Transparency Myanmar

transparency.myanmar@gmail.com

မြန်မာစစ်အစိုးရနှင့် စေ့စပ်ညှိနှိုင်းရေး ဟူသော ဝါရှင်တန် အစိုးရ၏ မူဝါဒသည် မည်သည့် အကျိုးအမြတ် တစ်စုံတစ်ရာကိုမှ ထုတ်ဖော်နိုင်ခြင်း မရှိခဲ့ကြောင်း အမေရိကန် သံတမန် များက အတိုက်အခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို အသိပေး ပြောဆိုလိုက်သည်။

ရန်ကုန် အခြေစိုက် အမေရိကန်သံရုံးမှ သံတမန်နှစ်ဦးသည် ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရှိ NLD အဖွဲ့ချုပ်သို့ သွားရောက်ကာ မြန်မာ စစ်အစိုးရက ထုတ်ပြန်ထားသော ရွေးကောက်ပွဲ ဥပဒေများ အပေါ် ဝါရှင်တန်အစိုးရက အလွန်အမင်း စိတ်ပျက်လျက် ရှိသည်ကြောင်း ပြောဆိုခဲ့သည်။

"မြန်မာ စစ်အစိုးရနဲ့ စေ့စပ်ညှိနှိုင်းရေး မူဝါဒဟာ အခုအချိန်အထိ ဘာတစ်ခုမှ အကောင်အထည် မဖော်နိုင်ဘူးလို့ သူတို့က ဝန်ခံ ပြောဆိုခဲ့ကြပါတယ်" ဟု NLD ၏ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးက ပြောကြားသည်။

အမေရိကန် သံတမန်များက ဝါရှင်တန် အစိုးရ၏ သဘောထားကို ထုတ်ဖော် ပြောဆိုမှုသည် NLD ပါတီက ၎င်းတို့အနေဖြင့် ဒီမိုကရေစီ ဖော်ဆောင်ရာတွင် ပျက်ကွက်မှု ရှိခဲ့သည့်အတွေက် ရိုးသား ပွင့်လင်းစွာ တောင်းပန်ပါကြောင်း ကြေညာချက် ထုတ်ပြန်မှု နှင့် တိုက်ဆိုင်နေသည်ကို တွေ့ရသည်။ အမျိုးသား ဒီမိုကရေစီပါတီက မိမိတို့အနေဖြင့် ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ကြောင်း မတ်လကုန်ပိုင်းက အတိအလင်း ထုတ်ဖော်ခဲ့သည်။ သို့အတွက်ကြောင့် NLD သည် ရွေးကောက်ပွဲ ဥပဒေအရ တရားဝင် ပါတီအဖြစ်မှ ပယ်ဖျက်ခံရတော့မည် ဖြစ်သည်။

NLD က ကြေညာချက် ထုတ်ပြန်ရာတွင် နှစ်ပေါင်း ၂၀ တိုင်အောင် စစ်အစိုးရနှင့် ဒိုင်ယာလော့ခ် ပြုလုပ်ရန် ကြိုးပမ်းမှုသည် လည်းကောင်း၊ ဒီမိုကရေစီ ဆန်သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရန် ကြိုးပမ်းမှုသည် လည်းကောင်း လုံးလုံးလျားလျား မအောင်မြင်ခဲ့ကြောင်း ဖော်ပြထားသည်။

NLD နှင့် အမေရိကန် အစိုးရတို့၏ မြန်မာနိုင်ငံအပေါ် ဝန်ခံ ပြောဆိုချက်များကို ကြည့်လျှင် စစ်အစိုးရ၏ သဘောထား တင်းမာမှုများကို အထင်းသား တွေ့မြင်နိုင်သည်။ စစ်အစိုးရသည် ရွေးကောက်ပွဲ အပြီး ထွက်ပေါ်လာမည့် အရပ်သား အစိုးရ လက်အောက်တွင် စစ်အာဏာရှင် စနစ်ကို သက်တမ်း ဆက်ရန် ကြိုးပမ်းနေပုံ ရသည်။

ဝါရှင်တန် အစိုးရ အရာရှိကြီးများနှင့် အကြိမ်ကြိမ် တွေ့ဆုံခဲ့သည့် သြစတြေးလျ အခြေစိုက် စီပွားရေး ပညာရှင် Sean Turnell က ပြီးခဲ့သည့် စက်တင်ဘာလ ကတည်းက အမေရိကန် အစိုးရက မြန်မာနိုင်ငံအပေါ် ထားရှိသော မူဝါဒများ သိသိသာသာ ပြောင်းလဲလာကြောင်း ပြောဆိုသည်။

"အခုဆိုရင် အမေရိကန် အစိုးရဟာ မြန်မာ စစ်အစိုးရကိစ္စနဲ့ ပတ်သက်ပြီး ဒေါသထွက်ရမယ့် အနေအထားကို ရောက်နေပါပြီ။ သူတို့ရဲ့ ခံစားချက်၊ စေတနာကို ရိုက်ချိုးလိုက်သလို ဖြစ်နေလို့ပါ။ သူတို့ဘက်က လိုက်လျောတာတွေ ရှိခဲ့ပေမယ့် ဘာမှ ပြန်မရခဲ့လို့ပါ" ဟု ပြောသည်။

ဝါရှင်တန် အစိုးရသည် ပြီးခဲ့သည့် စက်တင်ဘာလတွင် မြန်မာ စစ်အစိုးရနှင့် စေ့စပ် ညှိနှိုင်းမှုများ ပြုလုပ်ရန် ကြိုးစားသွားမည်ဟု မူဝါဒသစ် တစ်ရပ်ကို ကြေညာခဲ့သည်။ သို့သော်လည်း ထိုမူဝါဒက ရလဒ် အနည်းငယ်ကိုသာ ဖော်ထုတ်နိုင်ခဲ့သည်။ ထို့အတူ NLD က ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည့် လုပ်ရပ်သည်လည်း ရှုပ်ထွေးမှုများစွာ ဖြစ်ပေါ်စေခဲ့သည်။ အချို့သော သုံးသပ် လေ့လာသူများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းမှ လူအများစုက NLD ၏ လှုပ်ရှားမှုကို ထောက်ခံ ကြိုဆိုသော်လည်း အချို့က NLD အနေဖြင့် အသွင် ကူးပြောင်းရေး ကာလတွင် ပါဝင်ကာ အကျိုးအမြတ် ရယူသင့်သည်ဟု သုံးသပ် ပြောဆိုကြသည်။

Irrawaddy သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment