Transparency Myanmar

transparency.myanmar@gmail.com

မြန်မာ နယ်စပ်ဒေသတွင် ထိုင်းစစ်သားများ မြေမြှုပ်မိုင်း နင်းမိ၍ ဒဏ်ရာ ရရှိခဲ့ပြီးနောက် ထိုင်းစစ်တပ်က Tak ပြည်နယ် ဒေသနှင့် ထိုင်း-မြန်မာ နယ်စပ်ရှိ Moei မြစ်ကမ်း တစ်လျှောက်တွင် မိုင်းရှင်းလင်း ရှာဖွေရေး လုပ်ငန်းများကို အစွမ်းကုန် တိုးချဲ့ လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။

ထိုင်းစစ်တပ်မှ တပ်သား အချို့သည် မဲဆောက်ခရိုင် Thasailuad ကျေးရွာ အနီးတွင် မှောင်ခို ကုန်သွယ်မှု တိုက်ဖျက်ရေး အစီအစဉ်အရ ကင်းလှည့်စဉ် အတွင်း မိုင်းနင်းမိ ခဲ့ရာ ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ထိုင်း စစ်တပ်မှ တပ်ကြပ်ကြီး Wutthikorn Khamchum မှာ ညာဘက် ခြေတစ်ဖက် ဖြတ်တောက် ကုသလိုက်ရသည်။ Thawit Leumin နှင့် Thanapat Amthim တို့မှာ ဒဏ်ရာ အနည်းငယ်စီ ရရှိခဲ့ကြသည်။

Tak ပြည်နယ် အုပ်ချုပ်ရေးမှူး Samart Loifa က အဆိုပါ ဒေသတွင် နေထိုင်သော ကျေးရွာသူ ကျေးရွာသားများ အနေဖြင့် သတိကြီးစွာဖြင့် သွားလာကြရန်နှင့် သံသယ ဖြစ်ဖွယ်ရှိသည့် အရာများ တွေ့ရှိပါက အမြန်ဆုံး သတင်းပေးပို့ရန် အသိပေး ပြောဆိုထားကြောင်း ပြောကြားသည်။

အဆိုပါ မြေမြှုပ်မိုင်း ပေါက်ကွဲမှုမှာ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ အတွင်းသို့ မော်တော်ကားများ၊ မော်တော် ဆိုင်ကယ်များ မှောင်ခို တင်သွင်းမှု ပြုလုပ်နေကျ နေရာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ထိုင်းအစိုးရ အာဏာပိုင်များ၏ အဆိုအရ ယခု မြေမြှုပ်မိုင်း ထောင်သူများမှာ မှောင်ခိုသမားများ ဖြစ်နိုင်သည်။ ထိုင်းအစိုးရက ပုံစံသစ်ဖြင့် ချမှတ်လိုက်သော စည်းကမ်းချက်များကို မကျေနပ်သောကြောင့် ယခုကဲ့သို့ ပြုလုပ်ခြင်း ဖြစ်နိုင်သည်ဟု ထိုင်း အာဏာပိုင်များက ယုံကြည်လျက် ရှိကြသည်။

ထို့ပြင် ယခု လဆန်းပိုင်းကလည်း ထိုင်း-မြန်မာ နယ်စပ် ဒေသ တစ်လျှောက်တွင် ထိုင်း စစ်သားတစ်ဦးက မြေမြှုပ်မိုင်း တစ်ခုပေါ် တက်နင်းမိခဲ့ရာ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ သေးသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ထိုင်းတော်ဝင် တပ်မတော်၏ နာရူဆန် တိုက်ခိုက်ရေး တပ်ဖွဲ့မှ ဗိုလ်ချုပ် Sonthisal Wittaya- aneknan က ဒဏ်ရာ ရရှိခဲ့သော ရဲဘော် သုံးဦးကို သွားရောက် ကြည့်ရှုပြီး ပေါက်ကွဲမှု၏ အကြောင်း အရင်းများကိုပါ စတင် စစ်ဆေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း ထိုင်း အာဏာပိုင်များက နယ်စပ် ဒေသတွင် နေထိုင်သော ကျေးရွာသူ ကျေးရွာသားများအား မိမိတို့၏ မော်တော်ကား၊ ဆိုင်ကယ်နှင့် ယာဉ်ပစ္စည်းများကို ဂရုတစိုက် စောင့်ရှောက်ကြရန် တိုက်တွန်းခဲ့သည်။ အကြောင်းမှာ ထိုစဉ်က မော်တော်ယာဉ်နှင့် ဆိုင်ကယ် အတော်များများ ခိုးယူခံရသောကြောင့် ဖြစ်သည်။

လစဉ်ပုံမှန် ကျင်းပလေ့ရှိသော သတင်းစာ ရှင်းလင်းပွဲ၌ Tak ပြည်နယ် အုပ်ချုပ်ရေးမှူးက မြဝတီမြို့မှ မြန်မာ အာဏာပိုင်များသည် ယခုအခါ မူရင်း မှတ်ပုံတင် လိုင်စင် မပါရှိသော မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များကို မှတ်ပုံတင် ပေးလျက် ရှိသည်ဟု ပြောကြားသည်။

မြန်မာ အစိုးရ၏ အဆိုပါ လုပ်ရပ်ကြောင့် ထိုင်းနိုင်ငံမှ ဒေသခံများအပေါ် ထိခိုက် နစ်နာမှုများ ရှိကြောင်း၊ နောက်ဆက်တွဲ အနေဖြင့် ထိုင်း-မြန်မာ နယ်စပ် ဒေသတွင် နေထိုင်သော ထိုင်းနိုင်ငံသားများ၏ မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ ခိုးယူခံရမှုများ တိုးပွားလာကြောင်း ပြောကြားသည်။

Mizzima သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment