Transparency Myanmar

transparency.myanmar@gmail.com

The Irrawaddy, By Lalit K.Jha, 23rd April 2010

မြန်မာ စစ်တပ် အတွင်းရှိ မျိုးချစ်စိတ် ရှိသူများသည် ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့သော ဒီမိုကရေစီ ဘက်တော်သားများ၊ တိုင်းရင်းသား တိုက်ပွဲဝင်သူများနှင့် ပူးပေါင်းကာ စစ်အစိုးရအား ဖယ်ရှား၍ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖော်ဆောင်ကြရန် အမေရိကန် ကွန်ဂရက် အမတ် Dana Rohrabacher က တိုက်တွန်း ပြောကြားခဲ့သည်။

ကွန်ဂရက် ကိုယ်စားလှယ်များ၏ ကော်မတီ တစ်ခုတွင် အဆိုပါ ကယ်လီဖိုးနီးယား ကွန်ဂရက် အမတ်က ပြောကြားရာတွင် မျိုးချစ်စိတ်ရှိသူများနှင့် လွတ်လပ်မှုကို မြတ်နိုးသော မြန်မာ ပြည်သူများသည် အချင်းချင်း ပူးပေါင်း၍ ရက်စက် ကြမ်းကြုတ်မှုနှင့် နိုင်ငံခြား သြဇာ လွှမ်းမိုးမှုများကို ဆန့်ကျင်ကြရမည် ဖြစ်ကြောင်း၊ သို့မဟုတ်လျှင် လာမည့် မျိုးဆက်သစ်များ အတွက် အနာဂတ် ပျောက်ဆုံးသွားမည်ဟု ဆိုသည်။

"အချိန်ရောက်လာပါပြီ။ တရားဝင်ပြီး ရိုးသားတဲ့ အစိုးရကိုသာ လိုချင်တဲ့ မြန်မာတွေ၊ တိုင်းရင်းသားတွေ၊ စီးပွားရေးသမားနဲ့ စစ်တပ် ခေါင်းဆောင်တွေဟာ အခြား မျိုးချစ်စိတ်ရှိသူများနဲ့ ပူးပေါင်းပြီး တိုင်းပြည်ကို ကယ်တင်ကြပါ။ အခုပဲ လုပ်ကြပါ" ဟု Rohrabacher က ပြောကြားခဲ့သည်။

တိုင်းရင်းသားများသည် နိုင်ငံလူဦးရေ၏ တစ်ဝက်ခန့် ရှိသည့်အလျောက် မြန်မာများနှင့် တိုင်းရင်းသား အဖွဲ့များ ပြန်လည် ပေါင်းစည်းရေးသည် လိုအပ်လျက် ရှိကြောင်း၊ ဆယ်စုနှစ်ပေါင်း များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော တိုင်းရင်းသား သူပုန်ထမှုများသည် မြန်မာနိုင်ငံ၏ အာဏာရှင်စနစ်ကို ဆန့်ကျင်ရာ မူလ အရင်းအမြစ် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

"ဒေါ်အောင်ဆန်းစုကြည်လို အခြား မျိုးချစ် မြန်မာတွေလို မြို့ပြ ဒီမိုကရေစီ ခေါင်းဆောင်များဟာ အလဲအကွဲ နှိပ်ကွပ်ခံရတာတွေ၊ ထောင်ချခံရတာတွေ ရှိပါတယ်။ အာဏာရှင် စနစ်ကို တိုက်ပွဲဝင်နေသော တိုင်းရင်းသား အဖွဲ့တွေနဲ့ မြန်မာတွေ တစ်စုတစ်စည်းတည်း ဖြစ်ရပါ့မယ်။ ပေါင်းစည်းထားပြီး မတူညီတဲ့ ဓလေ့ထုံးစံတွေနဲ့ ရပိုင်ခွင့်တွေကို လေးစားရပါမယ်" ဟု ၎င်းက ဆိုသည်။

Rohrabacher က မြန်မာစစ်တပ် အတွင်းမှ စစ်သားများကို စစ်အစိုးရအား တိုက်ပွဲဝင်ရာတွင် ပူးပေါင်း ပါဝင်ကြရန် အသနားခံခဲ့သည်။

"အတိုက်အခံများ စုစည်းမှုဟာ စစ်တပ် အတွင်းမှ မျိုးချစ် စစ်သားများပါ ပါဝင် ပူးပေါင်းဖို့ လိုပါတယ်။ စစ်တပ်ကို နိုင်ငံကာကွယ်တဲ့ လေးစားလောက်တဲ့ တပ်မတော် ဖြစ်အောင် ပြန်လုပ်ရပါမယ်။ အခုလို နိုင်ငံခြား သြဇာ လွှမ်းမိုးမှုခံပြီး၊ အကျင့်ပျက် ခြစားမှု အတွက် လက်ကိုင်တုတ် မဖြစ်စေရပါဘူး။ စစ်တပ်ထဲက ခေါင်းဆောင်တွေဟာ ပြည်သူတွေနဲ့ ပေါင်းပြီး သာယာ ဝပြောပြီး၊ လွတ်လပ်သော တိုင်းပြည်သစ် ဖြစ်အောင် တည်ဆောက်ရန် အချိန်ရောက်ပြီ ဖြစ်ပါတယ်" ဟု ကယ်လီဖိုးနီးယား အမတ်က ဖြည့်စွက် ပြောသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် မြန်မာနိုင်ငံကို ထိုကဲ့သို့ ပြောင်းလဲသွားအောင် လုပ်လျှင် ရကြောင်း ၎င်းက ဆက်လက် ပြောသည်။

Rohrabacher က အတိတ်ကို ပြန်ပြောင်း သုံးသပ်ရာတွင် ဒုတိယ ကမ္ဘာစစ်အပြီး မြန်မာနိုင်ငံသည် ဗြိတိသျှထံမှ လွတ်လပ်ရေး ရရှိခဲ့ကြောင်း၊ ထိုအချိန်က မြန်မာနိုင်ငံတွင် ဒီမိုကရက်တစ် အဖွဲ့အစည်းများလည်း သူ့နေရာတကျ ရှိကြောင်း၊ သဘာဝ အရင်းအမြစ်များကလည်း ကြွယ်ဝကြောင်း၊ ပညာတတ် လူဦးရေလည်း ရှိကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံသည် တည်ငြိမ်ပြီး ချမ်းသာ ကြွယ်ဝ၍ လွတ်လပ်သော နိုင်ငံဖြစ်လာလိမ့်မည်ဟု မျှော်လင့်ခဲ့မိကြောင်း ဆိုသည်။

"ဝမ်းနည်းစရာပါပဲ။ ဒီလောက် အလားအလာ ကောင်းတဲ့ တိုင်းပြည်ကို အကျင့်ပျက် ခြစားပြီး ရက်စက် ကြမ်းကြုတ်တဲ့ ခေါင်းဆောင်မှုကို ခံလိုက်ရတော့ ကြီးမားသော သဘာဝ အရင်းအမြစ်တွေ ရှိနေပေမယ့် ပြည်သူတွေဟာ ဆင်းရဲမွဲတေမှုကို ခါးစည်းခံခဲ့ကြရရှာတယ်" ဟု ၎င်းက ပြောသည်။

မြန်မာ ပြည်သူတွေဟာ သူတို့၏ တိုင်းပြည်ကို နိုင်ငံခြား အင်အားကြီး နိုင်ငံ တစ်ခု ဖြစ်သော တရုတ်လက်သို့ ထိုးအပ်ခံခဲ့ကြရသည်ဟု ၎င်းက ပြောသည်။

"တရုတ်သည် မြန်မာ့ သယံဇာတများကို ကုတ်သွေးစုပ် ခိုးယူနေရုံမျှမက၊ တဖြည်းဖြည်း၊ အသေအချာပါပဲ။ မြန်မာနိုင်ငံကို ဘေဂျင်းရဲ့ လက်အောက်ခံ ပြည်နယ် တစ်ခု အဖြစ် လုပ်နေပါတယ်။ တရုတ်သည် မြန်မာပြည်ကို မြန်မာပြည်သူတွေ လက်ထဲက ခိုးယူရာတွင် ထိုကိစ္စကြီး ပြီးမြောက် အောင်မြင်ရေး အတွက် တိုင်းပြည် အပေါ် သစ္စာမရှိ၊ မျက်နှာမထောက်၊ အာဏာ မက်မောလွန်းသော မြန်မာ အစိုးရ ခေါင်းဆောင်များ၏ အကူအညီ အများကြီး ရယူခဲ့ခြင်းကြောင့် ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

"အခု အခွင့်အရေးကို အရယူရမယ့် အချိန် ဖြစ်ပါတယ်။ မြန်မာ ပြည်သူများ ဒီအခွင့်အရေးကို လက်လွတ်မခံပါနဲ့။ ခင်ဗျားတို့ တိုင်းပြည်ကို ပြန်ရရင် ကမ္ဘာကြီးက အောင်ပွဲခံပါလိမ့်မယ်။ ကျွန်တော်တို့ ခင်ဗျားတို့ဘက်မှာ ရှိပါတယ်" ဟု ကယ်လီဖိုးနီးယား အမတ်က ပြောသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment