Transparency Myanmar

transparency.myanmar@gmail.com

 

   ရုရှားနိုင်ငံ၊ မော်စကို မြို့လယ်ခေါင်ရှိ မြေအောက် ဘူတာရုံနှစ်ခုတွင် မတ်လ ၂၉ ရက် (တနင်္လာနေ့) နံနက်ပိုင်း လူသွားလူလာ များပြားသည့် အချိန်၌ အမျိုးသမီး အသေခံဗုံးခွဲသမား နှစ်ဦးက ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ လူပေါင်း ၃၅ ဦး သေဆုံးခဲ့ရကြောင်း ရုရှား အာဏာပိုင်များက အတည်ပြု ပြောဆိုသည်။      

"ဒါဟာ အမျိုးသမီး အသေခံ ဗုံးခွဲသမားတွေက ပြုလုပ်တဲ့ အကြမ်းဖက် တိုက်ခိုက်မှု တစ်ရပ်ပါပဲ။ သူတို့တတွေက ဘူတာထဲကို ရထားဝင်လာမယ့် အချိန်မှာ အချိန်ကိုက် ဖောက်ခွဲခဲ့ကြတယ်။ ထိခိုက်သေဆုံးမှု ပိုမိုများပြားအောင် လုပ်ခဲ့ကြတာပါ" ဟု မော်စကိုမြို့တော်ဝန် Yury Luzhkov က ရုရှားထောက်လှမ်းရေး အေဂျင်စီမှ ရသော သတင်း အချက်အလက်များကို ကိုးကားပြီး ပြောဆိုသည်။

 "၃၀၀ ကနေ ၄၀၀ ဂရမ်အထိ ရှိတဲ့ ဖောက်ခွဲရေး ပစ္စည်းတွေကို အသုံးပြုပြီး ဖောက်ခွဲခဲ့ကြတာပါ" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုသည် မိမိတို့၏ လုပ်ရပ်ဖြစ်ကြောင်း ချေချင်း ခွဲထွက်ရေး သမားများက ၎င်းတို့၏ ဝက်ဆိုက်ဘ်မှ တစ်ဆင့် အသိပေး ပြောဆိုသည်။ ချေချင်းဒေသသည် ရုရှားနိုင်ငံပိုင် နယ်နိမိတ်ထဲမှ ဒေသတစ်ခု ဖြစ်ပြီး ပင်လယ်နက်နှင့် ကက်စပီယံ ပင်လယ်အကြားတွင် တည်ရှိသည်။

မြေအောက် ဘူတာရုံတွင်း ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်သော အပျက်အစီးများကို ကယ်ဆယ်ရေး အဖွဲ့များက ရှင်းလင်းလျက် ရှိကြောင်း ရုရှား ရုပ်သံမီဒီယာများက ရိုက်ကူး ဖော်ပြသည်။

"လောလောဆယ် ကျွန်တော်တို့ စုံစမ်း ဖော်ထုတ်ချက်တွေ အရ ပြောရရင် ဒီလုပ်ရပ်ဟာ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပြီး မြောက်ကော့ကေးဆပ် ဒေသက အကြမ်းဖက်အုပ်စုရဲ့ လက်ချက် ဖြစ်ပါတယ်" ဟု ရုရှား Federal Security Service မှ Alexander Bortnikov က ပြောဆိုသည်။

"အသေခံ ဗုံးဖောက်ခွဲရေး သမားတွေရဲ့ အလောင်းတွေကို ရှာဖွေ တွေ့ရှိပါတယ်။ ကနဦး စုံစမ်း ဖော်ထုတ်မှုတွေအရ ပြောရရင် သူတို့ဟာ ကော့ကေးဆပ်ဒေသ မြောက်ပိုင်း က အကြမ်းဖက် သမားတွေပါ" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

အဆိုပါ အသေခံ ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူပေါင်း ၃၅ ဦး သေဆုံးပြီး ၆၅ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ရုရှားအရေးပေါ် အခြေအနေများ ဆိုင်ရာ ဝန်ကြီးဌာနက ဆိုသည်။ ပထမပေါက်ကွဲမှုမှာ ရုရှား စံတော်ချိန် နံနက် ၇ နာရီ ၅၆ မိနစ်တွင် ဖြစ်ပွားခဲ့ပြီး လူပေါင်း ၂၃ ဦး သေဆုံးခဲ့ကြောင်း၊ ဒုတိယ ပေါက်ကွဲမှုမှာ နောက်ထပ် မိနစ် ၄၀ အကြာတွင် ဖြစ်ပွားကာ လူပေါင်း ၁၂ ဦး သေဆုံးခဲ့သည်။ ပထမ ပေါက်ကွဲမှုတွင် ၁၈ ဦး ဒဏ်ရာရရှိပြီး ဒုတိယပေါက်ကွဲမှုတွင် ဒဏ်ရာရသူ ဦးရေမှာ ၂၀ ကျော် ဖြစ်သည်။

 ဒဏ်ရာ ရရှိသူများကို မော်စကိုရှိ ဆေးရုံး သုံးခုတွင် ကုသလျက် ရှိသည်ဟု ဆိုသည်။

ရုရှားနိုင်ငံတွင် တစ်နေ့လျင် လူပေါင်း ငါးသိန်းခန့် မက်ထရို မြေအောက်ရထား အသုံးပြု စီးနင်းလျက် ရှိသည်။ ချေချင်း ခွဲထွက်ရေး သမားများသည် ရုရှားနိုင်ငံမှ ခွဲထွက်ရေးအတွက် ၁၉၉၁ ခုနှစ်ကတည်းက စတင် တိုက်ပွဲဝင်ခဲ့ကြသည်။ ရုရှားအစိုးရနှင့် ချေချင်းတို့အကြား ဖြစ်ပွားသော ပဋိပက္ခကြောင့် လူထောင်ပေါင်း များစွာ သေဆုံးခဲ့ပြီး ချေချင်းပြည်သူ ငါးသိန်းခန့်မှာ နေရာ ရွှေ့ပြောင်း ခဲ့ကြရသည်။

BBC သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

0 comments:

Post a Comment