Transparency Myanmar

transparency.myanmar@gmail.com

Irrawaddy News, By Simon Roughneen, 8th April 2010

ချက်သမ္မတ နိုင်ငံသည် ကုလသမဂ္ဂ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူးအရာရှိ Tomas Ojea Quintana တင်ပြသော အကြံပြုချက်ကို ထောက်ခံသည့် တတိယမြောက် နိုင်ငံ ဖြစ်လာခဲ့ပြီး ထိုအကြံပြုချက် အရ မြန်မာနိုင်ငံတွင်းမှ လူသားမျိုးနွယ် အပေါ် ကျူးလွန်သော ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများ အပေါ် စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေး အတွက် လုံခြုံရေး ကောင်စီအား လေ့လာ သုံးသပ်ရန် တိုက်တွန်းထားသည်။

"စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းဖို့ ဖြစ်နိုင်ချေကို အသေအချာ လေ့လာ သုံးသပ်သင့်တယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်" ဟု ဧရာဝတီသို့ ပေးပို့သော ကြေညာချက်တွင် ချက် နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားသည်။

တိုင်းရင်းသား မျိုးနွယ်စု အရပ်သားများ အပေါ် နိုင်ငံရေး ဖိနှိပ် ချုပ်ချယ်မှုနှင့် စစ်ရေး တိုက်ခိုက်မှုများ ကြီးမားစွာ အဆက်မပြတ် ဖြစ်ပွားနေမှုကြောင့် ရောမမြို့ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး ဥပဒေ စည်းမျဉ်းများက သတ်မှတ်ထားသည့် နိုင်ငံတကာ ရာဇဝတ်မှုများတွင် အကျုံးဝင်လျက် ရှိသည်ဟု ကြေညာချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံတွင် အန္တရာယ် ကြီးမားသော လူ့အခွင့်အရေး ချိုးဖောက်မှုများ အဆက်မပြတ် ဖြစ်ပွားနေသောကြောင့် စိုးရိမ် ပူပန်မှုများ ရှိနေကြောင်း နှင့် မြန်မာ အစိုးရ၏ ဒီမိုကရေစီ လမ်းညွှန် မြေပုံ အကျိုး သက်ရောက်မှုမှာလည်း မေးမွန်း ထုတ်စရာ ဖြစ်နေသည်ဟု ဆက်လက် ဖော်ပြထားသည်။

တစ်ချိန်တည်းတွင်ပင် ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် Free Burma Rangers FBR နှင့် မိတ်ဆွေများက ထုတ်ပြန်သော အစီရင်ခံစာကို ကိုးကား၍ ဒေါ်အောင်ဆန်းစုကြည်အား ထင်ရှားစွာ ထောက်ခံသူ ချက်သမ္မတဟောင်း Vaclav Havel ကလည်း ကြေညာချက် တစ်စောင် ထုတ်ပြန်သည်။ FBR က ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်သော အစီရင်ခံစာကို "နေစရာမဲ့ ကလေးသူငယ်များ" ဟု ခေါင်းစဉ် ပေးထားပြီး နိုင်ငံ အရှေ့ပိုင်းရှိ အစိုးရ စစ်တပ်များ၏ လက်ထဲတွင် ကလေးသူငယ်တို့၏ ဘဝမှာ သေဆုံးခြင်း၊ ပျက်စီးခြင်း၊ ဆုံးရှုံးခြင်း၊ လစ်လျူရှု ခံရခြင်းများဖြင့် ထိခိုက် ခံစားနေရမှုများကို ဖော်ပြထားသည်။

ယင်း အစီရင်ခံစာကို ကိုးကား ထုတ်ပြန်သော Havel ၏ ကြေညာချက်တွင် "မြန်မာ အာဏာပိုင်များက ၎င်းတို့၏ ပြည်သူများ အပေါ် ရက်စက် ကြမ်းကြုတ်မှုများကို လွတ်လွတ်လပ်လပ် ပြုမှုနေပုံကို ထိတ်လန့် တုန်လှုပ်မိသည်။ အနေအထားများ အဆိုးဆုံးသို့ ရောက်ရှိနေသည်ကိုလည်း အမှန်တကယ် စိုးရိမ် နေသည်။ အဆိုပါ အကြမ်းဖက် တိုက်ခိုက်မှုများမှာ အစိုးရက ရွေးကောက်ပွဲ အတွက် ပြင်ဆင်မည့် နှစ်ကုန်ပိုင်းတွင် ပိုဆိုးလာမည် ဖြစ်သည်။ ရွေးကောက်ပွဲ ရလဒ်များကိုလည်း ပြည်သူများက ဆုံးဖြတ်မည် မဟုတ်ဘဲ ၎င်းတို့ (အစိုးရ) ကသာ ဆုံးဖြတ်မည် ဖြစ်သည်" ဟု ဖော်ပြ ပါရှိသည်။

Havel က ၎င်း၏ ကြေညာချက်တွင် ဆက်လက်၍ "မြန်မာ ပြည်သူများမှာ ယနေ့အထိ ခံစားနေရဆဲ ဖြစ်သည်။ အဖိနှိပ် ခံရသူများဘက်မှ ရပ်တည်ရမည်မှာ မိမိတို့ တာဝန် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည် ရရှိမည်" ဟု မိမိ မျှော်လင့်သည်။ တိုင်းရင်းသား ပြည်သူများသည် မြန်မာနိုင်ငံ၏ အနာဂတ် နိုင်ငံရေးတွင် ရင်းနှီး မြှုပ်နှံထားမှုကြောင့် ထိုကလေးသူငယ်များ ကြီးပြင်းလာသည့်အခါ လွတ်လပ်၍ ပြည့်စုံသော ဘဝများ ဆီသို့ ဦးဆောင် နိုင်လိမ့်မည် ဟု ပြောကြားထားသည်။

ယခု သတင်းကို ကြိုဆိုလိုက်သော Burma UK Campaign မှ ဒါရိုက်တာ Mark Farmaner က "စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရန် တောင်းဆိုပြီးနောက် စစ်မှန်သော လှုပ်ရှားမှုဖြင့် အရှိန်မြှင့် နိုင်ခဲ့သည်" ဟု ပြောကြားခဲ့သည်။

Mr. Ojea Quintana ၏ အကြံပြုချက်ကို သြစတြေးလျ နှင့် ဗြိတိန်က ထောက်ခံ ခဲ့ပြီးနောက် ယခု တတိယနိုင်ငံ အဖြစ် ချက်သမ္မတနိုင်ငံက ကြေညာချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ ဘန်ကောက်မှ နိုင်ငံရေး ကောင်စစ်ဝန် George Kent ၏ အစီရင်ခံစာကို ကိုးကား၍ အမေရိကန် ကလည်း "Quintana ၏ အကြံပြုချက်မှာ နီးစပ်လာပုံ ရသည်" ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရေး လောကကို အဓိက လွှမ်းမိုးထားသော နိုင်ငံရေး ပါတီ ဖြစ်သည့် NLD က လာမည့် ရွေးကောက်ပွဲ အတွက် မှတ်ပုံတင်ရန် ငြင်းဆန်ခဲ့ပြီး ရက် အနည်းငယ် အကြာတွင် "ချက်" နိုင်ငံ၏ ကြေညာချက် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ရည်ညွှန်း၍ "အခု ရွေးကောက်ပွဲဟာ သူ့ရဲ့ အာဏာရှင် အုပ်ချုပ်ရေး တရားဝင်အောင် လုပ်တဲ့ ရွေးကောက်ပွဲ အတု ဆိုတာထက် ပိုစရာ မရှိပါဘူး" ဟု ပြောကြားခဲ့သူ Farmaner က ဆက်လက်၍ "သူဟာ ရာဇဝတ်သား တစ်ယောက် ဖြစ်ပြီး သံတိုင်တွေ နောက်မှာ ရောက်နေသင့်တဲ့ လူတစ်ယောက်ပါ။ နိုင်ငံတကာ အသိုင်းအဝိုင်းက တပ်လှန့် နှိုးဆော်မယ့် အချိန်က ဒီနှစ်ထဲမှာ ရောက်လာလိမ့်မယ်" ဟု ပြောဆိုခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment