The Nation, 29th March 2010
အချို့က အားနည်းချက်များ ရှိနေသော ယခု ရွေးကောက်ပွဲမှ ရနိုင်သည်များကို မျှော်တွေး ကြသည်။ အချို့ကမူ ရွေးကောက်ပွဲသည် စစ်အစိုးရကို တရားဝင်အောင် လုပ်ပေးမည်ဟု ဆိုကြသည်။ တစ်ချိန်တည်းတွင်ပင် မြန်မာနိုင်ငံ၏ အနာဂတ်ကို နိုင်ငံတကာ အသိုင်းအဝိုင်းရော မြန်မာနိုင်ငံတွင်းတွင်ပါ မျှော်လင့်ချက် ကင်းမဲ့သည့် အယူအဆများ ထွက်ပေါ်နေသေးသည်။
စစ်အစိုးရ ခေါင်းဆောင်များသည် နိုင်ငံတကာ စနစ်များ၏ လည်ပတ်မှုများနှင့် ကတိပြုမှုများ၏ တန်ဖိုးကို ကောင်းစွာ နားလည်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် အချိန်တစ်ခု အထိ လိုက်လျောနေမည် ဖြစ်သော်လည်း၊ တစ်ချိန်တွင် ရှောင်ထွက်သွားတတ်သည်။
လက်ရှိ အမေရိကန်-မြန်မာ ဆက်ဆံရေးတွင် အမေရိကန် ပြည်ထောင်စု၏ မြန်မာနိုင်ငံ အပေါ် ထားရှိသော မူဝါဒနှင့် နျူကလီယာ မပြန့်ပွားရေး ကိစ္စများ တိုးတက်အောင် ဆောင်ရွက်ရန် စိတ်အား ထက်သန်မှု အပေါ် မြန်မာ အစိုးရ၏ လုပ်ဆောင်မှုကို ကြည့်ပါက သိရှိနိုင်သည်။
စစ်အစိုးရသည် ၁၉၉၀ ရွေးကောက်ပွဲတွင် ကြီးမားစွာ ခံစားခဲ့ရပြီး ဖြစ်ရာ ယခု ရွေးကောက်ပွဲတွင် ထို အမှားမျိုး ကျူးလွန်လိမ့်မည် မဟုတ်ပေ။ လွန်ခဲ့သော နှစ်ပေါင်း ၂၀ အတွင်း အစိုးရသည် နိုင်ငံရေး အရ ဖိနှိပ် ချုပ်ချယ်မှုများကို ပြည့်စုံ ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး လွန်ခဲ့သော ၅ နှစ် အတွင်း ၎င်း၏ လမ်းညွှန်မြေပုံ ခုနှစ်ချက်ကို မယိမ်းမယိုင် အကောင်အထည် ဖော်ခဲ့ပါသည်။ လမ်းညွှန်မြေပုံ၏ ကျန်ရှိသော နှစ်ချက် ဖြစ်သည့် ရွေးကောက်ပွဲနှင့် အစိုးရသစ် တစ်ခု ဖွဲ့စည်းခြင်းမှာ ယခုနှစ် အတွင်း အကောင်အထည် ပေါ်လာတော့မည် ဖြစ်သည်။
မြန်မာနိုင်ငံတွင်းရှိ မြန်မာ လူမျိုးများ၏ ခံစားချက်နှင့် အမြင်များသည် ရောထွေးလျက် ရှိသည်။ အချို့သော သူများသည် ရွေးကောက်ပွဲသည် အားနည်းချက်များ ရှိပြီး၊ သာမန်ထက် ပိုမို ဆိုးရွားနေသော်လည်း၊ လက်ရှိ မြန်မာနိုင်ငံ၏ လိပ်ခဲတည်းလည်း အခြေအနေကို ပြောင်းလဲရန် အခွင့်အရေး တစ်ခု အဖြစ် ရှုမြင်နေကြသည်။ ထိုသို့ အမြင်ရှိသော အသိုင်းအဝိုင်းသည် အစိုးရ အာဏာ ဆက်လက် လက်ကိုင်ထားနိုင်ရေး အတွက် ဘာမဆို လုပ်မည်ကို ကောင်းကောင်း နားလည်ထားပြီး၊ ယခု ရွေးကောက်ပွဲ အစီအစဉ် အတိုင်း ရှေ့သို့ ဆက်သွားလိုကြသည်။ ၎င်းတို့၏ မျှော်လင့်ချက်မှာ အစိုးရက ၎င်းတို့ စိတ်ကြိုက် ကိုယ်စားလှယ်များ ထည့်သွင်းစေဦးတော့၊ စစ်သား မဟုတ်သော ကိုယ်စားလှယ်များကို ခွင့်ပြုရလိမ့်မည် ဆိုသော အချက် ဖြစ်သည်။
အဆိုပါ အုပ်စု တွေးထင်ထားသော အခြား အချက်တစ်ခုမှာ အရပ်သား ကိုယ်စားလှယ်များ သည် နိုင်ငံရေး စိတ်ဓာတ်နှင့် အသိရှိခဲ့လျှင် မိမိအား ရွေးချယ်ပေးလိုက်သော ပြည်သူများ၏ လိုအပ်ချက်ကို ပြုလုပ်ပေးနိုင်လိမ့်မည် ပိတ်ဆို့နေသော အတွေးအခေါ်များကိုလည်း ဖယ်ရှားနိုင်လိမ့်မည် ဟု ထင်မြင်နေလျက် ရှိသည်။
သို့သော် ၎င်းတို့အား စိုးရိမ် ပူပန်စေသော အချက် တစ်ခုမှာ နာဂစ် ပြန်လည် ထူထောင်ရေး ကာလက ထွက်ပေါ်လာသော နိုင်ငံရေး ကွက်လပ်ကလေးမှာ ယခု ပြန်လည်ပိတ်သွားခြင်းပင် ဖြစ်သည်။ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ကယ်ဆယ်ရေး လုပ်ကိုင်သူများ ၎င်းတို့၏ အကူအညီပေးရေး လုပ်ငန်း စာချုပ်သည် လာမည့် ဇွန်လတွင် ပြီးဆုံးမည် ဖြစ်ပြီး ၎င်းတို့ပြန်သွားမှ ရွေးကောက်ပွဲကို ကျင်းပမည် ဖြစ်ရာ အံ့သြစရာ မကောင်းလှသည်မှာ အမှန် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် အစိုးရအား ဆန့်ကျင်သူများက ယခု ကျင်းပမည့် ရွေးကောက်ပွဲသည် ၁၉၈၈ ကတည်းက အပယ်ခံ စစ်အစိုးရ အတွက် လိုအပ်နေသော တရားဝင်မှုကို ပြုလုပ် ပေးလိမ့်မည် ဟု ငြင်းချက် ထုတ်နေကြသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမ အနေဖြင့် ရွေးကောက်ပွဲအား မထောက်ခံကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားထားပြီး ဖြစ်သည်။ သို့သော် သူမ၏ ပါတီ ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေးကိုမူ သူမ ဆုံးဖြတ်လိမ့်မည် မဟုတ်ဟု ဆိုသည်။ ပြည်ပတွင် နေထိုင်ကြသော မြန်မာများကလည်း ရွေးကောက်ပွဲကို ထောက်ခံရန် အကြောင်းမရှိဟု ပြတ်ပြတ်သားသား ပြောကြသည်။
နိုင်ငံတကာကလည်း မြန်မာနိုင်ငံအား ဆက်လက် ဖိအားပေးနေကြဆဲ ဖြစ်သည်။ အဓိက ပလေယာများသည် ၎င်းတို့၏ အရေးယူ ပိတ်ဆို့မှုများ အတွက် အချင်းချင်း ညီညီညွတ်ညွတ် ပူးပေါင်း ဆောင်ရွက်မှု မရှိသေးပေ။ အမေရိကန် ပြည်ထောင်စုနှင့် ဥရောပ သမဂ္ဂ ကသာ ၎င်းတို့၏ ရပ်တည်ချက် ခိုင်မာပြီး၊ ကျန်တိုင်းပြည်များမှာမူ စိတ်အားထက်သန်မှု မရှိကြချေ။
တရုတ်နှင့် အိန္ဒိယသည် စစ်အစိုးရနှင့် ၎င်းတို့၏ ဆက်ဆံရေးကြောင့် နိုင်ငံတကာက ရှုတ်ချနေသည့် ကြားမှ ၎င်းတို့၏ အဓိပ္ပာယ် မရှိသော zero- sum game ကို မြန်မာအစိုးရနှင့် ဆက်လက် ပြုလုပ်နေကြဆဲ ဖြစ်သည်။ တဖန် အာဆီယံကလည်း ကမ္ဘာ၏ မျက်လုံး ဒေါက်ထောက်ကြည့်မှုကို ခံရလိမ့်ဦးမည် ဖြစ်သည်။ အင်ဒိုနီးရှား၊ စင်ကာပူနှင့် ဖိလစ်ပိုင် တို့ကပါ ရွေးကောက်ပွဲ ဥပဒေကို ရှုတ်ချခဲ့ကြသည်။ အခြား တိုင်းပြည်များကမူ မြန်မာနိုင်ငံ၏ ခေါင်းမာမှုကို မသိကျိုးကျွံ ပြုနေခဲ့ကြသည်။ လက်ရှိ အာဆီယံ ဥက္ကဋ္ဌ တာဝန်ကို ယူထားသော ဗီယက်နမ်သည် လက်ရှိ မြန်မာ့နိုင်ငံရေး ပဋိပက္ခနှင့် ရွေးကောက်ပွဲသည် လာမည့် ဟနွိုင်းတွင် ကျင်းပမည့် အာဆီယံ ထိပ်သီး အစည်းအဝေး အစီအစဉ်တွင် ထိပ်ဆုံးက နေရာယူလာလိမ့်မည် ဆိုသည့် ကိစ္စနှင့် ပတ်သက်၍ တခွန်း တပါဒမျှ ပြောဆိုခြင်း မရှိချေ။
မြန်မာ အစိုးရ ခေါင်းဆောင်များကို ၎င်းတို့၏ ကျူးလွန်ခဲ့သော လူသားချင်း မစာနာသော ရာဇဝတ်မှုများ အတွက် နိုင်ငံတကာ တရားရုံးတွင် တင်ပို့ရေး ကိစ္စအပေါ် ယခု လက်ရှိ ကြိုးပမ်းချက်မှာ တိုးတက်မှုများ ရရှိနေပြီ ဖြစ်သည်။ မြန်မာနိုင်ငံတွင်းရှိ စစ်ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန် စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေး အတွက် ကုလသမဂ္ဂတွင် ဖိအားပေးလျက် ရှိသည်။
ထိုကိစ္စ အောင်မြင်ရေး အတွက် ကုလသမဂ္ဂနှင့် နိုင်ငံရေး အသိုင်းအဝိုင်းသည် ၎င်းတို့၏ ကြိုးပမ်းမှုများနှင့် ကတိကဝတ်များကို နှစ်ဆ မြှင့်တင်ရလိမ့်မည် ဖြစ်ပြီး သို့မဟုတ်ပါက မြန်မာ့ ပဋိပက္ခများကို အစ ဆွဲမထုတ်နိုင်၍ မျက်ရည် စက်လက်ဖြင့် နောက်လှည့်ပြန်ကြရလိမ့်မည် ဖြစ်သည်။
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.