Transparency Myanmar

transparency.myanmar@gmail.com

The Oklahoma Daily, 24th February 2010

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ဆိုင်ရာ ရုန်းကန် ရင်ဆိုင်နေရမှုများနှင့် ပတ်သက်၍ Heroes Serving Humanity မှ အမှုဆောင် ဒါရိုက်တာ Thomas Van Dyke က အိုကလာဟိုမား ယူနီဗာစီတီ ကျောင်းသားများအား အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

မြန်မာစစ်တပ်သည် နိုင်ငံ အရှေ့ပိုင်းရှိ တိုင်းရင်းသား လူမျိုးစု များစွာကို သတ်ဖြတ်ရန် စနစ်တကျ ကျူးလွန်မှုများကို အကောင်အထည် ဖော်ရာတွင် ရွာများကို ပြောင်းရွှေ့ခိုင်းခြင်း၊ မုဒိန်းမှု ကျူးလွန်ခြင်း၊ နှိပ်စက် ညှင်းပန်းခြင်း၊ မြေမြှုပ်မိုင်းများ အသုံးပြုခြင်း စသော နည်းလမ်း အမျိုးမျိုးကို အသုံးပြုနေသည်ဟု ၎င်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ တစ်ခုလုံးသည် အကန့်အသတ်မဲ့ အကျဉ်းထောင် သဖွယ် ဖြစ်နေသည်ဟု Amnesty Council ၏ အဆိုကို ကိုးကား၍  Vam Dyke  က ပြောကြားခဲ့သည်။

မိန်းကလေးငယ်များမှာ မုဒိန်းမှု ကျူးလွန်ခံရခြင်း၊ လိင်ကုန် ကူးခံရခြင်း၊ နယ်စပ် တိုင်းရင်းသား ကျေးရွာများ မီးရှို့ ဖျက်ဆီးခံရခြင်း၊ ရွာသားများကို အတင်းအကြပ် နေရာရွှေ့ပြောင်းစေခြင်း စသော ကိစ္စများမှာ ကြားသိရသူတိုင်း အတွက် စိတ်မသက်မသာ ဖြစ်ရသည်ဟု ၎င်းက ပြောသည်။

နေရာ ရွှေ့ပြောင်းခံရသော ရွာသားများသည် မြန်မာစစ်တပ်က အမိန့်ပေးသော စခန်းများ ပတ်လည်ကို ခြံစည်းရိုးများ ကာရံပေးရသည်ဟုလည်း ဆိုသည်။

"ရွာသားတွေဟာ ကိုယ့် အကျဉ်းစခန်းကို ကိုယ် ပြန်ဆောက်ဖို့ အတင်းခိုင်းစေခြင်း ခံနေရပါတယ်။ စစ်တပ်က ပစ်သတ်မှာကို ကြောက်တော့ ခိုင်းတဲ့အတိုင်း လုပ်ကြ၊ သွားကြရတယ်" ဟု Van Dyke က ရှင်းပြသည်။

မြန်မာ စစ်တပ်၏ နည်းလမ်း ပေါင်းစုံဖြင့် နှိပ်စက်ခြင်းကို ခံနေရသော မြန်မာနိုင်ငံမှ ကလေးများ၊ အမျိုးသမီးများ၊ အမျိုးသားများ၏ ဓါတ်ပုံ အထောက်အထားများကို ဆလိုက်ဖြင့် ပြသရင်း Van Dyke က ပြောကြားရာတွင် သနားစရာ ပြည်သူများကို ကူညီရန် ၎င်း၏ အဖွဲ့အစည်းက ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေကြောင်းနှင့် မြန်မာ အစိုးရက ကယ်ဆယ် ထောက်ပံ့ရေး စီမံချက်များကို တားဆီး ပိတ်ပင်နေသည့် အတွက် လုပ်ရကိုင်ရ ခက်ခဲကြောင်း ပြောဆိုခဲ့သည်။

"ဒါကြောင့် ကျွန်တော်တို့က လျှို့ဝှက်ပြီး ဆောင်ရွက်နေပါတယ်။ ဥပဒေနဲ့ မညီပေမဲ့ နယ်စပ်ကို တရားမဝင် ဖြတ်ပြီး ကူညီဆောင်ရွက်နေတယ်" ဟု  Van Dyke  က ဆိုသည်။

Van Dyke သည် University of North Carolina တွင် ၁၂ နှစ်ကြာ ပါမောက္ခ အဖြစ် ဆောင်ရွက်ပြီးနောက် အလုပ်ထွက်ခဲ့ခြင်း ဖြစ်သည်။ အားနည်းသူများကို ကူညီရန် မိမိ၏ ပိုင်ဆိုင်မှုကို စွန့်လွှတ် ပေးဆပ်လိုသူများ ကမ္ဘာပေါ်တွင် ရှိနေသည်ကို သိရှိသည့် အားလျှော်စွာ ၎င်း၏ လုပ်ငန်းနှင့် ပတ်သက်၍ စိတ်တိုင်းကျ လုပ်ဆောင်နိုင်ခြင်း မရှိ သေးသည် ကိုလည်း နားလည် သဘောပေါက်ထားကြောင်း ၎င်းက ပြောကြားသည်။ မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများကို လေ့လာ သိရှိနိုင်ရန်နှင့် လူသားချင်း စာနာ ထောက်ထားသော ကယ်ဆယ်ရေး လုပ်ငန်းများ ထောက်ပံ့ရန် ရည်ရွယ်၍ ၂၀၀၉ ခုနှစ်တွင်  Heroes Serving Humanity ကို Vam Dyke  က စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ဝါရှင်တန် ဒီစီတွင် ဆွေးနွေးပွဲ တစ်ခုကို တက်ရောက်ခဲ့ရသောကြောင့် မြန်မာနိုင်ငံတွင် Van Dyke ၏ လုပ်ဆောင်မှုများကို သိရှိခဲ့ရပြီး Vam Dyke နှင့် တွေ့ဆုံကာ အနီးစပ်ဆုံး သတင်း အချက်အလက်များ ရရှိခဲ့သည်ဟု နိုင်ငံတကာနှင့် နယ်မြေဒေသ လေ့လာရေး အငယ်တန်း ပညာရှင် Melody Hollifield က ပြောကြားသည်။

"တကယ်လို့များ အိုကလာဟိုးမားကို လာဖို့ ဆန္ဒရှိတယ် ဆိုရင် မြန်မာနိုင်ငံ အကြောင်း လာရောက် ဟောပြောပေးဖို့ ကျွန်မတို့က ကမ်းလှမ်းခဲ့တာကို လိုလိုလားလား လက်ခံခဲ့ပါတယ်" ဟု Hollifield က ဆိုသည်။

"Van Dyke ရဲ့ လုပ်ဆောင်ချက်တွေကတော့ အံ့ချီး ဘနန်းပါပဲ" ဟု နိုင်ငံတကာ နယ်မြေဒေသ လေ့လာရေးနှင့် သတ္တဗေဒ ဒုတိယနှစ် ကျောင်းသူ Jessica Disteelhorst က ချီးကျူး ပြောဆိုလိုက်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment