Transparency Myanmar

transparency.myanmar@gmail.com

The Irrawaddy, By Sam Bagnall, 21st April 2010

ကျေးလက်လူထုနှင့် တိုင်းရင်းသား လူမျိုးများအား ဖိနှိပ် ချုပ်ချယ်ထားသည့် မြန်မာ အစိုးရ၏ မူဝါဒ တစ်စိတ်တစ်ပိုင်း အဖြစ် မြန်မာနိုင်ငံ ချင်းပြည်နယ်မှ ပြည်သူများမှာ လူ့အခွင့်အရေး ဆုံးရှုံးမှုနှင့် မတရား ဖိနှိပ်ခံရမှုများကို ဆယ်စုနှစ်ပေါင်း များစွာ ကြုံတွေ့ခံစားခဲ့ကြရသည်။ လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် ဒုက္ခသည်များသည် ၎င်းတို့၏ အဖြစ်အပျက်များကို ကမ္ဘာသို့ ပြောပြရန်နှင့် ထောက်ပံ့ ကူညီမှုများ ရရှိရန် အတွက် ပေါ်ထွက်လာနေပြီ ဖြစ်သည်။

အိန္ဒိယ နယ်စပ် အနီး နိုင်ငံ၏ အနောက်ဖက် တောင်တန်းဒေသတွင် အများဆုံး နေထိုင်ကြသော လူဦးရေ ၁.၅ သန်းခန့် ရှိသည့် ချင်းတိုင်းရင်းသားများသည် မြန်မာနိုင်ငံတွင် မတရား ဆက်ဆံခြင်း ခံရသော တိုင်းရင်းသားများ အနက်မှ လူမျိုးစုတစ်စု ဖြစ်သည်။ ယခုအချိန်အထိ ၎င်းတို့ ကြုံတွေ့နေရသော ခက်ခဲ ကြမ်းတမ်းမှုကို ကမ္ဘာက အနည်းငယ်သာ သိရှိကြသည်။

Tropic of Cancer အခန်းဆက် ရုပ်သံ အစီအစဉ်ကို ရိုက်ကူးနေသည့် တင်ဆက်သူ Simon Reeve နှင့် BBC ရိုက်ကူးရေး အဖွဲ့သား ၂ ဦးသည် အဆိုပါ ဒေသသို့ သွားရောက်ရန် စီစဉ်ခဲ့သည်။

ချင်းပြည်နယ်တွင် အခြေစိုက်စခန်း ၅၀ ပတ်ဝန်းကျင် ရှိသော မြန်မာ စစ်တပ်၏ လက်တွင်း ဖမ်းဆီး ထိန်းသိမ်းခြင်း ခံရနိုင်သည့် အန္တရာယ်များ ကြားမှ ၎င်းတို့အဖွဲ့သည် ဝေးလံလှသော တောင်ပေါ်ရွာသို့ တောတွင်း ခြေလျင်ခရီးနှင် ခဲ့ကြသည်။

"ဒီခရီးက သာမန် မဟုတ်ဘဲ ထူးခြားပါတယ်။ မြန်မာ စစ်တပ် လက်ထဲမှာ သူတို့ ခံစားနေရတဲ့ ကြောက်စရာ လူ့အခွင့်အရေး ဆုံးရှုံးမှု အချက်အလက်တွေကို ရွာသားတွေက ကျွန်တော့်ကို ပေးခဲ့ကြတယ်" ဟု Reeve က ဆိုသည်။

အဆိုပါ အဖြစ်အပျက်များကို အတည်ပြုနိုင်ရန် အမေရိကန် အဖွဲ့အစည်း Human Rights Watch က လတ်တလော သုတေသနပြု လေ့လာနေသည်။

အိမ်နီးချင်း အိန္ဒိယနိုင်ငံတွင်းမှ ချင်းလူမျိုး ဒုက္ခသည်များကို တွေ့ဆုံ မေးမြန်းခဲ့ပြီးနောက် ထုတ်ပြန်သော အစီရင်ခံစာတွင် မြန်မာ အစိုးရ၏ ချင်းလူမျိုးများနှင့် တိုင်းရင်းသားများ အပေါ် ဖိနှိပ် အုပ်ချုပ်ရေး မူဝါဒ တစိတ်တပိုင်း အဖြစ် အဓမ္မ ခိုင်းစေမှုများ၊ နှိပ်စက် ညှင်းပမ်းမှုများ၊ မုဒိန်းမှုများ။ မတရားဖမ်းဆီးမှုများ၊ ဥပဒေမဲ့ သတ်ဖြတ်မှုများကို ချင်းလူမျိုးတို့ ကြုံတွေ့ ခံစားနေရသည်ဟု ဖော်ပြထားသည်။

BBC အဖွဲ့အား မြန်မာနိုင်ငံတွင်းသို့ ချင်း လူ့အခွင့်အရေး လှုပ်ရှားသူ ချီရီဇာဟောက်က ခေါင်းဆောင် သွားခဲ့ခြင်း ဖြစ်သည်။

မြန်မာ စစ်တပ်က အလိုရှိသည့် စာရင်းတွင် ပါဝင်နေသည့် ကြားမှ ချင်းအမျိုးသမီး ချီရီဇာဟောက်သည် အခြားသော အနောက် မီဒီယာ အဖွဲ့များ နည်းတူ မြန်မာနိုင်ငံတွင်း ဝင်ရောက်မှုကို တားဆီးခံထားရသော BBC အဖွဲ့နှင့် အလုပ်လုပ်ခြင်း ဟူသော အန္တရာယ်ရှိမှုကြောင့် ထွက်ပြေးရန် ပြင်ဆင်ထားသည်။

"တကယ်လို့ ကျွန်မတို့က မပြောဘူး ဆိုရင်ပေါ့။ စစ်အစိုးရ လက်အောက်မှာ ဖိနှိပ်ခံနေရတဲ့ ပြည်သူတွေရဲ့ အဖြစ်အပျက်တွေကို ကျွန်မတို့က မပြောပြခဲ့ဘူးဆိုရင် ဒီမှာ ဘာတွေ ဖြစ်နေလဲဆိုတာကို ဘယ်သူမှ သိမှာ မဟုတ်ဘူး။ သူတို့ မသိဘူးဆိုရင် သူတို့ ဘာမှလည်း လုပ်ပေးမှာ မဟုတ်တော့ဘူးပေါ့" ဟု သူမက ပြောကြားခဲ့သည်။

ခရစ်ယာန် ဘာသာကို ဖိနှိပ်ခြင်း

ချင်းလူမျိုးများမှာ အဓိကအားဖြင့် ခရစ်ယာန်များ ဖြစ်ပြီး ဒုတိယ ကမ္ဘာစစ်အပြီး လွတ်လပ်ရေး မရမီ ဗြိတိသျှတို့ ထိုနယ်မြေကို အုပ်ချုပ်ခဲ့စဉ်က ပြောင်းလဲ ကိုးကွယ်ခဲ့ခြင်း ဖြစ်သည်။

ချင်းလူမျိုးတို့ အပေါ် ဖိနှိပ်မှုများမှာ မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သော ၁၉၆၀ များကတည်းက ရှိခဲ့ခြင်း ဖြစ်သည်။

အမေရိကန် နိုင်ငံခြားရေးဌာန၏ အဆိုအရ မြန်မာစစ်တပ်နှင့် အာဏာပိုင်များသည် ချင်းလူမျိုးများအား ခရစ်ယာန်ဘာသာမှ ဗုဒ္ဓဘာသာသို့ ပြောင်းလဲ ကိုးကွယ်ရန် အတင်းအကြပ် ကြိုးစားခဲ့ကြသည်ဟု သိရသည်။

မြန်မာစစ်တပ်သည် ခရစ်ယာန် ဘုရားကျောင်းများကိုလည်း ဖျက်ဆီးခဲ့ကြပြီး ချင်းခရစ်ယာန် ဘုန်းတော်ကြီးများကိုပင် ဖမ်းဆီး သတ်ဖြတ်မှုများ ရှိသောကြောင့် ယခုအခါ ခရစ်ယာန် ဘုန်းကြီးများမှာ တိတ်တဆိတ် လှုပ်ရှားကြရသည်ဟု ဆိုသည်။

ချင်းလူမျိုးများမှာ ယာယီ စားနပ် ရိက္ခာ မလုံလောက်မှုကိုလည်း ရင်ဆိုင် ကြုံတွေ့နေရသည်။

ချင်းပြည်နယ်၏ စားနပ်ရိက္ခာ သုံးစွဲမှုမှာ မြန်မာနိုင်ငံတွင် အနိမ့်ဆုံး ဖြစ်သည်ဟု ကုလသမဂ္ဂ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် WFP က ယုံကြည်နေသည်။ ချင်းပြည်နယ်မှ သီးနှံများကို အကုန် ဖျက်ဆီးပစ်ခဲ့သော ကြွက်အုပ်ကြီးများကြောင့် လက်ရှိနှစ်များ အတွင်း စားနပ်ရိက္ခာ မလုံလောက်မှုမှာ ပိုမို ဆိုးဝါးလာသည်။

ခရစ်ယာန် NGO အဖွဲ့ Free Burma Rangers သည် ကျန်းမာရေး စောင့်ရှောက် ကူညီမှု ပေးနေသော အဖွဲ့အစည်းငယ်များ အနက်မှ တစ်ဖွဲ့ ဖြစ်သည်။

ဝေးလံလှသော ကျေးရွာများသို့ အခြေခံ ဆေးဝါးနှင့် ဆေးပစ္စည်းများ သယ်ယူ ဝန်ဆောင်မှု ပေးမည့် ဒေသခံ စေတနာ့ ဝန်ထမ်းများကို ၎င်းတို့က လေ့ကျင့် သင်တန်းပေးနေသည်။ မြန်မာ စစ်တပ် ကင်းလှည့်အဖွဲ့များ လက်မှ လွတ်အောင် ပြေးရသော အန္တရာယ်မှာမူ အမြဲ ရှိနေသည်။ "ကျွန်တော်တို့ကို သူတို့ မိသွားရင် သတ်မှာ" ဟု စေတနာ့ ဝန်ထမ်း တစ်ဦးက ပြောကြားသည်။

အိမ်နီးချင်း အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ် အတွင်းမှ ချင်းဒုက္ခသည်များမှာမူ အိန္ဒိယ အာဏာပိုင်များနှင့် ကယ်ဆယ်ရေး အေဂျင်စီများထံမှ အကူအညီ အနည်းငယ် လက်ခံ ရရှိသည်ဟု ဆိုသည်။ သို့ရာတွင် ၎င်းတို့မှာ ခွဲခြား ဆက်ဆံမှုနှင့် ရန်ပြုခံရမှုတို့ကို ရင်ဆိုင်နေရပြီး မြန်မာနိုင်ငံတွင်းသို့ မကြာခဏ အတင်းအကြပ် ပြန်ပို့ခြင်း ခံရသည်ဟု သိရှိရသည်။

ချင်းလူမျိုးတို့မှာ မြန်မာနိုင်ငံတွင် လုံခြုံမှု မရှိသလို အိန္ဒိယနိုင်ငံထဲတွင်လည်း အကာအကွယ်မဲ့ နေသော်လည်း ဤသို့ပင် ဖြစ်ရလိမ့်မည်။ အကြောင်းမှာ အဆိုပါ လူ့အခွင့်အရေး ဆုံးရှုံးမှုများသည် ဒေလီနှင့် နေပြည်တော်တို့မှ ဝေးကွာသော အရပ်တွင် ဖြစ်ပွားနေခြင်းကြောင့် ဖြစ်ပြီး ချင်းလူမျိုးတို့ "အမွေလျော့ခံ" များ အဖြစ် ဆက်ရှိနေသင့်သည်ဟု ဆိုလိုခြင်း မဟုတ်ပါကြောင်း Human Rights Watch ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ တောင်ပိုင်းနှင့် အရှေ့ပိုင်းမှ အိမ်နီးချင်း ထိုင်းနိုင်ငံတွင်းသို့ ထွက်ပြေးနိုင်ခဲ့ကြသော အခြား အဖိနှိပ်မခံ မြန်မာ တိုင်းရင်းသား ဒုက္ခသည်များမှာမူ နိုင်ငံတကာ အကူအညီနှင့် အထောက်အပံ့များကို လက်ခံ ရရှိကြသည်။

ချင်းလူမျိုးများနှင့် အိန္ဒိယနိုင်ငံတွင်း ရောက်ရှိနေသော ချင်းဒုက္ခသည်များအား ကောင်းမွန်စွာ ပြုမူ ဆက်ဆံကြရန် အတွက် Human Rights Watch က တောင်းဆိုထားသည်။

မြန်မာ စစ်ဖက် အုပ်ချုပ်သူများက ယခုနှစ် အတွင်း ရွေးကောက်ပွဲ ကျင်းပရန် ရည်ရွယ်ထားသော်လည်း အတိုက်အခံ ခေါင်းဆောင် အများစုမှာ ပါဝင်ခွင့် မရဘဲ တားဆီး ပိတ်ပင်ခံနေရသည်။

အထင်ရှား၊ အကျော်ကြားဆုံးသူမှာ ၁၉၉၀ ရွေးကောက်ပွဲတွင် ပြည်လုံးကျွတ် အနိုင်ရရှိခဲ့သော NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်။

ထိုစဉ်က ရလဒ်များကို လက်ခံရန် အစိုးရက ငြင်းပယ်ခဲ့ပြီး သူမအား အနှစ် ၂၀ နီးပါး ထိန်းသိမ်းထားခဲ့သည်။ သူမ၏ NLD ပါတီက လာမည့် ရွေးကောက်ပွဲကို သပိတ်မှောက်မည်ဟု ပြောကြားထားသည်။

ချင်းလူမျိုးများ ကဲ့သို့သော တိုင်းရင်းသား လူမျိုးများမှာ မြန်မာ စစ်တပ်၏ လက်ထဲတွင် ပိုမို ဖိနှိပ် ရက်စက်မှုကို ရင်ဆိုင်နေရသည်ဟု Amnesty International က သတိပေးထားသည်။

တိုင်းရင်းသား လူမျိုးစုများ အပေါ် ဖိနှိပ် အုပ်ချုပ်နေသည် ဆိုသော အချက်ကို မြန်မာ အစိုးရက ယခင်ကတည်းက ငြင်းဆိုနေခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment