Transparency Myanmar

transparency.myanmar@gmail.com

AFP, news.yahoo.com, 23rd April 2010

မြန်မာနိုင်ငံတွင် အငြင်းပွားဖွယ် ရွေးကောက်ပွဲ ဥပဒေကို ထုတ်ပြန် ထားသော်ငြားလည်း စစ်ဖက် အစိုးရနှင့် လာမည့် ရွေးကောက်ပွဲ အကြောင်း ဆွေးနွေးရေး အတွက် လေ့လာရေး မစ်ရှင်အဖွဲ့ စေလွှတ်ရန် အီးယူက မျှော်လင့်ထားကြောင်း သံတမန် သတင်းရပ်ကွက်က သောကြာနေ့တွင် ပြောကြားခဲ့သည်။

ဥရောပ သမဂ္ဂ ၂၇ နိုင်ငံ ကိုယ်စားလှယ်များက ထောက်ခံကြောင်း သတင်းပို့ထားပြီး၊ အီးယူ နိုင်ငံခြားရေး ဝန်ကြီးများ တနင်္လာနေ့တွင် တရားဝင် လက်ခံ ဆုံးဖြတ်မည့် မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် Piero Fassino နှင့် အပြည့်အဝ ပူးပေါင်း ဆောင်ရွက်ရန် မြန်မာ စစ်ဖက် ခေါင်းဆောင်များကို ဥရောပ သမဂ္ဂက တောင်းဆိုထားသည်။

လွတ်လပ်၍ မျှတသော ရွေးကောက်ပွဲများကို ဖြည့်ဆည်းပေးခြင်း မရှိသည့် ယခင်လက ထုတ်ပြန်သော မြန်မာ ရွေးကောက်ပွဲ ဥပဒေသစ် အပေါ် အပြင်းအထန် စိုးရိမ် ပူပန်နေကြောင်း ဝန်ကြီးများက အလေးအနက် ထုတ်ဖော်ကြလိမ့်မည်ဟု AFP က ဖတ်ရှုခဲ့ရသော သတင်းလွှာတွင် ဖော်ပြထားသည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ အထိန်းသိမ်းခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ အနေဖြင့် ရွေးကောက်ပွဲ ဝင်ရန် မှတ်ပုံတင်မည် ဆိုပါက ၎င်းတို့၏ ခေါင်းဆောင်ကို ထုတ်ပယ်ရန်နှင့် အစိုးရ၏ အခြေခံ ဥပဒေကို အသိအမှတ်ပြုရန် အတင်းအကျပ် ဖိအားပေး ခံရမည့် အနေအထားကြောင့် ယခုနှစ် ရွေးကောက်ပွဲများကို NLD က သပိတ်မှောက်ထားသည်။

"ဘယ်လိုပဲ ဖြစ်ဖြစ်။ အဲဒီမှာ အရာရာအတွက် လှုပ်ရှားဖို့ အခွင့်အရေးတွေ ရှိနေတုန်းပဲလို့ အီးယူက မျှော်လင့်ထားပါတယ်" ဟု ဥရောပ သံတမန်တစ်ဦးက ပြောသည်။

"ဒါပေမယ့် ကျွန်တော်တို့ကို ထိပ်တန်းအဆင့် အနေနဲ့ လက်ခံမှသာ မြန်မာနိုင်ငံကို သွားဖို့ ပြင်ဆင်ထားပါတယ်။ သိက္ခာကျဖို့ အတွက်တော့ ကျွန်တော်တို့ ပြင်ဆင်မှာ မဟုတ်ပါဘူး" ဟု ၎င်းက ဆက်လက် ပြောကြားသည်။

နိုဝင်ဘာလတွင် ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲများကို ပါဝင် ယှဉ်ပြိုင်ခြင်း မပြုပါက NLD ပါတီ အနေနှင့် အစိုးရ၏ ဖျက်သိမ်းမှုကို ခံရမည့် အန္တရာယ် ရှိနေသည်။

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီမှာ ၁၉၉၀ ရွေးကောက်ပွဲတွင် အများစု အနိုင်ရရှိခဲ့သော်လည်း ၁၉၆၂ ကပင် အာဏာရယူထားသော စစ်ဖက် အစိုးရက အသိအမှတ် မပြုခဲ့ပါ။

ထိုအချိန်မှ စ၍ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ပါတီခေါင်းဆောင်ကိုလည်း နေအိမ် အကျယ်ချုပ် ထိန်းသိမ်းထားခဲ့သည်မှာ ယခုတိုင်ပင် ဖြစ်သည်။

စစ်ဖက် အုပ်ချုပ်ခံ မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ ခန့် အတွင်း ပထမဆုံး ပြန်လည် ကျင်းပမည့် ရွေးကောက်ပွဲ ဥပဒေတွင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်နိုင်အောင် အသေအချာ တားဆီးထားသည့် အတွက် နိုင်ငံတကာက ဝိုင်းဝန်း ပြစ်တင် ရှုတ်ချရာတွင် အမေရိကန် ပြည်ထောင်စုက ဦးဆောင်ခဲ့သည်။

လူတိုင်း ပါဝင်ခွင့် ရှိမည့် နိုင်ငံရေး လုပ်ငန်းစဉ်ကို အာမခံချက်ပေးမည့် လိုအပ်သော စည်းကမ်းချက်များ ပါဝင်ရန် ပျက်ကွက်ခဲ့သော ရွေးကောက်ပွဲ ဥပဒေ အပေါ် စိုးရိမ်ပူပန်ကြောင်း ဖော်ပြထားသည့် ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ယခင်လက ထုတ်ပြန်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment