Transparency Myanmar

transparency.myanmar@gmail.com

အာဆီယံ လူ့အခွင့်အရေး ဆိုင်ရာ ချာတာအပေါ် မြန်မာနိုင်ငံက ချိုးဖောက်သည့် ကိစ္စနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်ရန် နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့က ဒေသတွင်း နိုင်ငံများကို တိုက်တွန်းလိုက်ကြောင်း ဗီယက်နမ်မှ လာသော သတင်းများအရ သိရသည်။

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် နှစ်ရက်တာမျှ ကျင်းပခဲ့သည့် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ ကာလအတွင်း လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့က ယင်းသို့ တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။  မြန်မာနိုင်ငံသည် အာဆီယံ ချာတာ၏ လူ့အခွင့်အရေး ဆိုင်ရာ သတ်မှတ် ပြဋ္ဌာန်းချက်များကို လုံးဝ မလိုက်နာဘဲ စနစ်တကျ ချိုးဖောက်လျက် ရှိကြောင်း၊ ထို့ကြောင့် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲအတွင်း အဆိုပါ ချိုးဖောက်မှုအား အလျင်အမြန်နှင့် အရေးပေါ် ကိစ္စအဖြစ် တင်ပြ ဆောင်ရွက်သင့်ကြောင်း နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် (လူ့အခွင့်အရေး) အဖွဲ့၏ အာရှဒေသ ဆိုင်ရာ အစီအစဉ် ဒုတိယ ဒါရိုက်တာ Donna Guest က ပြောကြားသည်။

အဆိုပါ လူ့အခွင့်အရေး ဆိုင်ရာ တောင်းဆိုချက်ကို မြန်မာနိုင်ငံ အပါအဝင် အာဆီယံ အဖွဲ့ဝင် နိုင်ငံများ ခေါင်းဆောင်များသို့ ထိပ်သီး အစည်းအဝေး အမီ တိုက်တွန်းခဲ့သည်ဟု သိရသည်။

လူ့အခွင့်အရေးနှင့် ပတ်သက်၍ တက်ကြွစွာ လှုပ်ရှားသူများ၊ လူနည်းစု တိုင်းရင်းသားများ၊ နိုင်ငံရေးအရ အစိုးရနှင့် သဘောထား ကွဲလွဲ ဆန့်ကျင်သူများအား အဆက်မပြတ် တိုးမြှင့် ဖိနှိပ်မှုများသည် တစ်နေ့ထက်တစ်နေ့ လွန်စွာ ဆိုးရွားလျက် ရှိသည်ဟု အဆိုပါ အဖွဲ့က ဆိုသည်။

မြန်မာ အစိုးရသည် ရွေးကောက်ပွဲ ဥပဒေကို ချမှတ်ကာ လူအများအား ရွေးကောက်ပွဲ ဝင်ခွင့် မရရှိအောင် ဖိနှိပ် ပိတ်ပင်လျက် ရှိသည်ဟု ဆိုသည်။ ထိုသို့ ဖိနှိပ် ပိတ်ပင်ခံရသူများတွင် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်သည်။

အာဆီယံ ဒေသဆိုင်ရာ ဆွေးနွေးမှုများသည် အဓိပ္ပာယ် ပြည့်ဝသည်ဟု ထင်ရှား ကျော်ကြားခဲ့သော်လည်း အကယ်၍ မြန်မာနိုင်ငံ ဆိုင်ရာ ပြဿနာများ ဖြစ်သော ဖိနှိပ်မှုမှ လွတ်မြောက်ရေး၊ လူ့အခွင့်အရေး လေးစား လိုက်နာရေး စသည်တို့ကို အလေးမထားပါက အာဆီယံ၏ ဂုဏ်သိက္ခာ ကျဆင်းမည် ဖြစ်ကြောင်း Donna Guest က ပြောကြားသည်။

'အာဆီယံချာတာ' အပိုဒ် ၂၀ (၄) တွင် ဖော်ပြချက်အရ အကယ်၍ ချာတာ သို့မဟုတ် ပြဋ္ဌာန်းချက်များကို မလိုက်နာဘဲ ဖောက်ဖျက်ပါက ယင်းကိစ္စကို အာဆီယံ ထိပ်သီး အစည်းအဝေးက အဆုံးအဖြတ် ပေးရမည် ဟူ၍ ဖြစ်သည်။ အဖွဲ့ဝင် ၁၀ နိုင်ငံက မြန်မာနိုင်ငံအား ဖောက်ဖျက်မှုများကို ရပ်ဆိုင်းရန်၊ လှုပ်ရှား တက်ကြွသူများ၊ အထူးသဖြင့် တိုင်းရင်းသား လူနည်းစု အဖွဲ့အစည်းများအား ဖိနှိပ်ခြင်းများမှ ရပ်တန့်ရန် ယင်း လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့က တင်ပြခဲ့သည်။

ထို့ပြင် အာဆီယံအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသမား ၂၂၀၀ ခန့် လွတ်မြောက်ခွင့် ပေးရန်၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကို ယခုနှစ်အတွင်း ပြုလုပ်ပေးရန်လည်း တောင်းဆိုခဲ့သည်။

"ဒီထိပ်သီး အစည်းအဝေးပွဲမှာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ စင်ကာပူနှင့် မလေးရှား စတဲ့ နိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ဆိုင်ရာ တိုးတက်မှုအတွက် တောင်းဆိုနိုင်တဲ့ အခွင့်အရေးတွေ ရရှိကြမှာပါ။ မြန်မာနိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ပြတ်ပြတ်သားသား ပြစ်တင် ရှုတ်ချချက် တွေကိုလည်း ထုတ်ပြန်နိုင်မှာပါ" ဟု Donna Guest က ဆိုသည်။

Mizzima သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment