Transparency Myanmar

transparency.myanmar@gmail.com

DVB, By Francis Wade, 7th April 2010

မြန်မာ အစိုးရသည် လက်ရှိ လပိုင်းများ အတွင်း နိုင်ငံပိုင် လုပ်ငန်းများကို ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များထံ အပြောင်ရှင်း ရောင်းထုတ်ခြင်း နှင့်အတူ မြန်မာနိုင်ငံ၏ စီးပွားရေး ပုံစံတွင် ကြီးမားသော ပြောင်းရွှေ့မှု ဖြစ်ပေါ်လျက် ရှိသည်။ ရုန်းကန် နေရသော စီးပွားရေးကို ပြောင်းလဲရန် ကြိုးစားမှု အဖြစ် အချို့ အကဲခတ်များက ရှုမြင်ကြသလို အချို့ကလည်း ရွေးကောက်ပွဲ အပြီး တက်လာမည့် အစိုးရ၏ မျိုးစေ့များကို လက်ဦးမှု ရယူ ပျိုးကြဲခြင်း ဖြစ်သည်ဟု အပြစ်တင်ကြသည်။

အကြောင်းရင်းများ မည်သို့ပင် ကွဲပြားနေသော်လည်း လက်ရှိ အစိုးရ ဝန်ကြီးများနှင့် အပေါင်းအပါများသည် ရွေးကောက်ပွဲလွန် ကာလတွင် ၎င်းတို့ အတွက် အနေမချောင်နိုင်ဟု ခံစားနေရကြောင်း၊ အားလုံးသော အချက်အလက်များက ညွှန်ပြနေသည်ဟု သြစတြေးလျား Macquarie University မှ မြန်မာ့ရေးရာ စီးပွားရေး ကျွမ်းကျင်သူ Sean Turnell က DVB သို့ ပြောကြားလိုက်သည်။

မေး     - မြန်မာနိုင်ငံမှာ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး အစီအစဉ်ကို ကမန်းကတန်း ပြုလုပ်နေပါတယ်။ ဒီဖြစ်စဉ်ရဲ့ နောက်ကွယ်က အကြောင်းရင်းတွေက ဘာတွေများလဲ။

ဖြေ     - အကြောင်းရင်း နှစ်ချက်၊ သုံးချက်လောက် ရှိတယ်လို့ ယူဆပါတယ်။ ပထမ တစ်ချက်ကတော့ ဝေစု ခွဲကြတာပါပဲ။ အားလုံး သိတဲ့အတိုင်း ရွေးကောက်ပွဲ ပြီးရင် လက်ရှိ အစိုးရပဲ ပြန်တက်လာမယ် ဆိုပေမယ့် အစိုးရ အဖွဲ့ဝင် တစ်ဦးချင်း အတွက်တော့ သူတို့ရဲ့ နေရာနှင့် မိသားစု စီးပွားရေး အနေအထားက မသေချာတော့ပါဘူး။ ဒါ့ကြောင့် အနာဂတ် စီးပွားရေး လုပ်ငန်း အချို့ကို ဆွဲယူချင်ကြတာပါ။ ယူနိုင်တုန်းမှာ ယူနိုင်သလောက် ယူကြတာပေါ့။ အစိုးရ အဖွဲ့ဝင်တွေပဲ ဖြစ်ဖြစ်၊ သူတို့နဲ့ နီးစပ်တဲ့ စီးပွားရေးသမားတွေပဲ ဖြစ်ဖြစ်၊ ရွေးကောက်ပွဲ အပြီးမှာ တစ်ဦးချင်း အခြေအနေ ကောင်းဖို့ သေချာတဲ့လူ မရှိပါဘူး။

          နောက်တစ်ချက်ကတော့ ကျွန်တော်တို့ ရထားတဲ့ သတင်းတွေ အရ လောလောဆယ် အစိုးရက ငွေလိုနေတယ်လို့ သိရပါတယ်။ ကြံ့ခိုင် ဖွံ့ဖြိုးရေး အသင်းနဲ့ တခြား အစိုးရ ထောက်ခံတဲ့ ပါတီတွေကို ရန်ပုံငွေ ထောက်ပံ့ နေရတာကြောင့် ခဏတဖြုတ် လိုတာ ဖြစ်ဖို့ များပါတယ်။ ဒါပေမယ့် အစိုးရက ကမ်းလွန် ဓာတ်ငွေ့ ရောင်းတဲ့ ပိုက်ဆံတွေ ရနေတာ ဆိုတော့ ပြည်တွင်း ဘဏ္ဍာရေး အနေအထားက ခုချိန်ထိ မဆိုးလှဘူးလို့ ပြောရမယ်။ ရွေးကောက်ပွဲ အတွက် ပြည်သူတွေကို မျိုးစုံ လာဘ်ထိုးရလို့ လိုတာလောက်တော့ ဂရုစိုက်စရာ မလိုလှဘူး။

          တတိယ တစ်ချက်ကတော့ တိုးတက်တဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲရေး အစီအစဉ်တွေလို့ ဟန်ဆောင် လှည့်စား ထားပေမဲ့ တကယ့် ပကတိ အခြေအနေကို ကျွန်တော်တို့ တွေ့မြင်နိုင်တဲ့ အချက်ပါ။ တကယ်ကတော့ တိုးတက်တဲ့ မူဝါဒ ပြောင်းလဲမှုလည်း မဟုတ်ဘူး။ စီးပွားရေး ကဏ္ဍမှာလည်း ထိထိရောက်ရောက် ပြောင်းလဲမှု မရှိဘူး။ အစိုးရ လက်ဝါးကြီး အုပ်ထားတဲ့ အရာတွေကို ပုဂ္ဂလိက ဆိုသူတွေရဲ့ လက်ထဲ ထည့်တယ် ဆိုရုံလေးပါပဲ။

မေး     - နောက်တက်မယ့် အစိုးရကို ဖွဲ့စည်းနေတယ်လို့ စိုးရိမ် ပူပန်နေကြတာနဲ့ ပတ်သက်ပြီး ပြောပြပါဦး။

ဖြေ     - ဒါပေါ့ဗျာ၊ လုံးဝ မပါဘဲ၊ သူတို့ရဲ့ စီးပွားရေး ခန့်ခွဲမှုတွေ ဘယ်လောက်ပဲ မှားမှား၊ အစိုးရ အဖွဲ့ဝင်တွေရယ်၊ နောက်ပြီး အစိုးရနဲ့ အဆက်အသွယ် ရှိသူတွေကတော့ သူတို့ အိုကေမှာ စိုပြေနေဖို့ အတွက် ကောင်းပါတယ် လို့ပဲ ပြောမှာပေါ့။ ကမ္ဘာတဝှမ်းက တခြား အစိုးရတွေရဲ့ လတ်တလော သုံးသပ်ချက်ကတော့ လူကြိုက်များတဲ့ ခေါင်းဆောင်တွေ ပေါ်လာနိုင်တဲ့ အချိန်မျိုးထက် အခုအချိန်က ခင်ဗျားအတွက် စီးပွားရေး ပါဝါကို ချုပ်ကိုင်နိုင်အောင် ကြိုးစားဖို့ အသင့်တော်ဆုံးပဲလို့ ဆိုတယ်ဗျ။ နိုင်ငံပိုင် ဓနဥစ္စာကို ပြည်သူတွေကို ခွဲဝေပေးတဲ့ ထိုင်းနိုင်ငံချုပ် သက်ဆင်ရှင်နာ ဝပ်ထရာကို မြန်မာမှု ပြုထားတဲ့ ပုံစံမျိုး ပေါ်မလာနိုင်ပေဘူးလား။ နောက်တစ်ခုကတော့ အခု ပုဂ္ဂလိကပိုင် လုပ်တဲ့ ကိစ္စက ပုဂ္ဂလိက ကဏ္ဍက ငွေတွေကို ယူသုံးဖို့ လုပ်တာလို့ ကျွန်တော်တို့ ကြားရတယ်။ ပုဂ္ဂလိက ကဏ္ဍက တချို့လူတွေက ဒီလုပ်ငန်းတွေကို မလိုချင်ကြဘူး။ ဒါက ပုဂ္ဂလိက ကဏ္ဍက ငွေတွေကို ဖျောယူပြီး ရွေးကောက်ပွဲ ကာလမှာ လက်ရှိ အုပ်ချုပ်သူ လူတန်းစားကို ပံ့ပိုးဖို့ လုပ်တာပါ။

မေး     - စီးပွားရေး အသွင်ပြောင်းမှုနဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေကို အတော်များများ ခွင့်ပြုထားတော့ အနောက်နိုင်ငံတွေ အတွက် အရေးယူ ပိတ်ဆို့မှုကို ပြန်လည် သုံးသပ်ဖို့ အချိန်ရောက်ပြီလား။

ဖြေ - ဟုတ်တယ်၊ ပိတ်ဆို့မှုတွေကို တင်းကျပ်ရမယ့် အချိန် ဆိုပေမယ့် ငွေကြေး ပိတ်ဆို့မှု တစ်ခုပဲ လုပ်ရမှာလို့ ကျွန်တော် ထင်တယ်။ အစိုးရက ဓာတ်ငွေ့ကနေ ပိုက်ဆံတွေ အများကြီး ရနေတော့ ဒါတွေကို အလဟသ ဖြုန်းတီးတာပဲ ဖြစ်စေ၊ လူတိုင်း ဖွင့်နိုင်တဲ့ ဘဏ်ငွေစာရင်းတွေ ထဲမှာ ဖြစ်စေ သိမ်းထားတာတွေ ရှိတယ်။ ဒီတော့ ငွေကြေး ပိတ်ဆို့မှုတွေ လုပ်ဖို့ သိပ်ကို အရေးကြီးလာပြီ။ အမေရိကန်နဲ့ ကမ္ဘာ့နိုင်ငံတွေ အနေနဲ့ ငွေကြေးဆိုင်ရာ တင်းကြပ်မှုတွေ လုပ်မယ်ဆိုရင် မြန်မာ အစိုးရကို ဖိအား ပေးရုံလောက်မကဘဲ ဖိအား ပေးနည်းကို ပြောင်းလဲဖို့ ကြိုးစားစေချင်တယ်။ ဒါပေမယ့် အစိုးရပိုင် ငွေတွေကို ခြေရာခံဖို့ပဲ လိုတာပါ။ ပြီးတော့ အမေရိကန်ဟာ အခြား အစိုးရတွေနဲ့ ညှိနှိုင်း ဆောင်ရွက်ဖို့ တစုံတယောက်ကို ခန့်အပ် တာဝန်ပေးရမယ်။ ဒါမှသာ ပိုက်ဆံတွေ ဘယ်ရောက်သွားလဲ ဆိုတာကို သိပြီး ဒီပိုက်ဆံတွေကို လက်ခံထားတဲ့ ငွေကြေး အာဏာပိုင်တွေကို ဖိအားပေးဖို့ အကြံဥာဏ်ကောင်းတွေ ရလာမှာပါ။ ဒါ့ကြောင့် ကျွန်တော့် အထင်ပြောရရင် ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေဟာ မြန်မာ အစိုးရကို လှုပ်သာလှည့်သာ အခြေအနေနဲ့ အနောက်နိုင်ငံတွေကို လှည့်စားဖို့ အခြေအနေ ပေးနေတယ် ဆိုပေမယ့် အနောက်နိုင်ငံတွေ အတွက်လည်း ငွေကြေးဆိုင်ရာ တင်းကြပ် ပိတ်ဆို့မှုတွေ ပိုလုပ်ဖို့ အခွင့်အရေးတွေ ပိုရလာတယ်လို့ မြင်ပါတယ်။

မေး     - မြန်မာ အစိုးရနဲ့ ဆွေးနွေး ညှိနှိုင်းတာမှာ တိုးတက်မှု နည်းနည်းပဲ ရခဲ့တဲ့ အမေရိကန်ရဲ့ ခံစားချက်က ဘယ်လိုများ ဖြစ်မလဲ။

ဖြေ     - မနှစ်က စက်တင်ဘာတုန်းကလေ၊ ကျွန်တော်လည်း အဲဒီမှာ ရောက်နေတယ်ဗျ၊ အားလုံးက အမေရိကန် မူဝါဒ ပြောင်းလဲမှု အကြောင်းကိုပဲ ပြောနေကြတယ်၊ မြန်မာ အစိုးရရဲ့ ညှိနှိုင်း လိုက်လျောမှုကို ရရှိဖို့ အပြန်အလှန်အားဖြင့် ပိတ်ဆို့မှု တချို့ကို ဖြေလျော့ပေးမယ့် အစီအစဉ်တွေလည်း မဖြစ်မနေ ပါဝင်တာပေါ့၊ အခုတခေါက်ကတော့ အရမ်းကို ခြားနားသွားပြီ၊ အထူးသဖြင့် Capitol Hill မှာ အရမ်းကို ဒေါသ ထွက်နေကြတယ်၊ စိမ်းစိမ်းကားကား ငြင်းဆန်လိုက်လို့ စိတ်မကောင်း ဖြစ်ရတာမျိုးပေါ့၊ လက်ရှည်ရှည် ထုတ်ပေးလိုက်ပေမယ့် ဘာမှ ပြန်မရခဲ့ဘူးလေ၊ တကယ်လို့များ တစ်စုံတစ်ရာပေါ့ဗျာ၊ ညီညီအောင်ကို ဖမ်းဆီးခဲ့တာမျိုးလို နည်းနည်းလေး စိတ်ကသိကအောက် ဖြစ်အောင် လုပ်တတ်တဲ့ အကျင့်မျိုး မြန်မာ အစိုးရမှာ မရှိတော့ဘူးလို့ သူတို့ ခံစားမိခဲ့ရင်တော့ အထူးသဖြင့် ရွေးကောက်ပွဲ ဥပဒေမှာ အပြောင်းအလဲ ရှိနိုင်ပါတယ်၊ အမေရိကန်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပယ်ဖို့ မလိုအပ်ဘူးလို့ ရှုမြင်ထားပါတယ်၊ ဒီလောက်အထိ လုပ်တာက လွန်လွန်းအားကြီးတယ်ပေါ့ဗျာ၊ ဒီတော့ ငွေကြေး ပိတ်ဆို့ အရေးယူမှုတွေကို တွန်းအားပေးမှာလား ဆိုတဲ့ မေးခွန်းနဲ့ ဆက်စပ်နေတဲ့ ကိစ္စတွေက အမှန်တကယ်တော့ စားပွဲပေါ် ရောက်နေပြီးသားပါ၊ ကျွန်တော် အဲဒီမှာ ရှိချိန် (ပြီးခဲ့သော စက်တင်ဘာ) ကတည်းက အဓိက ပြောဆို ဆွေးနွေးနေကြတဲ့ ကိစ္စ တစ်ခုပါ။

မေး     - မြန်မာနိုင်ငံထဲကို ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး ဝင်လာတာကို ခင်ဗျား မအံ့သြမိဘူးလား၊ ဈေးကွက် မငြိမ်သက်မှုလည်း ဖြစ်နိုင်တယ်လေ။

ဖြေ     - ငွေကြေး ဆုံးရှုံးမှု အများကြီး ရှိနိုင်တယ် ဆိုတဲ့ ဒုတိယ အချက်ကိုတော့ ကျွန်တော် သံသယ မဖြစ်ဘူး၊ ဒါပေမယ့် တရုတ်နိုင်ငံရဲ့ စွမ်းအင် ငတ်မွတ်မှုကတော့ အံ့သြလို့ကို မကုန်နိုင်ဘူးဗျာ၊ သိပ်ကို သိသာ ထင်ရှားတဲ့ အချိန်ပါပဲ၊ တစ်စုံတစ်ရာ အခွင့်အလမ်းတွေ အတွက် သူတို့ အများကြီး ပေးရလိမ့်မယ်၊ ဒါက လုံးဝကို သာမန် ဖြစ်ရိုးဖြစ်စဉ် မဟုတ်ပါဘူး၊ သယံဇာတတွေကို ရေရှည် ချုပ်ကိုင်ဖို့ ဆန္ဒရှိနေတဲ့ တရုတ်နိုင်ငံ အဖို့တော့ မဟာဗျူဟာမြောက် ရွေးချယ်စရာတွေ ပေးနေတဲ့ မဆုံးနိုင်တဲ့ ပုံပြင်ပေါ့။

မေး     - တရုတ် - အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေး သဘော တူညီချက်က မြန်မာ အပေါ် သက်ရောက်မှု ရှိမယ် ဆိုတာကို ခင်ဗျား ဘယ်လို ယူဆသလဲ။

ဖြေ     - မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုး တိုးတက်မှု ရပ်ဆိုင်း သွားနိုင်တယ် ဆိုတဲ့ စိုးရိမ် ပူပန်မှုတွေကိုတော့ ကြားနေရပါတယ်၊ ဒါပေမယ့် ဒီလို ပုံကြီးချဲ့ ပြောဆိုမှုတွေ မရှိခင် ကတည်းက ဒီကိစ္စက ပွဲပြီးနေပြီးသားပါ၊ မြန်မာ စားသုံးသူ ဈေးကွက်ထဲကို တရုတ် ကုန်ပစ္စည်းတွေက လွှမ်းမိုးထားတာ ကြာလှပြီ၊ အမှန်တကယ်က မြန်မာနိုင်ငံမှာ ပုဂ္ဂလိက ကဏ္ဍရဲ့ အရေးပါတဲ့ ထုတ်လုပ်မှု လုံးဝ မရှိဘူး၊ တရုတ် သွင်းကုန်တွေကြောင့် မြန်မာ အစိုးရပိုင် စက်ရုံတွေလည်း လုံးဝ မြောင်းထဲ ရောက်သွားပြီးသားပါ၊ ဒါ့ကြောင့် ရှင်းရှင်းပြောရရင် မြန်မာနိုင်ငံက ဒီကုန်သွယ်ရေး သဘော တူညီချက်ကို မလိုအပ်ပါဘူး၊ မြန်မာနိုင်ငံရဲ့ ကုန်စည် စီးဆင်းမှုမှာ အကြီးဆုံး အတားအဆီးက ပြည်တွင်းမှာပဲ ရှိနေတယ်လို့ ကျွန်တော် ထင်ပါတယ်၊ နယ်စပ် တလျှောက်မှာ ရှိတဲ့ စစ်ဆေးရေး ဂိတ်မျိုးစုံရယ်၊ နောက်ပြီးတော့ တရားမဝင် အခွန်နဲ့ ဒဏ်ကြေး ပေါင်းစုံကောက်ပြီး ဂုတ်သွေးစုတ်နေတဲ့ ကိစ္စတွေရယ်၊ ဒါတွေက အကြီးမားဆုံး အတားအဆီးတွေပေါ့ဗျာ။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment