Transparency Myanmar

transparency.myanmar@gmail.com

           တတိယနိုင်ငံ တစ်ခုခုသို့ သွားရောက်ရန် စောင့်ဆိုင်းနေကြရသော မလေးရှား နိုင်ငံရောက် မြန်မာ ဒုက္ခသည် ၈၀၀၀၀ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပေးရန် မလေးရှား အစိုးရက အလေးအနက် စဉ်းစားလျက် ရှိကြောင်း မလေးရှား ထိပ်တန်း သတင်း အေဂျင်စီ တစ်ခုက သတင်း ပေးပို့သည်။

ကွာလာလမ်ပူ အခြေစိုက် The Star သတင်းစာ အဆိုအရ မလေးရှား အစိုးရသည် မြန်မာ အများစု ပါဝင်သော ဒုက္ခသည် ရှစ်သောင်းခန့်အား အလုပ်လုပ်ကိုင်ခွင့် ပြုရန် အဆိုပြုမှုများ လက်ခံရရှိပြီးနောက် ပြည်ထဲရေး ဝန်ကြီးဌာန နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနတို့က အဆိုပါ ကိစ္စအတွက် ဆွေးနွေးရန် ပြင်ဆင်နေကြကြောင်း သိရသည်။

မလေးရှား ပြည်ထဲရေး ဝန်ကြီး Datuk Seri-muddin Tun Hussein က မလေးရှား၌ ယာယီ ခိုလှုံ နေထိုင်နေသော ဒုက္ခသည်များနှင့် ပတ်သက်၍ "သူတို့ကို အလုပ် ပေးလုပ်ဖို့ အဆိုပြုတဲ့ အကြံက မဆိုးပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အနေနဲ့ ရှုထောင့် ပေါင်းစုံကနေ ကြည့်ရပါလိမ့်မယ်။ ဆုံးဖြတ်ချက် မချခင် ဂယက်ရိုက် လာနိုင်မယ့် ကိစ္စတွေ အားလုံးကို ကြိုတင် ပြင်ဆင် ထားရပါမယ်။ ပြောရရင် ဒီကိစ္စ အပေါ်မှာ ကျွန်တော်တို့ ဝန်ကြီးဌာန တစ်ခုတည်း ဆုံးဖြတ်ချက် ချလို့ မရပါဘူး၊
နိုင်ငံခြားရေး ဝန်ကြီးဌာနတို့၊ တခြား နိုင်ငံခြား မစ်ရှင်တို့ စတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဆွေးနွေးသွားရမှာပါ" ဟု ပြောကြားသည်။

မလေးရှား အလုပ်သမား သမဂ္ဂ ကွန်ဂရက် (MTUC) နှင့် အခြားသော ပါတီများက ပြည်ပမှ အလုပ်သမားများ ထပ်မံ ခေါ်ယူမည့် အစား အဆိုပါ ဒုက္ခသည်များအား အလုပ်အကိုင် အခွင့်အလမ်းများ ပေးရန်၊ အထူးသဖြင့် အလုပ်သမား ပြတ်လပ်နေသော လုပ်ငန်းများတွင် အလုပ်ပေးရန် မလေးရှား အစိုးရအား တိုက်တွန်း ပြောဆို ထားသည်။

The Star သတင်းစာ အဆိုအရ အကယ်၍ မလေးရှား အစိုးရကသာ အဆိုပြုချက်ကို လက်သင့် ခံလိုက်ပါက နိုင်ငံတွင်း ဖြစ်ပေါ်နေသော လုပ်သား အင်အား လိုအပ်မှုကို ဖြေရှင်းပြီးသား ဖြစ်သွားနိုင်ကြောင်း၊ ထိုမျှမကသေးဘဲ မလေးရှား နိုင်ငံကိုလည်း လူသားချင်း စာနာ ထောက်ထားသော နိုင်ငံတစ်ခုအဖြစ် နိုင်ငံတကာ အသိုင်းအဝိုင်းက ရှုမြင်လာမည် ဖြစ်ကြောင်း သိရသည်။

UNHCR မှ ပြောခွင့်ရ ပုဂ္ဂိုလ် Yante Ismail က "မလေး အစိုးရက အခုလို ဒုက္ခသည်တွေရဲ့ ပြဿနာကို ဖြေရှင်းဖို့ အလေးအနက် စဉ်းစားနေတယ်ဆိုတဲ့ သတင်းကို ကြားရတာ UNHCR အနေနဲ့ အလွန်အမင်း ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်" ဟု ဧရာဝတီ သတင်းဌာနသို့ မလေးရှား နိုင်ငံတွင် ပြောကြားလိုက်သည်။ "ဒါဟာ မလေးရှားနိုင်ငံရဲ့ လုံခြုံရေး၊ စီးပွားရေး နဲ့ လူသားချင်း စာနာ ထောက်ထားရေး စတဲ့ ရေရှည် အကျိုးစီးပွားတွေအတွက် ဖြစ်လိမ့်မယ်လို့ ကျွန်တော်တို့က ယုံကြည်ပါတယ်။ အခုလို ဒုက္ခသည်တွေအတွက် တစ်စုံတစ်ရာ လုပ်ပေးဖို့ စီစဉ်နေတဲ့ မလေးရှား အစိုးရကို ကျွန်တော်တို့ကလည်း အထောက်အပံ့တွေ ပေးသွားမှာပါ" ဟု ၎င်းက ပြောသည်။

မလေးရှား နိုင်ငံရောက် မွန်လူမျိုး ဒုက္ခသည်တစ်ဦး ဖြစ်သူ Oug Kar Mon ဆိုသူက "ဒီမှာ မြန်မာ ဒုက္ခသည်တွေ အတော် များပါတယ်။ သူတို့မှာ အစားအသောက်လည်း ပြည့်ပြည့်စုံစုံ မရှိကြပါဘူး။ အပြင်ကို ထွက်ပြီး အလုပ်လည်း မရှာရဲကြပါဘူး။ မလေး အစိုးရရဲ့ အခု နောက်ဆုံး အစီအစဉ်က မြန်မာ ဒုက္ခသည်တွေအတွက် အတော့်ကို အထောက်အကူ ပြုလိမ့်မယ်လို့ ထင်ပါတယ်" ဟု ပြောကြားသည်။

မလေးရှား သတင်းစာ တစ်စောင် ဖြစ်သော The New Straits Times သတင်းစာက ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ရေးသားသော သတင်းအရ မလေး အစိုးရသည် UNHCR နှင့် ပူးပေါင်းပြီး ဒုက္ခသည်များအတွက် အသိအမှတ်ပြု ကတ်ပြားများ ထုတ်ပေးမည်ဟု ပြည်ထဲရေး ဝန်ကြီးဌာန အထွေထွေ အတွင်းရေးမှူး Datuk Seri Mahmood Adam က ပြောကြားကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်မှ လာသော ဒုက္ခသည် ကိုခိုင်မျိုးသူက "အခုလို မလေးရှားက ဒုက္ခသည်တွေအတွက် အစိုးရက ကြီးကြီးမားမား လုပ်ပေးတယ် ဆိုတာမျိုးကို အရင်တုန်းက မကြားဖူးခဲ့ပါဘူး" ဟု ပြောသည်။

မည်သို့ပင်ဆိုစေ မလေးရှား ရဲတပ်ဖွဲ့များသည် အသိအမှတ်ပြု ကတ်ပြား ကိုင်ဆောင်ထားသူများ အပါအဝင် မြန်မာ ဒုက္ခသည်ပေါင်း များစွာကို ဖမ်းဆီး ထိန်းသိမ်းလျက် ရှိသည်ဟု လူ့အခွင့်အရေး စောင့်ကြည့် လေ့လာသူများက ဆိုသည်။  အချို့သော ဖြစ်ရပ်များတွင် မလေးရှား ရဲများသည် မြန်မာ ဒုက္ခသည်များကို မဖမ်းဆီးမီ UNHCR ၏ ဒုက္ခသည် ကတ်ပြားများကို ဦးစွာ ဆုတ်ဖြဲပစ်လေ့ ရှိသည်ဟု သိရသည်။

လူ့အခွင့်အရေး အဖွဲ့အစည်းများ အဆိုအရ ဖမ်းဆီး ထိန်းသိမ်းထားသော စခန်းများတွင် ဒုက္ခသည်များသည် အစာရေစာ ကောင်းမွန်စွာ မရခြင်း၊ ကျဉ်းမြောင်းသော နေရာတွင် ကျပ်တည်းစွာ နေထိုင်ရခြင်း စသည်တို့နှင့် ရင်ဆိုင် နေကြရကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလတွင် မလေးရှား နိုင်ငံ အခြေစိုက် UNHCR ရုံးတွင် ဒုက္ခသည်ပေါင်း ၇၉၃၀၀ တိတိ မှတ်ပုံတင်ခဲ့ကြရာ ၎င်းတို့ အနက်မှ ၉၀ ရာခိုင်နှုန်းသည် မြန်မာနိုင် ငံသားများ ဖြစ်ကြသည်။ အများစုမှာ ချင်းနှင့် ရိုဟင်ဂျာ လူမျိုးများ ဖြစ်ကြသည်။

UNHCR က မိမိတို့ အနေဖြင့် ဒုက္ခသည်များကို တတိယ နိုင်ငံ တစ်ခုခုကို ပို့ပေးနိုင်ရေး၊ သို့တည်း မဟုတ် ၎င်းတို့၏ နိုင်ငံသို့ ပြန်နိုင်ရေးအတွက် ဆက်လက် တွန်းအားပေး ဆောင်ရွက် သွားမည်ဟု ဆိုသည်။

မလေးရှားမှ မြန်မာဒုက္ခသည် အများစုမှာ အမေရိကန် ပြည်ထောင်စု၊ ကနေဒါ၊သြစတြေးလျ၊ ပြင်သစ်၊ နယူးဇီလန်၊ ဆွီဒင်၊ ဖင်လန်၊ ဒိန်းမတ် နှင့် နော်ဝေ အပါအဝင် အခြားသော တတိယ နိုင်ငံများသို့ ပို့လွှတ်ခြင်း ခံခဲ့ရပြီး ဖြစ်သည်။

မလေးရှား နိုင်ငံ အစိုးရသည် ၁၉၇၅ ခုနှစ် မှစ၍ UNHCR နှင့် တွဲဖက်၍ လူသားချင်း စာနာ ထောက်ထားသော လုပ်ငန်းများကို လုပ်ကိုင်လာခဲ့သူ ဖြစ်သည်။

Irrawaddy သတင်းဌာန၏ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment