Transparency Myanmar

transparency.myanmar@gmail.com

Straitstimes.com, 8th April 2010

ဒေသတွင်း အာဆီယံ ညီလာခံတွင် တွေ့ဆုံ စည်းဝေး နေကြသော အာဆီယံ ဝန်ကြီးများက မြန်မာနိုင်ငံ၏ အငြင်းပွားဖွယ် ရွေးကောက်ပွဲ အစီအစဉ်များ အပေါ် ဝိုင်းဝန်း မေးမြန်း ခဲ့ကြသော်လည်း စစ်ဖက် အုပ်ချုပ်သူများကို အပြစ်တင်သည့် အဆင့်အထိ မရောက်ရန် ရပ်ဆိုင်းခဲ့ကြသည်ဟု ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

ဆယ်စုနှစ် နှစ်စု အတွင်း ပထမဆုံး ရွေးကောက်ပွဲများကို ယခုနှစ်ကုန်တွင် ကျင်းပရန် မြန်မာနိုင်ငံက စီစဉ်နေသော်လည်း ၎င်းတို့ ထုတ်ပြန်သော ဥပဒေသစ်များက အထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်နိုင်အောင် ထိရောက်စွာ တားဆီး ထားသဖြင့် သူမ၏ ပါတီက ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများသည် ညီလာခံ မတိုင်မီ ဗုဒ္ဓဟူးနေ့ ညနေတွင် တွေ့ဆုံခဲ့ကြပြီး လွတ်လပ် မျှတသော ရွေးကောက်ပွဲများ ကျင်းပရေး ကိစ္စကို မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်း နှင့် ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

"ကျွန်တော်တို့ သူ့ကို အပြစ် မတင်ခဲ့ပါဘူး။ ဆရာလည်း မလုပ်ဘူး။ ဘာလုပ်ရမယ် ဆိုတာမျိုးလဲ မပြောခဲ့ဘူး။ အကဲခတ် လေ့လာတာနဲ့ အကြံပြုတာလောက်ပဲ ကျွန်တော်တို့ လုပ်ခဲ့ပါတယ်။ သူကလည်း ကောင်းကောင်းမွန်မွန် လက်ခံ မှတ်သားပါတယ်" ဟု စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီး George Yeo က ပြောကြားခဲ့သည်။

Mr. Yeo က ဆက်လက်၍ "လာမယ့် လတွေကတော့ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ ကာလ ဖြစ်လိမ့်မယ်၊ နောက်ဆုံးမှာတော့ မြန်မာနိုင်ငံမှာ ဘာဖြစ်မှာလဲ ဆိုတာကို မြန်မာ ပြည်သူတွေပဲ ဆုံးဖြတ်ရမှာပါ။ ကျွန်တော်တို့က အပြင်လူပါ။ တိုးတက်မှုတွေကို အမြန်ဆုံး လုပ်ဆောင် ကြလိမ့်မယ်လို့ပဲ ကျွန်တော်တို့ မျှော်လင့်ပါတယ်" ဟု ပြောကြားသည်။ ရွေးကောက်ပွဲ ဥပဒေ အရ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် ရွေးကောက်ပွဲ ဝင်လိုပါက ပြစ်ဒဏ်ကျခံ နေရသော သူမအား ပါတီမှ ထုတ်ပယ်ရန် လိုအပ်သည်။

"အာဆီယံ အဖွဲ့က မြန်မာနိုင်ငံ ဘာလုပ်ချင်သလဲ ဆိုတာကို အပြည့်အဝ ထုတ်ဖော် ပြောကြားခွင့် ပေးထားခဲ့ပါတယ်" ဟု အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်က ပြောကြားခဲ့သည်။ သို့ရာတွင် ၎င်းတို့၏ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းများက အာဆီယံကို ဆက်လက်၍ စိတ်ပျက် လက်ပျက် ဖြစ်စေသည့် ကိစ္စကိုလည်း စစ်ဗိုလ်ချုပ်များအား အသိပေးခဲ့သည်ဟု "ဆူရင်" က ဆက်လက် ပြောဆိုသည်။

အင်ဒိုနီးရှားသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေး ပျက်ကွက်မှု အပေါ် အများဆုံး ဝေဖန်ခဲ့သော အာဆီယံ အဖွဲ့ဝင် နိုင်ငံ ဖြစ်ပြီး နိုင်ငံခြားေးရး ဝန်ကြီး နာတာလီဂါဝမ် ကလည်း မြန်မာ အစိုးရအား လွတ်လပ် မျှတသော ရွေးကောက်ပွဲ ကျင်းပပါမည်ဟု ပေးထားသော ကတိကို စောင့်စည်းရန် တောင်းဆိုထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment