Transparency Myanmar

transparency.myanmar@gmail.com

Irrawaddy, 9th April 2010

မြန်မာ စစ်ဖက် အစိုးရသည် နိုင်ငံတကာ အသိုင်းအဝိုင်း၏ အကြံဥာဏ်ကို မကြာခဏ တိုက်ရိုက် ဆန့်ကျင်ကာ လျစ်လျူရှုလျက် ရှိသော်လည်း မြန်မာ ခေါင်းဆောင်များနှင့် ဆွေးနွေး ညှိနှိုင်းမည့် မူဝါဒကို ဆက်လက် ကျင့်သုံးသွားမည်ဟု အိုဘားမား အစိုးရက ယနေ့ ပြောကြားလိုက်သည်။

"ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ ဆွေးနွေး နေပါတယ်" ဟု ပြည်သူ့ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး PJ Crowley က ပြောကြားသည်။ "ဒေသတွင်း တခြား နိုင်ငံတွေ ကလည်း မြန်မာနဲ့ ဆွေးနွေး နေပါတယ်။ အာဆီယံ အဖွဲ့လည်း အပါအဝင်ပေါ့" ဟု ၎င်းက ဆိုသည်။

အိုဘားမား အစိုးရသည် အိန္ဒိယ နှင့် တရုတ် နိုင်ငံများ နှင့်လည်း မြန်မာနိုင်ငံ အရေးကို ဆွေးနွေးနေသည်ဟု Crowley က ပြောကြားခဲ့သော်လည်း အသေးစိတ် ထုတ်ဖော် ပြောဆိုခြင်း မရှိပါ။

"ဒေသတွင်း တည်ငြိမ်မှု ရရှိဖို့ နိုင်ငံတိုင်းက စိတ်ဝင်စားမှု ရှိနေပြီး၊ အထီးကျန် အပယ်ခံ ဘဝကနေ မြန်မာနိုင်ငံ ရုန်းထွက်တာကို မြင်ချင်ကြတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် သေချာတဲ့ အချက်က မြန်မာနိုင်ငံအနေနဲ့ လုပ်ဆောင်ရမယ့် အဆင့်တွေ ကျန်နေပါသေးတယ်။ ဒေသတွင်း ဆွေးနွေးပွဲတွေကို ကျွန်တော်တို့ ဆက်လုပ်ပြီး မြန်မာနိုင်ငံ အပေါ် အလားတူ ထင်မြင်ချက် ပေးတဲ့ သူတိုင်းကို တိုက်တွန်း အားပေး သွားမှာပါ" ဟု Crowley က ရှင်းလင်း ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံ အပေါ် လေးစားမှု ပြသသည့် အမေရိကန် မူဝါဒသစ်ကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ယခင်နှစ်က စတင် ကျင့်သုံးခဲ့ပြီး တွေ့ဆုံ ဆွေးနွေးမှုနှင့် အရေးယူ ပိတ်ဆို့မှုကို တပြိုင်နက် ကျင့်သုံးမည့် အစီအစဉ်များ ပါဝင်သည်။

အမေရိကန် ပြည်ထောင်စုသည် မူဝါဒ အသစ်ကို ကြေညာပြီး နောက်ပိုင်း မြန်မာ စစ်ဖက် အစိုးရ နှင့် နှစ်ကြိမ်တိုင် ဆွေးနွေးမှု ပြုလုပ်ခဲ့သည်။

အဆိုပါ ကာလ အတောအတွင်း နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ လာမည့် ရွေးကောက်ပွဲများ လွတ်လပ် မျှတရေး နှင့် လူ့အခွင့်အရေး အခြေအနေ တိုးတက် ကောင်းမွန်ရေး အပေါ် မျှော်လင့်ချက် ထားနေသည့် နိုင်ငံတကာ အသိုင်းအဝိုင်းကို မြန်မာ အစိုးရက မလိမ့်တပတ်ဖြင့် လှည့်စားခဲ့သည်။

Crowley ၏ အဆိုအရ နောက်ထပ် ဆွေးနွေးမှုများ ပြုလုပ်ရန် ရက်သတ်မှတ်ထားခြင်း မရှိဟု သိရသည်။

ဗီယက်နမ် နိုင်ငံ ဟနွိုင်းတွင် ယနေ့ ဖွင့်လှစ်မည့် ၁၆ ကြိမ်မြောက် အာဆီယံ ညီလာခံတွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော ကိစ္စများ ဆွေးနွေးရန် အာဆီယံ အဖွဲ့ဝင်များက စီစဉ်ထားသည်။

အဓိက အတိုက်အခံ ပါတီနှင့် ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခြင်း မရှိသော အတုအယောင် ရွေးကောက်ပွဲ တစ္ဆေသည် အာဆီယံ အဖွဲ့ကို သိက္ခာချရန် ခြိမ်းခြောက်လျက် ရှိပြီး၊ မြန်မာ အစိုးရ အပေါ် ဖိအားများများ ပေးရန် မမျှော်လင့်နိုင်သည့် အာဆီယံ အဖွဲ့ကို စွမ်းရည်မဲ့ အဖွဲ့အစည်း အဖြစ် ပြစ်တင်ခံရအောင် နောက်တစ်ကြိမ် ပြုလုပ်ဦးမည် ဖြစ်သည်။

ဟနွိုင်းတွင် မိန့်ခွန်း ပြောကြားသော စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီး George Yeo သည်လည်း အာဆီယံ အဖွဲ့ဝင် အများစု၏ ခြံစည်းရိုးပေါ် ခွထိုင်နေသော သဘောထားကို ဖော်ပြခြင်းသာ ဖြစ်ပုံရသည်။

"ဒါက စိတ်ပျက်စရာ ကိစ္စ တစ်ခုပါပဲ။ ဘာကြောင့်လဲ ဆိုတော့ ရွေးကောက်ပွဲ ဥပဒေက ပညာပြ ဖော်ထုတ်လိုက်တဲ့ လမ်းကြောင်းကြောင့် ပါပဲ။ NLD ပါတီ အနေနဲ့ ရွေးကောက်ပွဲမှာ ပါဝင်ဖို့ မဖြစ်နိုင်တော့ပါဘူး" ဟု Yeo က ပြောကြားခဲ့သည်။ သို့ရာတွင် ၎င်းက ဆက်လက်၍ "ကျွန်တော်တို့ဟာ မြန်မာနိုင်ငံကို အရေးယူနိုင်တဲ့ အနေအထားမှာ မရှိပါဘူး။ တကယ်လို့ တရုတ်နဲ့ အိန္ဒိယက မြန်မာနဲ့ ဆက်ပြီး ဆွေးနွေးနေတုန်း ဆိုရင် ကျွန်တော်တို့လည်း ဆွေးနွေးရုံပဲပေါ့" ဟု သုံးသပ် ပြောဆိုခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment