပါသည်။ ရခိုင် ခရီးစဉ်ကို သွားရောက်ခဲ့ခြင်းဖြင့် မြန်မာ မွတ်စလင်များ၏ အခက်အခဲများကို ကမ္ဘာက သိရှိအောင် ကူညီနိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အားလုံး ခြုံကြည့်ပါက ကုလသမဂ္ဂ ကိုယ်စားလှယ်သည် ၎င်း၏ ခရီးစဉ်နှင့် ပတ်သက်၍ ကျေနပ်ခဲ့ပုံ မရပါ။ "နိုင်ငံရေး အကျဉ်းသား ၂ဝဝဝ ကျော်ကို အစိုးရက မကြာခင် အချိန်အတွင်း လွှတ်ပေးဦးမှာ မဟုတ်ပါဘူး။ သူတို့ရဲ့ အကျဉ်းထောင်ထဲမှာ မတရား ဖမ်းဆီးထားတဲ့ အကျဉ်းသားတွေ မရှိဘူးလို့ အစိုးရက မျက်စိမှိတ် ငြင်းနေတုန်းပါပဲ" ဟု ၎င်းက ပြောသည်။

အကယ်၍ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို လက်ခံ ယုံကြည်စေလိုပါက ယခုနှစ် စီစဉ်ထားသော ရွေးကောက်ပွဲများ မတိုင်မီ နိုင်ငံရေး အကျဉ်းသား အားလုံးကို အစိုးရက လွှတ်ပေးစေရန် Mr.Quintana က လိုလားလျက် ရှိသည်။

"သူတို့တွေ (နိုင်ငံရေး အကျဉ်းသားများ) ဟာ ရွေးကောက်ပွဲမှာ ပါဝင်နိုင်မယ့် ပညာတတ်တွေ၊ စွမ်းရည် ရှိသူတွေ ဖြစ်ပြီး လေးစားလောက်တဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ် တစ်ခု ဖြစ်အောင် ကူညီ ကြလိမ့်မယ်လို့ အာဏာပိုင်တွေကို ကျွန်တော် ပြောခဲ့တယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

Mr.Quintana က မြန်မာနိုင်ငံသည် အချိန်တိုတို အတွင်း ပြောင်းလဲသွားလိမ့်မည်ဟု မျှော်လင့်ချက် ကြီးကြီး မထားခဲ့ပါ။

ရွေးကောက်ပွဲအတွက် ပြင်ဆင်နေမှုများ အပြည့်အဝ ဆောင်ရွက်ပြီးစီးနေသည့် အထောက်အထားများ ရှိနေသည့်တိုင်အောင် မြန်မာအာဏာပိုင်များက ရွေးကောက်ပွဲနှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေး ပြောဆိုလိမ့်မည် မဟုတ်ပါ။ ရွေးကောက်ပွဲကို ကြီးကြပ်မည့်သူ အားလုံးက ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို ပြင်ဆင် ဆောင်ရွက်နေဆဲ ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲ ဥပဒေ အချိန်မီ ပြီးစီးပါလိမ့်မည်ဟုသာ ပြောကြားလိမ့်မည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment