Transparency Myanmar

transparency.myanmar@gmail.com

Yahoo news, By Alex Kennedy, 21st April 2010

ကုလသမဂ္ဂ အရေးယူမှုများနှင့် ညှိနှိုင်း ဆွေးနွေးမှုများသည် အရှေ့ အလယ်ပိုင်းနိုင်ငံ အီရန်၏ နျူကလီယာ လက်နက် ထုတ်လုပ်မှုများကို ကာကွယ်နိုင်လိမ့်မည်ဟု မျှော်လင့်ရမည့်အစား အမေရိကန်တို့က အီရန်ကို အချိန်မရွေး စစ်ရေးအရ ဝင်ရောက် တိုက်ခိုက်နိုင်လိမ့်မည်ဟု မျှော်လင့်နေခြင်းမှာ မဖြစ်နိုင်ကြောင်း အမေရိကန် ကာကွယ်ရေးဌာန တာဝန်ရှိ ပုဂ္ဂိုလ်က ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်သည်။

"စစ်ရေးအင်အား အသုံးပြုဖို့ရာဟာ နောက်ဆုံး အဆင့်ပါ။ လောလောဆယ် မစဉ်းစားပါဘူး" ဟု အမေရိကန် ကာကွယ်ရေး ဝန်ကြီး လက်အောက်မှ မူဝါဒရေးရာ တာဝန်ခံ Michele Flournoy က စင်္ကာပူတွင် သတင်းစာ ဆရာများအား တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များသည် တီဟီရန်သည် ၎င်း၏ နျူကလီးယား အစီအစဉ်များကို လက်နက် ပြုလုပ်ရာတွင် အသုံးပြုမည်ကို ကြောက်ရွံ့နေကြသည်။ အီရန်ကမူ ငြင်းဆိုခဲ့ပြီး၊ လျှပ်စစ်မီး ရရှိရေး အတွက်သာ အသုံးပြုရန် ရည်ရွယ်သည်ဟု ဆိုသည်။

"အခု လောလောဆယ်မှာတော့ အီရန် အပေါ် ထိတွေ့ ဆက်ဆံရေးနဲ့ အရေးယူမှု ပုံစံနဲ့ ဖိအားပေးတာကို အသုံးပြုဖို့ ရည်မှန်း လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် အီရန်ဖက်က အပြုသဘော ဆောင်တဲ့ တုန့်ပြန်မှု မရသေးပါဘူး" ဟု Flournoy က ပြောသည်။

အီရန်၏ အကြွင်းမဲ့ အာဏာရှင် ခေါင်းဆောင် Ayatollah Ali Khamenei ကို ကိုးကား၍ အီရန် အစိုးရပိုင် မီဒီယာက ဗုဒ္ဓဟူးနေ့က ပြောကြားရာတွင် အီရန် အနေဖြင့် အမေရိကန်၏ ဖိအားပေးမှုကို သဘောမတူ လက်မခံကြောင်း ဆိုခဲ့သည်။ အီရန်၏ အီလစ် တော်လှန်ရေး တပ်ဖွဲ့သည် မဟာဗျူဟာ ကျသော Hormuz ရေလက်ကြားတွင် စစ်ရေး လှုပ်ရှားမှုများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ရန် ပြင်ဆင်လျက် ရှိသည်။

"ကျွန်တော်တို့ အရင်က ပြောခဲ့ပါတယ်။ အခု ပြန်ပြောပါဦးမယ်။ ကျွန်တော်တို့ အများကြီး ပျက်စီးစေတဲ့ လက်နက်တွေ ထုတ်ဖို့ မရည်ရွယ်ပါဘူး။ ဒါပေမယ့် အီရန် အနေနဲ့ ခြိမ်းခြောက်မှုတွေကို လက်မခံပါဘူး။ သူတို့ ဒူးထောက်လာအောင် ပြန်ခြိမ်းခြောက်နိုင်အောင် လုပ်ရပါလိမ့်မယ်" ဟု Khamenei က ပြောသည်။

၂၀၀၉ ခုနှစ်က ကုလသမဂ္ဂ နောက်ခံပြုသော အစီအစဉ် တစ်ခုဖြစ်သော အီရန်သို့ နျူကလီယာ လောင်စာချောင်းများ ပေးပို့ပြီး အပြန်အလှန်အားဖြင့် အီရန်က သိုလှောင်ထားသော အဆင့်နိမ့် သန့်စင်ထားသော ယူရေနီယမ်များ ပြန်ပေးရန် အစီအစဉ် အဆိုပြုချက်ကို အီရန်က ပယ်ချခဲ့သည်။ အဆိုပါ လဲလှယ်မှု အစီအစဉ်မှာ အီရန်၏ နျူကလီယာဗုံး လုပ်နိုင်စွမ်းရည်ကို ကန့်သတ်နိုင်ရန် လုပ်ဆောင်ခြင်း ဖြစ်သည်။

သို့သော် အီရန်သည် အဆိုပါ ကိစ္စအတွက် အခြား နည်းလမ်းများကို ပြန်လည် အဆိုပြုခဲ့သည်။ အီရန် နိုင်ငံခြားရေး ဝန်ကြီး Manouchehr Mottaki က အင်္ဂါနေ့က ပြောကြားရာတွင် ယခု လောင်စာ သဘောတူညီချက်သည် အနောက်နိုင်ငံများနှင့် ယုံကြည်မှု တိုးမြှင့် တည်ဆောက်ရေး အတွက် အခွင့်အရေး ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခု အပတ် အစောပိုင်းက ၎င်းက ပြောကြားရာတွင် အီရန် အနေဖြင့် အဆိုပါ ကိစ္စအား ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင်များနှင့် တိုက်ရိုက် စကားပြောလိုကြောင်း၊ သို့သော် အဖွဲ့ဝင် တစ်နိုင်ငံနှင့်မူ တိုက်ရိုက် မပြောလိုကြောင်း ပြောကြားခဲ့သည်။ တိုက်ရိုက် မပြောလိုသော နိုင်ငံမှာ အမေရိကန်ကို ရည်ညွှန်းခြင်း ဖြစ်ပြီး၊ အီရန်နှင့် ဆက်ဆံရေး မရှိပေ။

အမေရိကန် ပြည်ထောင်စုသည် အီရန်၏ နျူကလီယာ အစီအစဉ်များကြောင့် အီရန်အား အရေးယူမှုများ ချမှတ်ရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် ပြင်းထန်စွာ ဦးဆောင် လှုပ်ရှားလျက် ရှိနေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment