Transparency Myanmar

transparency.myanmar@gmail.com

 

မြောက်ကိုရီးယား ကွန်မြူနစ်အစိုးရ၏ ထိပ်တန်း ခေါင်းဆောင်တစ်ဦးကို လုပ်ကြံ သတ်ဖြတ်မည့် လျှို့ဝှက် အစီအစဉ် တစ်ရပ်အား ထုတ်ဖော်နိုင်ခဲ့ကြောင်း တောင်ကိုရီးယား အစိုးရက အသိပေးလိုက်သည်။

၁၉၉၇ ခုနှစ်အတွင်း မြောက်ကိုရီးယားမှ တောင်ကိုရီးယားသို့ ပြည်ပြေးဘဝဖြင့် ထွက်ပြေး ရောက်ရှိလာသော မြောက်ကိုရီးယား အကြီးတန်း အရာရှိကြီးတစ်ဦး ဖြစ်သည့် မစ္စတာ Hawang Jang-yop (၈၇ နှစ်) အား လုပ်ကြံ သတ်ဖြတ်ရန် စီစဉ်လျက် ရှိသော မြောက်ကိုရီးယား နိုင်ငံသား နှစ်ဦးကို ဖမ်းမိလိုက်သည်ဟု တောင်ကိုရီးယားက ဆိုသည်။ မစ္စတာ Hawang Jang-yop သည် တစ်ချိန်က မြောက်ကိုရီးယား ခေါင်းဆောင်ကြီး ကင်ဂျုံအီလ် ယုံကြည် စိတ်ချရသော အနီးကပ် မိတ်ဆွေ အရာရှိတစ်ဦး ဖြစ်ခဲ့ပြီး ၎င်းအား လုပ်ကြံသတ်ဖြတ်ရန် ကြံစည်နေသော ပြည်ပြေးနှစ်ဦးမှာ မိမိကိုယ်မိမိ ပြည်ပြေးများအဖြစ် ဝန်ခံ ပြောဆိုထားကြောင်း တောင်ကိုရီးယား အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုသည်။

တောင်ကိုရီးယား Yonhap သတင်းဌာန အဆိုအရ မစ္စတာ Hawang Jang-yop ကို လုပ်ကြံ သတ်ဖြတ်မည့်သူ နှစ်ဦး၏ အမည်မှာ Kim နှင့် Tong ဆိုသူများ ဖြစ်ကြပြီး ၎င်းတို့သည် ထိုင်းနိုင်ငံမှ တစ်ဆင့် တောင်ကိုရီးယား နိုင်ငံသို့ ပြည်ပြေးများအဖြစ် ဝင်ရောက် လာကြခြင်း ဖြစ်သည်။

မကြာသေးမီက မြောက်ကိုရီးယား ပြုံးယမ်း အစိုးရ၏ အင်တာနက် ဝက်ဘ်ဆိုက်တွင် မစ္စတာ Hawang သည် သစ္စာဖောက်မှုကြောင့် သေခြင်းတရားနှင့် ရင်ဆိုင်ရလိမ့်မည်ဟု ခြိမ်းခြောက် ရေးသားခဲ့သည်ကို တွေ့ရသည်။

လက်ရှိ အနေအထားတွင် မစ္စတာ Hawang အား လုပ်ကြံ သတ်ဖြတ်ရန် စီစဉ်ခဲ့သူ နှစ်ဦးအား တောင်ကိုရီးယား အာဏာပိုင်များက စစ်ဆေး မေးမြန်းလျက် ရှိသည်ဟု ဆိုသည်။ တောင်ကိုရီးယား အရာရှိကြီး တစ်ဦး၏ အဆိုအရ ဖမ်းမိသော မြောက်ကိုရီးယား နှစ်ဦးသည် "သစ္စာဖောက်သူ၏ လည်မျိုကို ဓားဖြင့် လှီးရမည်" ဟူသော အမိန့်ဖြင့် ရောက်ရှိလာခြင်း ဖြစ်သည်ဟု AP သတင်းဌာနက
ကိုးကား ဖော်ပြသည်။

မစ္စတာ Hawang သည် တစ်ချိန်က မြောက်ကိုရီးယား အလုပ်သမား ပါတီ အတွင်းရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ မြောက်ကိုရီးယား၏ ခက်ခဲ ကြမ်းတမ်းသော စီးပွားရေး ပေါ်လစီများကြောင့် ၁၉၉၀ ပြည့်နှစ်များအတွင်း အငတ်ဘေးကြီး ဆိုက်ရောက်လာချိန်တွင် ထွက်ပြေးလာခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ မစ္စတာ Hawang သည် ၎င်း ချစ်ခင်ရသော မိသားစု ရင်းချာများကို ထားရစ်ကာ ထွက်ပြေးခဲ့ခြင်း ဖြစ်သည်။ သူ၏ လုပ်ရပ်ကြောင့် မိသားစုဝင် အတော်များများမှာ အလုပ်သမား စခန်းသို့ ပို့ခြင်း ခံခဲ့ရသည်။

လက်ရှိ အနေအထားတွင် မစ္စတာ Hawang သည် အမေရိကန် ပြည်ထောင်စုသို့ သွားရောက်ပြီး သတင်းစာ ဆရာများနှင့် တွေ့ဆုံကာ သင်ခန်းစာပေးရန် စီစဉ်လျက် ရှိသည်။ ၎င်းအနေဖြင့် မိမိ လုပ်ကိုင်ခဲ့သမျှအပေါ် နောင်တရမည် မဟုတ်ကြောင်း ပြောဆိုမည်ဟု ဆိုသည်။

ဆိုးလ်မြို့ အခြေစိုက် BBC သတင်းထောက် John Sudworth က မြောက်ကိုရီးယား အစိုးရသည် မစ္စတာ Hawang ၏သစ္စာဖောက်မှုကို မည်သို့မျှ မမေ့ မဖျောက်နိုင်ဘဲ ရှိသည်မှာ သိသာ ထင်ရှားလွန်းသည်ဟု ပြောကြားသည်။ မြောက်ကိုရီးယား ကွန်မြူနစ် အစိုးရ ဝက်ဘ်ဆိုက်တွင် မစ္စတာ Hawang အား "သစ္စာဖောက်၊ ဆန်ကုန်မြေလေး" အဖြစ် ပြစ်တင် ရှုတ်ချဖော်ပြထားသည်။

BBC သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment